Ads 468x60px

29 February 2012

ငါးထောင်တန်ဖုန်း အပေါ် ဘလော့ဂါတို့ အမြင် (တက်ဂ်ပို့စ်)

 

မနက် မနက် ရုံးတက်ပြီဟေ့ဆိုရင် ဘလော့ဂ်မှာ ဘာတွေထူးလဲဆိုတာ တက်ကြည့်ရတာက နေ့စဉ်လုပ်ဖြစ်တဲ့ အလုပ်တစ်ခုပေါ့။ ကံဆိုးလှစွာပါပဲ ကျွန်တော်တို့ရုံးက file upload လုပ်တာကို ပိတ်ထားတဲ့အခါကျတော့ ကျွန်တော့်မှာ စာရေးချင်ရင်တောင် ချက်ချင်းမရေးနိုင်ဘူးဖြစ်နေပါတယ်။ အဲ့ဒီတော့ကာ မနက်က ကိုသက်တန့်ရဲ့ ဘလော့ဂ်မှာ ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် ဆိုတဲ့ တဂ့်ပို့စ်လေးကို ဖတ်ရုံပဲ ဖတ်နိုင်ပါတယ်။ အဲ့ဒီတဂ့်ပို့စ်မှာကို ပြန်ဖြေဖို့ကျတော့ ချက်ခြင်းမဖြစ်နိုင်ဘူးဖြစ်နေတယ်။ အဲ့ဒီတော့ ကွန်မန့်လေးပဲ ရေးပေးခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အဲ့ဒီတဂ့်ပို့စ်ကို တဂ့်သူ မရှိလဲ စိုင်းစိုင်းက ကိုယ့်ဘာသာပဲ တဂ့်ပြီး ဖြေပါ့မယ်။

မေးခွန်းနံပါတ် ၁ က ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား  တဲ့။
နှစ်သိန်းဝန်းကျင်ဆိုမှတော့ ဘယ်လိုလုပ် တန်ဖိုးနည်းဖုန်းဖြစ်ပါတော့မလဲ။ နိုင်ငံခြားမှာ အလကား ရတာတွေကို အသာထားလိုက်ဦး။ ဒီကလူတွေရဲ့ ဝင်ငွေကိုပဲ စကြည့်ရအောင်။ ဝန်ထမ်းတွေရဲ့ လစာကိုတောင် တစ်သိန်း မတိုးပေးနိုင်သေးဘူး။ ပျမ်းမျှ ဝန်ထမ်းတစ်ယောက်ရဲ့လစာကို တွက်ကြည့်ရင် ခြောက်သောင်းတော့ ရှိမယ်ထင်တယ်။ ကိုယ့်ဝင်ငွေထက် သုံးဆလောက်များနေတဲ့ ဖုန်းဆိုတာကို တန်ဖိုးနည်းလို့ ဘယ်လိုလုပ် သတ်မှတ်နိုင်မှာလဲ။ အဲ့ဒါကို ဝယ်ဖို့ဆိုရင် ဘယ်နှလလောက် အငတ်ခံပြီး နေနေရမလဲ။ ဒါတောင် ဝန်ထမ်း အနေနဲ့ပဲတွက်ထားတာ။ တကယ်လို့ လူအားလုံးအနေနဲ့ တွက်ကြည့်လိုက်ရင် ဒီ့ထက် အဆ များသွားမှာပါ။ တောင်သူလယ်သမားတွေ၊ လက်လုပ်လက်စားတွေ၊ လမ်းဘေးက ဈေးသည်တွေ ဒီလိုလူတွေအတွက်ဆို ဒါက မဟာဈေးကြီးပါ။


