Ads 468x60px

8 February 2012

ရှမ်းပြည်နယ်နေ့ ပွဲ (ရန်ကုန်)

Blog လေးကို လုပ်ထားတာတော့ ကြာနေပြီ။ ရေးမယ် ရေးမယ်နဲ့ ဘာရေးရမှန်းမသိသေးတာရယ် blog ကို ဘယ်လိုပြင်ဆင်ရမှန်း မသိသေးတာရယ်ကြောင့် မရေးဖြစ်ဘူး။ ကဲ ဒီနေ့ညတော့ ရေးမယ်ကွာဆိုပြီး ဆုံးဖြတ်လိုက်တယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ တနည်းအားဖြင့် ရှမ်းပြည်နယ်နေ့ပေါ့ဗျာ။ ပြီးတော့ ထူးထူးခြားခြား တပို့တွဲ လပြည့်နေ့လဲ ဖြစ်နေတယ်။ ရေးစရာကတော့ ရပြီပေါ့။ ကင်မရာတော့မပါဘူး။ ဒါပေမယ့် ကိစ္စမရှိပါဘူးလေ။ ဖုန်းနဲ့ ဓါတ်ပုံရိုက်လို့ ရနေတာပဲ။ လက်ပ်တော့ပ် လေးလဲယူခဲ့ဦးမှ. အဲ့ဒါမှ ဓါတ်ပုံတွေကို အင်တာနက်ပေါ် တခါတည်း တင်လို့ရမှာလေ။ ပွဲကျင်းပမယ့် နေရာကတော့ ထုံးစံအတိုင်း မရမ်းကုန်းမြို့နယ်၊ ကိုးမိုင်မှာရှိတဲ့ နှီးဘုရားကျောင်းကြီးမှာပေါ့။

ညနေရုံးဆင်းတော့ ယူမယ့်ပစ္စည်းတွေ ကျောပိုးအိတ်ထဲ စုထည့်၊ ထမင်းချိုင့်လေးဆွဲပြီး သူငယ်ချင်းနှစ်ယောက်နဲ့အတူ ဆူးလေကားဂိတ်ဘက်ကို ထွက်လာခဲ့တယ်။ မြို့တော်ခန်းမနား  ရာက်တော့ ဗိုက်အဆာပြေ မုန့်ဟင်းခါးလေး တစ်ပွဲစီ ဝင်တီးလိုက်ခဲ့ကြသေးတယ်။ ကောင်းမှ ကောင်းပဲဗျ။ ပြီးတော့ မဟာဗန္ဓုလ ပန်းခြံနားကို ဆက်လျှောက်ပြီး ၂၃၁ လိုင်းကားစီးလို့ ကိုးမိုင်နှီးဘုရားကျောင်းကို ချီတက်ခဲ့ကြတယ်ခင်ဗျ။



ရှမ်းပြည်နယ်နေ့ ဆိုတာက ရှမ်း လူမျိုး တစ်မျိုးတည်းပဲ သက်ဆိုင်တာမဟုတ်ပါဘူး။ ရှမ်းပြည်နယ်မှာ နေထိုင်ကြတဲ့ ရှမ်း၊ ပလောင်၊ ပအိုးဝ်၊ ဓနု၊ လားဟူ စတဲ့ ရှမ်းပြည်ဖွား တိုင်းရင်းသား အားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ရှမ်းနှစ်ကူးနေ့နဲ့ မတူညီတာက တိုင်းရင်းသားမျိုးစုံကို မြင်တွေ့ရတာပါ။  တိုင်းရင်းသားမျိုးစုံရဲ့ ယဉ်ကျေးမှု၊ အဆို၊ အက၊ အလှတွေကို မြင်တွေ့ခံစားရမယ့် ပွဲတစ်ပွဲပေါ့ဗျာ။

ကိုးမိုင်နှီးဘုရားကျောင်းရောက်တော့ ညနေ ၇း၄၅ ရှိနေပြီ။ လူတွေက အရမ်းတော့ မကျသေးဘူး။ ပွဲခင်းထဲ ဝင်တော့ ထိုင်ခုံလက်မှတ်ခ တစ်ယောက် တစ်ထောင်ပေးရတယ်။ ဒါက ဒီနှစ်ရဲ့ စတေ့ခ်ျစင် ဒီဇိုင်းပါ။


