Featured Posts
-
ပတ္တမြားမြေသို့..
မပြန်တာကြာပြီဖြစ်သော ကျွန်တော့် ဇာတိမြေသို့ ပြီးခဲ့သည့်လက ကျွန်တော်အပြန်ရောက်ခဲ့ပါသည်။ ကျွန်တော့် ညီဝမ်းကွဲ ရှင်ပြုအတွက် ရန်ကုန်မှ မိသားစုဝင်များ ကိုယ်စား တက်ရောက်ပေးခြင်းဖြစ်ပါသည်။ အမှန်အတိုင်းပြောရလျှင် ကျွန်တော် မိုးကုတ်သို့ မပြန်ဖြစ်ခဲ့သည်မှာ တော်တော်ကြာနေပါပြီ။.
-
ကျောက်စီပန်းချီလုပ်ငန်း
စိုင်းစိုင်းလုပ်ခဲ့တာတွေက ခရစ်စမတ်ပုံတူကားလေးတွေ၊ နောက် ကာတွန်းပုံလေးတွေ၊ ပြီးတော့ မြန်မာ့ရိုးရာပုံလေးတွေပေါ့ ကိန္နရီ ကိန္နရာ မောင်နှံပုံလေးတွေ၊ နောက် တခြားပုံလေးတွေ တော်တော်များများလုပ်ခဲ့ဖူးတယ်။ ကျောက်ပန်းချီစီရတာ တော်တော် လက်ဝင်ပါတယ်။ ပထမ ကိုယ်ပုံတူဆွဲမယ့် ပန်းချီကားကို မိတ္တူဆွဲရတယ်၊ မိတ္တူဆွဲလို့အဆင်မပြေတဲ့ပုံတွေကိုဆို ဆရာက စက္ကူပါးလေးနဲ့ ကောက်ကြောင်းဆွဲပေးတယ်။ အဲ့ဒီ ကောက်ကြောင်းပုံ ဒါမှမဟုတ် မိတ္တူပုံကိုမှ ကျောက်ပန်းချီစီမယ့် ဘုတ်ပြားပေါ်ကို မင်ခံစက္ကူနဲ့ ထပ်ပြီး ကောက်ကြောင်းလိုက်ရတယ်။ ကောက်ကြောင်းတွေ စုံပြီဆိုရင်တော့ အဲ့ဒီကောက်ကြောင်းတွေကို မှတ်မီးလိုင်း လိုက်ဆွဲရပါတယ်။ (မှတ်မီးဆိုတာ မဟူရာကျောက်ပါ၊ အဲ့ဒီ မဟူရာကျောက်ကို အရွယ်စုံ ရအောင် ထောင်းပြီး အမှုန့်ချရပါတယ်။ တခြား ကျောက်တွေကိုလည်း အရိုင်းသုံးသင့် အရိုင်း ၊ ထောင်းသင့်ထောင်း၊ သွေးသင့် သွေး အဲ့ဒီလုပ်ရပါတယ် )
-
တို့မေမေ
အမေ့အသက်လောက် ဘယ်ဟာက အဖိုးထိုက်တန်စရာရှိမှာလဲ။ဒါတွေကို ရောင်းချပြီး အမေ့ကို ဆေးကုခဲ့ရတာတွေအတွက် စိတ်မကောင်းဖြစ်စရာမရှိပါဘူး။သူငယ်ချင်းတွေက မေးကြတယ်။နင့်နာမည် ၀ိုင်းချစ် ဆိုတာ M.I.T ရောက်မှ ဒီနာမည်တွင်တာလားတဲ့။
-
ရှမ်းပြည်နယ်နေ့ ပွဲ (ရန်ကုန်)
ရှမ်းပြည်နယ်နေ့ ဆိုတာက ရှမ်း လူမျိုး တစ်မျိုးတည်းပဲ သက်ဆိုင်တာမဟုတ်ပါဘူး။ ရှမ်းပြည်နယ်မှာ နေထိုင်ကြတဲ့ ရှမ်း၊ ပလောင်၊ ပအိုးဝ်၊ ဓနု၊ လားဟူ စတဲ့ ရှမ်းပြည်ဖွား တိုင်းရင်းသား အားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ရှမ်းနှစ်ကူးနေ့နဲ့ မတူညီတာက တိုင်းရင်းသားမျိုးစုံကို မြင်တွေ့ရတာပါ။ တိုင်းရင်းသားမျိုးစုံရဲ့ ယဉ်ကျေးမှု၊ အဆို၊ အက၊ အလှတွေကို မြင်တွေ့ခံစားရမယ့် ပွဲတစ်ပွဲပေါ့ဗျာ။
2 May 2012
ချစ်သူ့မွေးနေ့
27 April 2012
နောက်တစ်ကြိမ် ထပ်ပြီး
မြန်မာ့ဆက်သွယ်ရေးကနေပြီးတော့ GSM ဖုန်းတွေကို ပြီးခဲ့တဲ့လ နှောင်းပိုင်းလောက်ကစပြီး ချပေးခဲ့ပါတယ်။ နယ်တွေက အရင်စရောင်းပြီးတော့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေကို ဒီ ဧပရယ်လ ၉ ရက်နေ့လောက်ကမှ စပြီး ရောင်းချခွင့်ပေးခဲ့တာပါ။