မေးခွန်း နံပါတ် ၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။ တဲ့
ဒါက သိပ်ကောင်းတဲ့ အစီအစဉ်ပါပဲ။ လုပ်နေကြတဲ့လူတွေကို တကယ်ချီးကျူးပါတယ်။ ကျွန်တော် သိရသလောက်ဆိုရင် သူတို့တတွေက အဲ့ဒါလုပ်ဖို့အတွက် ကိုယ်ပိုင်ငွေတွေကို စိုက်ထုတ်ပြီး အရှုံးခံ လုပ်ပေးနေကြတာပါ။ အင်္ကျီ တစ်ထည်ကို ၁၂၀၀ ကျတယ်ဆိုပေမယ့် ၁၀၀၀ နဲ့ရောင်းပေးတယ်။ စတစ်ကာ တွေကို အလကား ဝေပေးတယ်။ ဒါကို တော်တန်ရုံ စိတ်ဓါတ်နဲ့ ဘယ်လိုလူက လုပ်နိုင်မှာလဲ။ ငါးထောင်တန် ဆင်းမ်ကတ် ဆိုတဲ့ စာသားလေးကို မြင်တိုင်း ( ဖြစ်သည်ရှိ မဖြစ်သည်ရှိ အဲ့ဒါက တစ်ပိုင်းပေါ့) တစ်သိန်းရှစ်သောင်းဆိုတာနဲ့ အများကြီး ကွာနေတယ်ဆိုတာ လူတွေ ပိုသတိထားမိစေတာပေါ့ဗျာ။ အားပေးတယ်။ ကြိုဆိုတယ်။

နံပါတ် ၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင် မိပါ သလဲ ။
ကောင်းပါတယ်။ ဒါကလဲ ထိရောက်တဲ့ လှုံ့ဆော်ချက်တစ်မျိုးပါပဲ။ ပြည်ခိုင်ဖြိုး ပါတီက ဦးဌေးဦး ပထမ ပြောဖူးတာကို သတိရမိတယ်။ ငါးထောင်တန် ဖုန်းကိစ္စက လွှတ်တော်ထဲ ရောက်မလာသေးလို့ ဆွေးနွေးစရာ မရှိသေးပါဘူးဆိုပြီး သူပြောဖူးတယ်။ အဲ့ဒီတုန်းက ကျွန်တော်တွေးမိတယ်၊ အဆိုတင်သွင်းလာသူမရှိသေးဘူး ဆိုတော့ သူတို့က ဘာလို့ စပြီး အဆိုမတင်သွင်းတာလဲပေါ့ဗျာ။ ဒါက ပြည်သူတွေ ကောင်းဖို့ပဲ။ ပြည်ခိုင်ဖြိုးက ပြည်သူတွေ ကောင်းကျိုးကို တကယ်လိုလားခဲ့သည် ဆိုရင် ဘာလို့ သူများ တင်သွင်းတာတွေကို စောင့်နေဖို့ လိုမလဲ။ ကိုယ်က စပြီး အဆိုပြုလိုက်ရင် ပြီးနေတာပဲမဟုတ်လား။ နောက်ပိုင်း အဲ့ဒီကိစ္စ အရမ်းလူပြော များလာတော့ ပြည်ခိုင်ဖြိုးက ထောင်ကျော်တန်ဖုန်းကိစ္စ အဆိုတင်သွင်းမည်ဆိုတဲ့ သတင်း ထွက်လာတယ်။ တကယ်သွင်းမသွင်းတော့ မသိဘူး။ ခုထိတော့ ဘာမှ ထူးမလာသေးဘူး။ ပြီးတော့ တစ်ခုရှိသေးတယ်။ အဲ့ဒီလက်မှတ်ထိုးပြီး တင်သွင်းဖို့ဆိုပြီး ကားဂိတ်တွေမှာ ဖောင်လိုက်ရောင်းနေတာ တွေ့တယ်။ တစ်စောင် ငါးရာတဲ့။ ဘယ်သူ့ကို ဘယ်လိုပို့ရမှာလဲ။ တွေးကြည့်လို့မပေါ်ဘူး။ ဘာပဲပြောပြော တစ်စောင်ငါးရာ ငါးရာနဲ့ လူဘယ်နှယောက် ပါသွားသေးလဲတော့ မသိ။

မေးခွန်း နံပါတ် ၄ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။ တဲ့။
ကြိုဆိုတာမှ တစ်ဘက်ကမ်းကိုတောင် လွန်တယ်လို့ ပြောချင်ပါတယ်ဗျာ။ ဒီငါးထောင်တန် ဖုန်းကို ရွှေပြည်တံခွန်က စကြေငြာတော့ ဟုတ်ပါ့မလားလို့ သံသယဝင်မိတယ်။  နောက်  မြန်မာ့ဆက်သွယ်ရေးက အသံထွက်လာတယ် ဒီကိစ္စက တရားဥပဒေအရရော နည်းပညာအနေနဲ့ပါ မဖြစ်နိုင်ပါဘူးလို့ ဆိုတယ်။ 