ဖုန်းနဲ့ရိုက်ထားတာဆိုတော့ ပုံထွက်သိပ်တော့မကောင်းတာ ခွင့်လွှတ်ပါ။ အရင်နှစ်တွေက ဒီဇိုင်းထက် သဘောကျတာအမှန်ပါခင်ဗျ။

အစီအစဉ် လေးငါးခြောက်ခုလောက်ကြည့်အပြီးမှာတော့ မုန့်သွားစားကြမယ်ဆိုပြီး သူငယ်ချင်းသုံးယောက် ပွဲခင်းထဲကထွက်ပြီး ပွဲဈေးတန်းထဲကို ဝင်ပတ်။ ပွဲခင်းထဲမှာတော့ ရှမ်းပြည်နယ်ထွက် စားသောက်ကုန်တွေကို ရောင်းချပေးနေတဲ့ ဆိုင်တွေရှိသလို၊ အဝတ်အစားတွေကို ရောင်းချပေးနေတဲ့ ဆိုင်တွေလဲ ရှိရဲ့။ ရှမ်းစာပေနဲ့ သီချင်းတွေကို ရောင်းချပေးနေတဲ့ဆိုင်လေးတွေကိုလဲ တွေ့ရသေးတယ်။  ကျွန်တော်တို့တွေ စိတ်ဝင်စားတာကတော့ အစားအသောက်ပဲဆိုတော့ စားသောက်ဆိုင်တန်းဘက်ကိုပဲ ခြေဦးလှည့်မိပါတယ်။

ပြီးတော့ ပွဲခင်းထဲကို လှမ်းမြင်နေရတဲ့ တောင်ကြီးအသင်း ဆိုင်ထဲဝင်ထိုင်တော့ သူငယ်ချင်းတချို့နဲ့ ထပ်တွေ့ရပြန်ပါရော။ အဲ့ဒီမှာ အင်းမုန့်တီတစ်ပွဲ၊ ကြက်သားချဉ် တစ်ပွဲ   (ဝက်သားချဉ်စားချင်တာ ကုန်သွားတော့ မရှိ- ရှိတာ စားလိုက်ရတာ ) နောက် ဟင်းထုပ် တစ်ပွဲမှာပြီး သူငယ်ချင်းသုံးယောက် ဝိုင်းတီးကြပါတယ်။

ဒီနှစ် အဆိုတော်တွေ တော်တော်များများ စုံစုံလင်လင်လာကြတာကို တွေ့ရတယ်။ ဟန်ထွန်း၊ သအို၊ လှိုင်ဦးမော်၊ အစိုင်း (Black Hole)၊ နောက် စိုင်းအောင်ထီးခမ်း၊ နန်းမိုမိုခမ်းအေး ပြီးတော့ ကျွန်တော်မသိတဲ့ အဆိုတော်တွေ တော်တော်များများလာကြတယ်။ သူတို့တွေနဲ့ ဓါတ်ပုံမရိုက်မိတာ နာသဗျာ။ ကိုယ်မှ ကင်မရာ မပါပဲကိုး ရှိစေတော့။ စိုင်းစိုင်းသူငယ်ချင်းတစ်ယောက်ရဲ့ကောင်းမှုကြောင့် စိုင်းအောင်ထီးခမ်းနဲ့ သူ့သားလေး စင်ပေါ်မှာ အတူတူ ဖျော်ဖြေနေကြတဲ့ပုံကို ရခဲ့ပါတယ်။ ရှုစားတော်မူကြပါ။ သူကလေးက ရှမ်းသီချင်းကို ဆိုသွားတာ ကိုယ်တွေတောင် သူ့လောက်ဆိုတတ်မှာ မဟုတ်ဘူး။  အဟီး.. ရှမ်းစကား မရတာကို မဆီမဆိုင်ကြွားမိပါတယ်လေ။