နယ်တွေမှာ စရောင်းတော့ စိုင်းစိုင်းကလဲ နယ်ရောက်နေခဲ့တာ။ တိတိကျကျပြောရရင်တော့ မိုးကုတ်မှာပေါ့။ မိုးကုတ်မှာ စစရောင်းတော့ ရောင်းရပါ့မလားလို့ စိုင်းစိုင်း တွေးနေမိတယ်။ ဒါပေမယ့် စရောင်းတဲ့နေမှာ လူတွေ လူတွေ ဖုန်းဆိုင်တွေမှာ ကြိတ်ကြိတ်တိုးလို့။ နှစ်သိန်းအတိနဲ့ ရောင်းပေးတဲ့ဆိုင်ရှိသလို ဝန်ဆောင်ခ ငါးထောင် တစ်သောင်းလောက် တင်ပြီး ရောင်းတဲ့ဆိုင်လဲ ရှိတာပေါ့။ အော် ပထမနေ့မို့ လူတွေ ဝယ်ကြတာနေမှာပါလေ
နောက်နေ့ဆို ဝယ်တဲ့လူပါးသွားမှာပါ ဆိုပြီး ထင်နေခဲ့ပေမယ့် နောက်နေ့တွေမှာလည်း ဆိုင်တွေမှာ လူတွေ များမြဲများနေဆဲပါပဲ။ နှစ်သိန်းတန် GSM မိုးကုတ်မှာ ပန်းပန်သွားပါတယ်ပေါ့။
ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်လာတယ်။ ဧပရယ်လ ပထမပတ်မှာ မရောင်းသေးဘူး။ ဒါပေမယ့် သူငယ်ချင်းက သူ့သူငယ်ချင်းအတွက် သူဝယ်ပေးမလို့တဲ့။ Handset ပါလိုက်ကြည့်ပေးပါဆိုပြီး စိုင်းစိုင်းကိုခေါ်တယ်။ အဲ့ဒါနဲ့ ဖုန်းဆိုင်တစ်ဆိုင်ရောက်သွားတယ်။ နာမည်ကြီးပါပဲ။ ကတ်တွေ ရနေပြီတဲ့။ နှစ်သိန်းအတိနဲ့။ နံပါတ်ရွေးရင် တစ်သောင်းအပိုထပ်ဆောင်းပေးရမယ်တဲ့။ ဒီနေ့တော့ ကတ်ကုန်သွားပြီတဲ့။ ဟင် လိုင်းတွေက ပွင့်နေပြီလား။ အဲ့ဒီလိုဆိုကျတော့ မပွင့်သေးပါဘူးတဲ့။ ကိုးရက်နေ့နောက်ပိုင်းမှ ပွင့်မှာပါတဲ့။ ထားပါတော့ မဝယ်မဖြစ်တဲ့ လူတွေ ဝယ်ကြရမှာပေါ့လေ။ ငါးထောင်တန်ဖုန်းကိစ္စကြားထားတာပဲ လူတွေက အရောင်းမသွက်လောက်ဘူး ထင်တယ်နော့။
ဒီလိုနဲ့ ၉ ရက်နေ့ကို ရောက်လာခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက် မက်ဆေ့ခ်ျပို့လာတယ်။ မနက် မိုးတောင် လင်းခါစလေးပဲ ရှိသေးတယ်။ ၆ နာရီလောက်ဖြစ်မယ်။ ဖုန်းနံပါတ် ဘယ်လောက် ဘယ်လောက် ဘယ်ဈေးနဲ့ရမယ်။ ဒီနံပါတ်က ဒီဈေး ဒီနံပါတ်က ဒီဈေး။ ဘာ. ဒီကောင် လာနောက်နေတာလား။ နှစ်သိန်း အတိနဲ့ပဲ ရောင်းရမယ်လို့ ကြေငြာချက်ထုတ်ထားပြီးကာမှ ဘာလို့ ဈေးတွေက ဒီလောက်တောင် ကွာဟနေတာလဲ။ စိတ်ပေါက်ပေါက်နဲ့ စာပြန်လိုက်တယ်။ မင်းဖုန်းကတ်တွေက ဈေးကြီးနေတယ်။ တခြားနေရာမှာတောင် နှစ်သိန်းနဲ့ပဲရောင်းနေတာ။ ချက်ချင်းစာပြန်လာတယ်။ ဈေးကွက်ထဲ တစ်ပတ် ပြန်လှည့်ကြည့်လိုက်ဦးတဲ့။
အဟုတ်ပါပဲ။ ဘယ်ဆိုင်ကို ဆက်ဆက် အကို ကတ်ကုန်နေပါတယ်။
ပေါက်ဈေးကတော့ ဒီလောက်ပါရှင်။ ကျေးဇူးတင်ပါတယ်ရှင်။ ဘာတွေဖြစ်ကုန်ပြီလဲ။ မကျေနပ်သေးဘူး။
ပင်ရင်းဖြန့်ချိရေးတွေနဲ့ အကျိုးတူဆိုင်တွေကို သွားမယ်။ တန်းစီရမယ်။ အကို ဖြန့်ဈေးက ဒီလောက်ပါ။ သင်္ကြန်ပြီးရင်တော့ ဈေးနည်းနည်းကျနိုင်ပါတယ်။ စောင့်နိုင်ရင်တော့ စောင့်ပေါ့အကိုရယ်။ ကျွန်တော် နည်းနည်း တင်းသွားတယ်။ ဈေးကလဲ မတန်တဆ။ အဲ့ဒီအပေါ်မှာတောင် သတ်မှတ်ဈေးထက်ကျော်ပြီး