အဲ့ဒီအခါ ရွှေပြည်တံခွန်က ကြေငြာချက်ပြန်ထုတ်တယ် ဖြစ်အောင်လုပ်ပါ့မယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာကို ကိုးကားပြီး သူပြောသွားတာတွေက လှတယ်။ နောက် မြန်မာ့ဆက်သွယ်ရေးက လူကြီးမင်းများနဲ့ အမေးအဖြေ လုပ်တာလေးတွေ အင်တာနက်မှာ တက်လာတယ်။ ပြောသွားတာတွေက ပညာသားပါတယ်။ သူလုပ်ခွင့်ရတာ မရတာတွေက နိုင်ငံတော်အစိုးရနဲ့ မြန်မာ့ဆက်သွယ်ရေး အပေါ်မှာ မူတည်ပါတယ်။ သို့သော် သူ့ကြောင့်သာ တန်ဖိုးနည်းဖုန်းဆိုတာ ဘယ်လိုဟာပါဆိုတာ လူတိုင်းက ပိုပြီး အာရုံစိုက်မိတယ်။ ငါးထောင်တန်ဆိုတာ မများပါဘူး။ သို့သော် အလကားဆိုရင် ပိုကောင်းတာပေါ့။ မြန်မာ့ဆက်သွယ်ရေးက ပြောတဲ့ ဆင်းမ်ကတ် အလကားပေးမယ့် ရင်းနှီးမြှုပ်နှံမှု ခိုင်မာတဲ့ ကုမ္မဏီတွေက ဘယ်တော့လာမှာလဲ စောင့်ရတာ မောပါတယ်။ 

မေးခွန်း နံပါတ် ၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး ချရေးပေးပါ ။

အပေါင်းလက္ခဏာပါ။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာ အသာထား။ ဦးလွင်နိုင်ဦးရဲ့ နောက်ကြောင်း ဆိုတာတွေကို မေ့ထားလိုက်။ သူသာ စမပြောခဲ့ဘူးဆိုရင် ကျွန်တော်တို့ ပြည်သူတွေက ဆက်ပြီး ဂုတ်သွေးစုပ် ခံနေရဦးမှာ။ မျက်စိပိတ် နားပိတ်ဖြစ်နေကြဦးမှာ။ ပြီးတော့ ဒါက ပွင့်လင်းမြင်သာမှု ဆိုတာကို ထပ်ပြီး လှစ်ဟ ပေးဖို့ တောင်းဆိုလိုက်တဲ့ ပြယုဂ်တစ်ခုလို့လဲ ကျွန်တော်ထင်တယ်. အရင်တုန်းကဆိုရင် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သာမန်ပြည်သူတွေအဖို့ သိရဖို့ဆိုတာ မလွယ်ကူဘူးလေ။ အရင်တုန်းက ခေါင်းငုံ့ပြီး ခံခဲ့ရသမျှ ခုတစ်ခါတော့ ဘယ်သူမှ မခံချင်တော့ဘူး။ အခုချက်ချင်း အပင်စိုက်ပြီး အခုချက်ချင်း အသီးစားချင်တဲ့ ပုဂ္ဂိုလ် များ အခုတော့ ခေါင်းခဲနေကြရပြီ။ သူတို့တွေရဲ့ အစီအစဉ်မကျတဲ့ စီမံမှုတွေကလဲ တဖြည်းဖြည်းနဲ့ ပေါ်လာနေပြီ။ အဲ့ဒီအတွက်ကြောင့် ဒီကိစ္စကို အပေါင်းလက္ခဏာလို့မြင်တယ်။