ဖုန်းကင်မရာက ညပိုင်းဆို သုံးစားလို့ မရမှန်း စောစောက သိခဲ့ဖို့ကောင်းတယ်။ အဲ့ဒီအတွက် ကင်မရာ သူတောင်းစားလုပ်ခဲ့ရတာကလဲ ဒီညရဲ့အမှတ်တရပါပဲဗျာ။ သူငယ်ချင်းရဲ့ ကင်မရာကိုတောင်း ဓါတ်ပုံလိုက်ရိုက် သူတို့ရိုက်ထားတဲ့ ပုံတွေကို လက်ပ်တော့ပ်ထဲကူး ပြီးတော့ အင်တာနက်ပေါ်တင်။ အငှားဓါတ်ပုံနဲ့ ကြွားရတဲ့ဘဝကို ရောက်မှန်းမသိ ရောက်လို့။ တင်ချင်တာကိုး ဟီးဟီး။
သူငယ်ချင်းတွေဆိုတာကလဲ ဒီလိုပွဲလမ်းလေး ရှိမှ ဆုံဖြစ်ကြတော့ တစ်ယောက်နဲ့တွေ့လိုက် စကားပြောလိုက် နောက်တစ်ယောက်နဲ့တွေ့လိုက် မုန့်စားလိုက်နဲ့ အတူလိုက်လာတဲ့ သူငယ်ချင်းတွေကိုတောင် အားနာနေရတယ်။ ဘာပဲပြောပြော လာရကျိုးနပ်ပါတယ်။ မကြည့်ရတာကြာပြီ ဖြစ်တဲ့ ရိုးရာ အကအလှလေးတွေကို ပြန်ပြီး မြင်တွေ့ခံစားခွင့်ရခဲ့တယ်။ နောက် နာမည်ကြီး အဆိုတော်တွေဖျော်ဖြေတာကိုလဲ ကြည့်ရတယ်၊ ရှမ်းရိုးရာ အစားအစာတွေလည်း စားရတယ်၊  ပြီးတော့ သူငယ်ချင်းတွေနဲ့လဲ ပြန်တွေ့ဖြစ်တယ်ဆိုတော့ လာရကျိုးနပ်ပါတယ်။ 

ကျွန်တော်တို့သုံးယောက် ပြန်တော့ ည ၁၁း၄၅ လောက်ရှိနေပြီ။ ပွဲမသိမ်းသေးဘူးဆိုပေမယ့် မနက်ဖြန် ရုံးပြန်တက်ရဦးမယ်လေ။ အိမ်ကိုပြန်ပြီး ဒီည လိုက်တောင်းထားတဲ့ ပုံတချို့နဲ့အတူ ကျွန်တော့်ရဲ့ ပထမဆုံး Blog ကို တင်ရဦးမယ်ဆိုတော့ မပြန်ချင်ပေမယ့် ပြန်ခဲ့ရပါတယ်။


6 comments:

ကိုရင် said...

အိမ်အသစ်တက်တဲ့ပွဲကို လာရောက် ကြည့်ရှုပါတယ်..:D
ခြံထွက် ပစ္စည်းနဲ့ ဘလော့ကို စဖွင့်တယ်ပေါ့..
ဆက်လက် မျှဝေနိုင်ပါစေ ညီလေး..

comment က ဗယ်ရီဖီကေးရှင်း စားလုံးကြီး ဖြုတ်ကွာ..မန့်တဲ့လူတွေအတွက် အနှောက်အယှက် ဖြစ်တယ်.. :)

Z@! said...

ဟုတ်ကဲ့ စောစောစီးစီး လာလည်သွားတဲ့ ကိုရင်နဲ့ မဒမ်တို့အတွဲကို ကျေးဇူးအထူးတင်ရှိပါတယ်။

အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဗယ်ရီဖီကေးရှင်းကို ဖြုတ်လိုက်ပါပြီ။

စံပယ်ချို said...

ခုမှသိလို့ချက်ချင်းလိုက်လာပါတယ် တောင်ကြီးကိုပြန်ချင်သွားတယ်
အလွမ်းပြေပုံလေးတွေကြည့်ရလို့ကျေးဇူးတင်ပါတယ်

Z@! said...

ဓါတ်ပုံတွေကို Picasa မှာ ကြည့်နိုင်ပါပြီ

https://picasaweb.google.com/106542540067786470632/ShanNationalDay2012?authuser=0&feat=directlink

ဘိုဖြူ said...

ရှမ်းပြည်နယ်နေ့ လာရောက်ကြည့်ခဲ့ပါတယ်ဗျာ

Anonymous said...

lar lal par tal new so tot
:)