အရောင်းအဝယ်လုပ်နေရတယ်။. ဘာလဲဒါက။
မကြာပါဘူး။ ပြဿနာတွေ စပါတယ်။ လိုင်းတွေကျပ်တာ။ ခေါ်မရတာ။ ဘေလ်တွေ ပျောက်ကုန်တာ။ ဒါက ပုံပြင်မဟုတ်ပါဘူး တကယ့်အဖြစ်အပျက်ပါ။ ဘေလ်ပျောက်ကုန်တာကတော့ အဆိုးဆုံးအဖြစ်အပျက်ပေါ့။
၂၃ ရက်နေ့ကတော့ WCDMA စရောင်းပါတယ်။ သူ့ကို မရောင်းခင်ကလည်း သတင်းတွေ အမျိုးမျိုးထွက်။ အင်တာနက်စနစ် တစ်ခါတည်းပါမယ်။ မပါဘူး။ GSM စနစ်ကို အင်တာနက်မပေးဘူးတဲ့။ WCDMA ကိုပဲ ပေးမှာတဲ့။ လိုင်းကလဲ ပိုကောင်းတယ်တဲ့။ ဘာလို့လိုင်းပိုကောင်းတာလဲ။ ကတ်ပိုကောင်းလို့တဲ့။
ဈေးကလဲ ငါးသောင်းပိုပါတယ်း နှစ်သိန်းခွဲပေါ့။ ထွက်လာတော့လဲ ဒီတိုင်းပါပဲ။ ဘာစနစ်မှ မပါပါဘူး။
စစရောင်းတဲ့ ၂၃ ရက်နေ့က ပင်ရင်းဆိုင်တွေမှာဆိုရင် တန်းစီပြီး ဝယ်ကြရပါတယ်။ အဲ့ဒီမှာလဲ ချစ်စရာ့ မြန်မာ့စရိုက်လေးတွေကို တွေ့ရပါတယ်။ ရန်ဖြစ်ကြတာပေါ့။ ဒီနေရာ ငါအရင်ဝင်တာ ငါရောက်တာ။ ဘာညာနဲ့ပေါ့။ တန်းစီရင်း တန်းစီရင်းနဲ့ နောက်ဆုံးကျတော့ ကတ်ကုန်သွားပါလေရောလား။ မရတဲ့လူတွေက စိတ်တွေဆိုး။ အင်း.. တုံကင်လေးတွေတော့ ပေးတယ်နဲ့ တူပါရဲ့။ နောက်နေ့ပြန်လာတန်းစီဖို့။
အမယ် သူတို့ရောင်းတဲ့စနစ်ကလဲ အမိုက်သားကလား။ ဟန်းဆက်ပါ တစ်ခါတည်း တွဲဝယ်မယ်ဆိုရင်ဖြင့် တန်းစီစရာမလိုဘူးတဲ့ခင်ဗျား။ VIP တန်းဖြစ်သွားပါလေရောလား။ ဟန်းဆက်လေးနဲ့ ဖုန်းကတ်လေးနဲ့ ကြော့ကြော့မော့မော့ ပြန်ထွက်လာလိုက်ရုံပဲ။ မိုက်တယ်ဟုတ်။ ဟန်းဆက်မဝယ်ဘူးဆိုရင် တန်းစီပေရော့ တမေ့တမော့။ သိတယ်ဟုတ်။ ခုရက်ပိုင်းက သိပ်ပူနေတာနဲ့။ တန်းစီနေရင်း မူးလဲသွားတဲ့သူ မရှိလို့တော်သေးတာပေါ့။
ကဲ ရှေ့လာမယ့်လထဲမှာတော့ အရင်တုန်းက ၁၅ သိန်းဖုန်းတွေကို ကြိုတင်ငွေဖြည့်ကတ်စနစ်ပြောင်းမယ်။
နောက် နယ်က ဖုန်းတွေကိုလဲ ရန်ကုန်၊ မန္တလေးစတဲ့ မြို့တွေကို ယူလာပြီး သုံးလို့ရပြီ။ ( ရွှေဥာဏ်တော် စူးပုံ ပြောပါတယ်။ မတ်လ အစောပိုင်းက ချပေးခဲ့တဲ့ ဖုန်းတွေက တခြား နယ်ကို ယူပြီးသုံးလို့ မရပါဘူး။ ကိုယ့်ဒေသတွင်းမှာပဲ သယ်ယူပြောဆိုလို့ရပါတယ်။ ဥပမာ မိုးကုတ်ဖုန်းက မိုးကုတ်မှာပဲ သုံးလို့ရပါတယ်။ မန္တလေးကို ယူလာပြီးသုံးလို့မရသေးပါဘူး။ သူတို့ပြောတာကတော့ သတ်မှတ်ထားတဲ့ ဖုန်းတွေ တစ်နေရာတည်းမှာပဲ စုပြုံ ရောက်မလာအောင်လို့ပေါ့။ ဒါပေမယ့် သိတယ်ဟုတ် ဒါက Stupid Reason ပါ။ ဒါပေမယ့် ခုတော့ သယ်ယူပြီး ပြောလို့ ရတော့မယ်ပေါ့။ ကောင်းပါတယ် )