ပြီးတော့ ခုတလော ဝန်မင်းတွေ လာဘ်စားတဲ့ အကြောင်းတွေ တိုင်ကြားစာက အင်တာနက်မှာ ခေတ်စားနေတယ်။ မြန်မာ့ဆက်သွယ်ရေးက ဝန်မင်းများကလဲ မျက်ခုံးလှုပ်နေကြမယ်ထင်တယ်။ ကျွန်တော့် အမြင်ပြောရရင် ဆက်သွယ်ရေးဆိုတာ ကိုယ်နဲ့ ဆွေမျိုးမကင်းသူများကိုပဲ ခန့်ထားပြီး ပြည်သူတွေရဲ့ ဝင်ငွေကို နည်းလမ်အမျိုးမျိုးနဲ့ သဲ့ယူနေတဲ့ ဌာနကြီးတစ်ခုပါပဲ။ သွားကြည့်လိုက် ဘယ်သူနဲ့ ဘာတော်တယ်ဆိုတဲ့ လူတွေချည်းပဲ။ ဘွဲ့ကတော့ ဆက်သွယ်ရေးနဲ့ လားလားမှ မဆိုင်တဲ့ ဝိဇ္ဇာဘွဲ့ သိပ္ပံဘွဲ့တွေနဲ့။ ဘီအီးနဲ့ ဘွဲ့ရထားတဲ့ သူတောင်မှ အဲ့ဒီမှာ နေ့စားလုပ်ရဖို့ နှစ်နဲ့ချီပြီး စောင့်ဆိုင်းရပါတယ်။ အကပ်သာရှိလို့ကတော့ ချက်ချင်းလက်ငင်းကို ဖြစ်။ အဲ့သလိုပါ အဲ့သလိုပါ။

ဒါပေမယ့်ပေါ့.. အဲ့ဒီလူတွေ ပြောင်းလဲလာနေပြီလို့တော့ ထင်ပါတယ်။ 

ဒါပေမယ့် နှစ်သိန်းနီးပါးဆိုတဲ့ ဖုန်းကိုတော့ တန်ဖိုးနည်းလို့ ထပ်မပြောစေချင်ဘူး။ တန်ဖိုးနည်းဆိုတဲ့အတိုင်း တကယ်တန်ဖိုးနည်းဖုန်း ငါးထောင် ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ လူအများစု တတ်နိုင်တဲ့ဈေးပေါ့။ အလကား ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ အဲ့ဒီလိုဖြစ်လာမယ့်နေ့ကိုပဲ စောင့်ကြတာပေါ့ဗျာ.. ခုလောလောဆယ်တော့ ကန်တော့ဆွမ်းပါ မြန်မာ့ဆက်သွယ်ရေးရေ။ မဝယ်သေးပါဘူးခင်ဗျ။

7 comments:

Anonymous said...

ထိတယ်ဗျာ.... ကျနော်လည်း... နှစ်သီန်းတန်ဖုန်းကိုတော့... ဆောရီးပါ....

သက်တန့်ချို said...

ကိုစိုင်းစိုင်းရေ

တဂ်ပို့စ်လေးကို ဖြေပေးတာကျေးဇူးတင်ပါတယ်ခင်ဗျ နောက်ဆို တဂ်ပို့စ်ရေးတိုင်းအမြဲထည့်တဂ်မှာပါး)))အဲဒီအခါကြရင်လည်းရေးပေးပါဦးနော်

ခင်မင်စွာဖြင့်

သက်တန့်ချို

Z@! said...

>> ကိုသက်တန့်ရေ...

ကျေးဇူးတင်ပါတယ် ခင်ဗျာ။ :)
အမြဲရေးပေးပါ့မယ် :)
ရုံးမှာက upload လုပ်လို့မရတဲ့အခါကျတော့ နည်းနည်းနောက်ကျရင်တော့ ခွင့်လွှတ်ပါခင်ဗျ။

Candy said...

တဂ်ပိုစ့်လေး ဖြေသွားတာ အားရစရာ... သေချာဖတ်သွားပါတယ် :D
လင်ခ့်လည်း ယူသွားပါတယ် :D

မိုးသက် said...

ကျွန်တော်လည်း လင့်ခ်ယူသွားတယ်အစ်ကို.. ရေးထားတာလေးကောင်းပါတယ်...

စံပယ်ချို said...

မြန်မာပြည်ကဘယ်တော့မှများ ဆီပေးဆန်ပေးတွေ ကင်းရှင်းမလဲမသိဘူးနော်

mstint said...

ရင်တွင်းတူညီတဲ့ခံစားချက်တွေမို့
တစ်နေ့တော့အကောင်အထည်ပေါ်လာမယ်ထင်ပါရဲ့ စိုင်းစိုင်းရေ။
တီတင့်ခရီးထွက်နေလို့ အခုမှဖတ်ဖြစ်တယ်နော်။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်