ဒါပေမယ့် ကျွန်တော်ပြောချင်တာ တစ်ခုက ဖုန်းဆင်းမ်ကတ်ဆိုတာက ထုတ်ရ အဲ့လောက်မခက်ပါဘူး။ သူတို့မှာ အချိန်တွေ အများကြီး ရှိပါတယ်။ ဒီဖုန်းကတ်တွေကို activate လုပ်ထားဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ပထမနှစ် စီမံကိန်းအနေနဲ့ လေးသန်း ချထားပေးဖို့ စီမံထားတယ်။ ရောင်းချင်တာ ငမ်းငမ်းကိုတက်လို့၊ ဒါပေမယ့် ချထားပေးတော့ ကုန်သွားတယ်တဲ့။ အဓိပ္ပါယ်မရှိဘူးလို့ ခံစားရတယ်။ ဈေး မတက် တက်အောင် လုပ်ကြတာကိုပြောပါတယ်။ ဒါက မြန်မာ့ ဆက်သွယ်ရေးရဲ့ အပြစ်မဟုတ်တော့ဘူး။ ကြားက စီးပွားရေးသမားတွေ ကိုယ်စားလှယ်တွေဖြစ်သွားပြီ။
ဆိုင်လေးတွေဆီက ရတဲ့သတင်းကလဲ သိပ်တော့မကောင်းပါဘူး။ မြန်မာ့ဆက်သွယ်ရေးက ငါမသိတာ မရှိတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်က သူ့တို့ဆိုင်တွေကို ဈေးတက်ရဲရင် တက်ကြည့် အရေးယူမယ်လို့ ကြိမ်း သတဲ့။ အဲ့ဒါနဲ့ သူလဲ မရောင်းတော့ဘူးတဲ့။ သူတို့ဆိုင်လေးတွေ ကတ်ယူရတဲ့ပုံစံက ဒီလိုပါတဲ့။ ကတ် တစ်ရာ ယူရင် အမြတ် ရာခိုင်နှုန်းခွဲပေးမယ်ပေါ့။ ကတ်တစ်ရာမပြည့်ရင် တစ်ပြားမှ မရပါတဲ့။ ကတ်တစ်ရာက သိန်းနှစ်ရာ။ သိန်းနှစ်ရာ ရင်းပြီး ကုန်မကုန် အာမ ဘယ်သူခံပေးမလဲ။ ဖုန်းဆိုင်တွေ ဒီလောက် ပွထနေတာ။ အဲ့ဒီလို မလုပ်ရင် အမြတ်ခွဲမပေးဘူးဆိုတော့ သူတို့လဲ ဈေးတင်ပြီး ရောင်းရတော့တာပေါ့။ ဒါပေမယ့် သင်္ကြန် မတိုင်ခင်တုန်းကတော့ ပင်ရင်းဆိုင်တွေမှာကို ဈေးတက်ခဲ့တာကတော့ တော်တော့်ကို အရုပ်ဆိုးပါတယ်။ မြန်မာ့ဆက်သွယ်ရေးကပဲ ကတ်တွေကို လုံလောက်အောင် ထုတ်မပေးခဲ့တာလား။ လူတွေကပဲ ဥ ထားခဲ့တာလား တွေးစရာပါ။
အခုတစ်မျိုးလုပ်ပြန်ပြီ။ နှစ်သိန်းခွဲနဲ့ရောင်းနေတဲ့ WCDMA က အင်တာနက်လိုင်းတစ်ခါတည်း ပါမယ်ဆိုပြီး မပါခဲ့ပါဘူး။ အမှန်အတိုင်းပြောရရင် WCDMA ဆိုတာ လိုင်းပိုကောင်းတယ်ဆိုတာကလဲ မဟုတ်ရပါဘူး။ WCDMA က frequency 2100MHz သုံးထားတဲ့အတွက် ရိုးရိုး GSM ထက်စာရင် ဧရိယာကျဉ်းပါတယ်။ အဲ့ဒီအတွက် နေရာတိုင်းမှာ 3G service မရနိုင်ပါဘူး။ သူသတ်မှတ်ဧရိယာ ကျော်သွားရင် ရိုးရိုး GSM အတိုင်းပဲ ပြန်ဖြစ်သွားမှာပါ။ အဲ့ဒီအတွက် ပိုကောင်းတယ်ဆိုတာ မဟုတ်ပါဘူး။ မှားပါတယ်။ နောက်ပြီးတော့ GSM တွေက ဟန်းဆက်အမြင့်မှာ သုံးခဲ့မယ်ဆိုရင်ပေါ့လေ.. network mode ကို ရွေးလို့ရပါတယ်။ Dual Mode မှာထားပေးမယ်ဆိုရင် 3G service ရတဲ့နေရာတွေမှာ 3G service ကို သုံးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကတ်ကလည်း service လျှောက်ထားရမှာပေါ့။ အဲ့ဒီအခါမှာ 3G ကို သုံးလို့ရပါတယ်။ အဲ့ဒါကြောင့် GSM နဲ့ WCDMA က အပြန်အလှန် အသုံးပြုလို့ရတယ်ပေါ့ဗျာ။ အဲ့ဒီအတွက် WCDMA က ပိုကောင်းတယ်ဆိုတာ မဟုတ်ပါဘူး။ တစ်ခုတော့ ရှိတာပေါ့လေ။ သူတို့က ညစ်ပတ်ပေတူးပြီး အင်တာနက်လိုင်းကို WCDMA မှာပဲပေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။
တကယ်လို့ စာဖတ်သူမိတ်ဆွေ ဒါမှမဟုတ် မိတ်ဆွေရဲ့ အသိသူငယ်ချင်းတွေများ ဖုန်းဝယ်ဖို့ စိတ်ကူးတယ်ပေါ့ဗျာ။ မဖြစ်မနေ ဝယ်ရတော့မယ်။ ဒါပေမယ့် စကားပြောရုံသီးသန့်ပဲ သုံးမယ်ဆိုရင် GSM ပဲဝယ်လိုက်ပါ။ WCDMA အတွက်နဲ့ ငါးသောင်းအပိုအကုန်မခံပါနဲ့။ ပြီးတော့ MPT ရဲ့ထုံးစံအရ ငွေရရင် ဘာမဆို လုပ်မှာ ဖြစ်တဲ့အတွက်ကြောင့် နောက်ပိုင်း ငွေလိုလာတဲ့အခါကျရင် GSM တွေကိုလဲ အင်တာနက် ဖွင့်ပေးမှာပါ။ အဲ့ဒါသေချာပါတယ်။ သူတို့တွေ လုပ်နေကျပဲလေ။
ငါးထောင်တန်ဖုန်းကိစ္စကို ဒေါက်တာမြတ်ဥာဏစိုး လွှတ်တော်မှာ မေးသွားတော့လည်း ဝေ့လည်
ကြောင်ပတ်နဲ့ ဖြေသွားတဲ့မေးခွန်းတွေက စိတ်ဆိုးချင်စရာပါပဲ။ ငါးထောင်တန်ရယ်လို့မှ မဟုတ်ဘူး။ သင့်တင့်တဲ့ တန်ဖိုးနဲ့ လူတိုင်း လူတိုင်းကိုင်နိုင်ဖို့ လိုတယ်လေ။ဖုန်းလိုင်းတွေကလဲ အခုရက်ပိုင်း ပိုပို ဆိုးလာပါတယ်။ ဟိုဘက်က ခေါ်ရင် ဒီဘက်က ကိုင်လိုက်တဲ့အခါမှာ ကျသွားတယ်။ ဒါပေမယ့် call duration ကို ကြည့်လိုက် မိနစ်ပိုင်း ဒါမှ မဟုတ် စက္ကန့်ပိုင်းလောက် ဝင်နေပြီ။ ဒါပေမယ့် ဟိုဘက်ကလူက call tone ကို လုံးဝ မကြားရဘူး။ call ဝင်လို့ဝင်မှန်းလဲ မသိဘူး။ နောက် ဖုန်းတွေ ပြောနေရင်းပြုတ်ပြုတ်ကျတယ်။ အရင်ကလဲ ဖြစ်နေကျဆိုပေမယ့် အခုပိုဆိုးလာတယ်။ အခု နယ်ကဖုန်းတွေပါ သယ်လို့ရတော့မယ်ဆို ပိုဆိုးလာဖို့ ကိန်းမြင်တယ်။
အားလုံးကို ပိုက်ဆံမကုန်စေချင်တဲ့
စိုင်းစိုင်း
24 April 2012
ကျောက်စီပန်းချီ Gems Art
စိုင်းစိုင်းကို ကျောက်ပန်းချီသင်ပေးခဲ့တဲ့ ဆရာကတော့ အခုထိ လုပ်နေတုန်းပါပဲ။ အခုချိန်မှာ မိုးကုတ်မြို့မှာ အကြီးဆုံးလို့တောင် ပြောလို့ရမယ်ထင်တယ်။ ပြီးခဲ့တဲ့လ မိုးကုတ်ပြန်တော့ ဆရာ့ဆီကို အလည်ရောက်တုန်း သူတို့ ကျောက်ပန်းချီစီနေတဲ့ ပုံတွေ ရိုက်ဖြစ်ခဲ့ပါတယ်။
စိုင်းစိုင်းလုပ်ခဲ့တာတွေက ခရစ်စမတ်ပုံတူကားလေးတွေ၊ နောက် ကာတွန်းပုံလေးတွေ၊ ပြီးတော့ မြန်မာ့ရိုးရာပုံလေးတွေပေါ့ ကိန္နရီ ကိန္နရာ မောင်နှံပုံလေးတွေ၊ နောက် တခြားပုံလေးတွေ တော်တော်များများလုပ်ခဲ့ဖူးတယ်။ ကျောက်ပန်းချီစီရတာ တော်တော် လက်ဝင်ပါတယ်။ ပထမ ကိုယ်ပုံတူဆွဲမယ့် ပန်းချီကားကို မိတ္တူဆွဲရတယ်၊ မိတ္တူဆွဲလို့အဆင်မပြေတဲ့ပုံတွေကိုဆို ဆရာက စက္ကူပါးလေးနဲ့ ကောက်ကြောင်းဆွဲပေးတယ်။ အဲ့ဒီ ကောက်ကြောင်းပုံ ဒါမှမဟုတ် မိတ္တူပုံကိုမှ ကျောက်ပန်းချီစီမယ့် ဘုတ်ပြားပေါ်ကို မင်ခံစက္ကူနဲ့ ထပ်ပြီး ကောက်ကြောင်းလိုက်ရတယ်။ ကောက်ကြောင်းတွေ စုံပြီဆိုရင်တော့ အဲ့ဒီကောက်ကြောင်းတွေကို မှတ်မီးလိုင်း လိုက်ဆွဲရပါတယ်။ (မှတ်မီးဆိုတာ မဟူရာကျောက်ပါ၊ အဲ့ဒီ မဟူရာကျောက်ကို အရွယ်စုံ ရအောင် ထောင်းပြီး အမှုန့်ချရပါတယ်။ တခြား ကျောက်တွေကိုလည်း အရိုင်းသုံးသင့် အရိုင်း ၊ ထောင်းသင့်ထောင်း၊ သွေးသင့် သွေး အဲ့ဒီလုပ်ရပါတယ် )
မှတ်မီးလိုင်းဆွဲဖို့အတွက် မင်ခံလိုင်းတွေကို ကော်နဲ့လိုင်းဆွဲပြီး မှတ်မီး အပွင့်သေးသေးလေးတွေနဲ့ စီရပါတယ်။ အခုနောက်ပိုင်းမှာတော့ အမှုန့်တွေနဲ့ဆွဲပါတယ်။ သူက ပိုသပ်ရပ်ပြီး ပိုမြန်ပါတယ်။ အောက်မှာပြထားတဲ့ ပုံအတိုင်းပေါ့။
စိုင်းစိုင်းလုပ်ခဲ့တဲ့ ပန်းချီကားလေးတွေက ဖန်စီကားလေးတွေများတော့ သိပ်မပင်ပန်းခဲ့ပါဘူး။ ပျော်စရာကောင်းခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဖန်စီကားလေးတွေက သိပ်မဆွဲကြတော့ဘူးလို့ထင်တယ်။ ပုံတူပန်းချီတွေနဲ့ တခြား ရိုးရာပုံတွေကိုပဲ ပိုစီကြတယ်။ စိုင်းစိုင်းလုပ်ခဲ့တာက သုံးလလောက်ပဲဆိုတော့ သိပ်လဲ မတတ်ခဲ့ပါဘူး။ ပုံတူပန်းချီတွေ ဆွဲရလောက်အောင်လဲ သင်ဖို့အတွက် အချိန်မရခဲ့ပါဘူး။
ပုံတူပန်းချီကတော့ စီရတာ အချိန်ပိုကြာသလို ပိုလည်းလက်ဝင်ပါတယ်။ စိုင်းစိုင်းရောက်သွားတဲ့အချိန်တုန်းက ဆရာဆွဲနေတဲ့ ပန်းချီကားတွေကာ မြတ်စွာဘုရားပုံတော်တွေရယ် နောက် ဟိန္ဒူနတ်ဘုရားပုံတွေဆိုတာ သတိထားမိတယ်။
စိုင်းစိုင်းဆရာဆွဲတဲ့ ပန်းချီကားတွေက တခြားသူတွေယှဉ်ရင် ဈေးနည်းနည်းပိုတယ်လို့ သူငယ်ချင်းတွေက ပြောကြတယ်။ ဒါပေမယ့် ဆရာသုံးတဲ့ကျောက်တွေက တကယ့်သဘာဝကျောက်စစ်စစ်တွေပဲဆိုတာ သူတို့သိတဲ့အတွက် လက်ဆောင်ပေးဖို့ဆိုရင် ဒါမှမဟုတ် ပုံတူပန်းချီကားစီမယ်ဆိုရင် ဆရာ့ဆီပဲ လာကြတယ်လို့ဆိုပါတယ်။ ဟုတ်တော့ဟုတ်ပါတယ်။ ရန်ကုန်က တချို့ဆိုင်တွေမှာ ကျောက်စီပန်းချီကားတွေတွေ့ဖူးတယ်။ ကျောက်တွေရဲ့အရောင်က အရမ်းစိုနေလို့ အနီးကပ်ကြည့်မိတော့မှ ကျောက်တွေကို ဆေးဆိုးထားမှန်းသတိထားမိတယ်။ ဆေးဆိုးထားတဲ့ ကျောက်က ပိုလှတယ် ထင်ရပေမယ့် အတုအစစ်ခွဲတတ်တဲ့ သူတွေရဲ့ မျက်လုံးထဲမှာတော့ လှတယ်လို့ကို မထင်ဘူးဖြစ်နေတယ်။
22 April 2012
Whistle-Blower (ဝီစီမှုတ်သူတော့ မဟုတ်ပါ)
ဟို တလောက ရုပ်ရှင်ဇာတ်ကားတစ်ကား ကြည့်ဖြစ်တယ်။ Whistle-Blower တဲ့။ ၂၀၁၀ လောက်ကထွက်တာ။ ၁၉၉၈ - ၉၉ ခုနှစ်ပိုင်းက ဘော့စနီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ထားတာ လို့ဆိုပါတယ်။
အဓိကဇာတ်ဆောင်က Kathryn Bolkovac လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ မင်းသမီး Rachel Weisz က သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းသဘောအရ သူက UN ရဲ့ Contractor တစ်ခုဖြစ်တဲ့ DynCorp ဆိုတဲ့ အဖွဲ့အစည်းကနေတစ်ဆင့် ဘော့စနီးယားကို အလုပ်လုပ်ဖို့ရောက်လာပါတယ်။ သူ့ရဲ့အဓိက အလုပ်က လူကုန်ကူးမှုရယ် ပြည့်တန်ဆာလုပ်ငန်းတွေကို စုံစမ်းထောက်လှမ်းဖို့ ဖြစ်လာပါတယ်။
လူကုန်ကူးမှုတွေနောက်ကို လိုက်ရင်း လိုက်ရင်းနဲ့ သူတဖြည်းဖြည်း သိလာရတာက ဒီလုပ်ငန်းကြီးရဲ့ နောက်မှာ UN က လူတွေ ကိုယ်တိုင် ပါဝင်နေတယ်ဆိုတာပါပဲ။ သူသိလာတာတွေ တဖြည်းဖြည်း များလာတဲ့အခါမှာ ပထမအဆင့်အနေနဲ့ သူ့ကို အမေရိကားကို ပြန်ဖို့စီစဉ်တယ်။ သူလက်မခံတဲ့အခါမှာ သူ့ဆီကို ခြိမ်းခြောက်တဲ့ မက်ဆေ့ခ်ျတွေပို့တယ်။ ပြီးတော့ သူအမှုဖွင့်ဖို့ စီစဉ်ထားတဲ့ အဖြစ်အပျက်တွေကို ပိတ်ပစ်တယ်။ အခက်အခဲ မျိုးစုံတွေ့ကြုံရပါတယ်။
ဒီဇာတ်ကားထဲမှာ အမျိုးသမီးတစ်ယောက်ကနေ Kathryn ကိုပြောသွားတဲ့ စကားတစ်ခွန်းက
ငါတို့နိုင်ငံမှာ ရှိတဲ့ ယောက်ျားဦးရေ တစ်ဝက်လောက်ဟာ စစ်ပွဲကြီးထဲမှာ ပျောက်ဆုံးသွားခဲ့ရပြီ။ ဒီမိန်းကလေးတွေ ဒီကိုရောက်လာတယ်ဆိုတာ ဘယ်သူတွေအတွက်ဖြစ်မယ်လို့ မင်းထင်သလဲ တဲ့။
ဘော့စနီးယားဆိုတာက အခုချိန်ထိ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အထိန်းအကွပ်အောက်မှာ ရှိနေရတုန်း။ အဲ့ဒီအဖြစ်အပျက်တွေ ဖြစ်ခဲ့တဲ့ ၉၈-၉၉ ခုနှစ်တွေတုန်းက အခြေအနေတွေ ဘယ်လောက်တောင် ဆိုးဝါးလိုက်မလဲ။ ညမထွက်ရအမိန့်တွေ၊ နောက် မငြိမ်သက်မှုတွေ အများကြီးပဲ။ ညပိုင်းထွက်ရတယ် ဆိုတဲ့ လူတွေဟာ နိုင်ငံတကာ အဖွဲ့အစည်းက လူတွေရယ် နောက် ဌာနတစ်ချို့လောက်က လူတွေလောက်ပဲ။
တကယ်လဲ ဘော့စနီးယားကို လူကုန်ကူးခံရတဲ့ ကောင်မလေးတွေရဲ့ ဖောက်သည်က နိုင်ငံတကာ အဖွဲ့အစည်းက လူတွေအများဆုံးပါပဲ။ ကောင်မလေးတွေမှာ ၁၅ - ၁၆ လောက်ပဲ ရှိဦးမယ်။ သူတို့ မလုပ်ချင်တာတွေကို လုပ်ဖို့အတွက် ဖိအားပေးခံရတယ်။ ငြင်းဆန်တဲ့ ကောင်မလေးတွေကို အများရှေ့မှာ ညှဉ်းပန်းနှိပ်စက်ပြီး အနိုင်ကျင့်တာတွေ အပြစ်ပေးတာတွေ လုပ်တယ်။ အဲ့ဒီလိုအချိန်မျိုးမှာ ဒီ ဖောက်သည်ကြီးများက စီးကရက်တွေဖွာပြီး အရသာခံကြည့်နေကြတယ်ပေါ့ဗျာ။
တကယ်ဆို သူတို့တွေက ကာကွယ်ပေးရမယ့် လူတွေကို သူတို့ကိုယ်တိုင်က ရောင်းဝယ်ပြီး ပျော်ပါးနေတော့ ဒီ ကောင်မလေးတွေရဲ့ဘဝက လုံးဝ ကူရာမဲ့ပါပဲ။ သူတို့ကို အကူအညီပေးမယ့် သူနဲ့ တွေ့နေတာတောင် သူတို့ရဲ့ အခက်အခဲတွေကို ဖွင့်ပြောဖို့အတွက် သတ္တိမရှိကြတော့ဘူး။
သူရှာတွေ့ထားတာတွေ သိထားတာတွေကို ဘော့စနီးယားက UN အကြီးအကဲနဲ့ DynCorp အဖွဲ့အစည်းကို အကြောင်းကြားလိုက်တဲ့အခါမှာတော့ သူ့ကို အလုပ်ဖြုတ်လိုက်ကြပါတယ်။
သူ့ကို အလုပ်ဖြုတ်လိုက်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး UN ရဲ့ အကြီးအကဲပြောသွားတဲ့ စကားကလဲ မှတ်သားစရာပါပဲ။
UN is very fragile . and these girls are just war whores. တဲ့။ ဟိုက်ရှားပါး........ ရေလည် လေးစားသွားပြီနော်..
ဒီဇာတ်ကားကြည့်အပြီးမှာ တွေးမိတာ တချို့ပေါ့ဗျာ.။
ငွေကြေးအရနည်းလို့လား... UN လိုအဖွဲ့အစည်းက ဝင်ငွေကောင်းပါတယ်။
ကျွန်တော်တို့ ယောက်ျားတွေကပဲ ကာမဘီလူး သိပ်စီးနေကြလို့လား။ ကိုယ်လုပ်ရမယ့် အလုပ်တာဝန်ထက် ကိုယ့် အသွေးအသား ဆန္ဒတွေနောက်ကို တကောက်ကောက် လိုက်နေကြတာ တော်တော် အကျည်းတန်ပါတယ်။
တစ်ဖက်က ပြန်တွေးကြည့်တော့လည်း လူဆိုတာက လောဘသားကောင်တွေပဲလေ.. လွယ်လွယ်ရရင် လိုချင်တာပဲပေါ့။ များများရလေ ပိုကောင်းလေပဲပေါ့။ ဒီကောင်မလေးတွေက ကိုယ့်အမျိုးအဆွေမှ မဟုတ်ဘဲ ပြီးတော့ သူတို့လုပ်တာကို လူတွေ မသိနိုင်လောက်ဘူးထင်လို့လည်း လုပ်တာဖြစ်မယ်။
ဒါပေမယ့် ကိုယ်ချင်းစာတရားလေးတော့ ရှိသင့်တယ်။
သူတို့ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့်သူ ရောက်လာတဲ့အခါကျတော့ အများနဲ့တစ်ယောက် ဝိုင်းဖိကြတယ်။ မလုပ်ရင် မလုပ်နဲ့။ ငါတို့ လုပ်နေတာကိုလဲ ဝင်မရှုပ်နဲ့.. မင်း အလုပ်မပြုတ်စေရဘူးဆိုတဲ့ အထာမျိုးပေါ့။ ဒီလို အဖြစ်အပျက်မျိုးဟာ UN လိုအဖွဲ့အစည်းထဲအထိတောင် ရောက်နေတာလား။ တော်တော်ဆိုးဝါးတာပဲ။
ဒီအဖြစ်အပျက်တွေကို BBC ကနေတစ်ဆင့် တစ်ကမ္ဘာလုံးသိအောင် သူဖွင့်ပြောခဲ့တဲ့အချိန်အထိ UN ကတော့ ဒီလိုအဖြစ်အပျက်တွေ မရှိခဲ့ပါဘူးလို့ ငြင်းနေတုန်းပါပဲ။ Kathryn ကတော့ သူ ဖော်ထုတ်ခဲ့တာတွေ အတွက် အလုပ်ဖြုတ်ခံရတဲ့အပြင် တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေမှာလည်း အလုပ်လုပ်ကိုင်ခွင့် မရတော့ပါဘူး။ ဒါပေမယ့် တစ်ခုကံကောင်းတာက သူ DynCorp ကို တရားစွဲတာ နိုင်သွားတယ် ဆိုတာပါပဲ။
အင်္ဂလိပ်လို အသေးစိတ်ဖတ်ချင်ရင်တော့ ဒီလင့်တွေမှာ ကြည့်ပါ (၁)
လင့် (၂)
နောက်ဆုံး တွေးမိတာ တစ်ခုက နိုင်ငံတကာက အကူအညီဆိုတိုင်း ကောင်းတာတွေချည်း ဖြစ်မလာနိုင်ဘူး ဆိုတာပါပဲ။ ပေါ့စေလိုလို့ ကြောင်ဆေးထိုးကာမှ ဆေးအတွက်နဲ့ လေးရတဲ့ အဖြစ်မျိုး မကြုံချင်လို့ပါ။ ဟိုး တလောတုန်းက မြန်မာနိုင်ငံတွင်းက INGO တစ်ခုက Country Director ဆိုလား။ တရုတ်ပြည်ဘက်ကို ကလေးတွေကို လူကုန်ကူးခဲ့တယ်ဆိုတဲ့ သတင်းထွက်လာခဲ့သေးတာပဲ။ လူကုန်ကူးမှုရပ်ဖို့ဆိုတာ ပိုစတာလေး ကပ်ရုံနဲ့ ပြီးသွားမယ့် ပြဿနာမဟုတ်လေတော့လဲ ခက်သား။ လူတွေ ကိုယ်ချင်းစာ တရား ပိုရှိလာမည့်နေ့ကျလျှင်တော့ ဒီကိစ္စတွေ လျော့နည်းပပျောက်သွားမှာပါဟု တွေးရုံမှတစ်ပါး...






















