Ads 468x60px

Showing posts with label ခရီးသွားမှတ်စု. Show all posts
Showing posts with label ခရီးသွားမှတ်စု. Show all posts

16 July 2012

ဒုတိယမ္ပိ ကျောင်းသားဘဝ

စိုင်းစိုင်းအသက်က အခုဆို ၂၆ နှစ်ထဲမှာ. ၂၀၀၈ က ကျောင်းပြီးတာဆိုတော့ လေးနှစ်လောက်ရှိပြီပေါ့။ ကျောင်းသားဘဝက လွမ်းစရာကောင်းပါတယ်။ သူငယ်ချင်းတွေနဲ့ ဆိုးအတူ ကောင်းအတူ အတူတူ ဖြတ်သန်းခဲ့ရတဲ့အချိန်တွေက တကယ် မမေ့နိုင်တဲ့ အချိန်တွေပါပဲ။ မိုးလင်းခဲ့တဲ့ညတွေ အိပ်ရေးပျက်ခဲ့တဲ့ ညတွေ.. အများကြီးပါပဲ.. စာကျက်လို့တော့ မဟုတ်ဘူး.. လျှောက်သွားနေကြတာ အဟီး.. ဘာပဲပြောပြော အဲ့ဒီကျောင်းသားဘဝကို လွမ်းတယ်။

ကျောင်းသားဘဝ ပြန်ရချင်ရင် Master တန်းထပ်တက်ပါဟေ့ဆိုရင်တော့ မတက်ချင်တော့ဘူး။ ဒီသူငယ်ချင်းတွေမပါဘဲနဲ့တော့ မတက်ချင်ဘူး။ ပြီးတော့ သူများတကာ Master တိုင်း လိုက် Master ပြီး စာကို နားမလည် ပါးမလည်နဲ့ ကြက်တူရွေးကျက်ကျက်ပြီး ဖြေရတာကို တကယ် မကြိုက်ဘူး။ အဲ့ဒီအတွက် ကျောင်းသားဘဝနဲ့ ဝေးနေတာ လေးနှစ်လောက် ကြာခဲ့ပြီဆိုပါတော့။

ကျောင်းသားဘဝနဲ့ ဝေးနေတယ်သာ ပြောတာပါ။ ကျောင်းကိုတော့ တစ်နှစ် နှစ်ခါလောက် ပုံမှန် ရောက်ဖြစ်နေတယ်။ သူငယ်ချင်းတွေဆီ သွားလည်ရင်းနဲ့ ကျောင်းကို သွားသွားလည်ဖြစ်တယ်။ ကျောင်းကို နောက်ဆုံးရောက်ခဲ့တုန်းကတော့ ကိုယ့်အသက်တော်တော်ကြီးသွားပြီဆိုတာ သတိထားမိတယ်။ ကိုယ် Fresher Welcome လုပ်ပေးခဲ့တဲ့ကလေးတွေကတောင် နောက်ဆုံးနှစ်ရောက် လူကြီးတွေဖြစ်နေပြီကိုး။ ကျောင်းသားဘဝတော့ ဝေးပါပြီလို့တောင် စဉ်းစားခဲ့မိတယ်။

ဒါပေမယ့် ကံက ကြံဖန်ပြီး ကျောင်းပြန်တက်ရဖို့ ဖြစ်လာတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလောက်က နော်ဝေအစိုးရက ပေးတဲ့ ပညာသင်ဆုကို လျှောက်ထားတာ တက်ခွင့်ရတယ်။ ပြင်ဆင်ချိန်က သိပ်မရှိဘူးဆိုပေမယ့် မြန်မာပြည်မှာ ပေါင်းကူး program ကို တစ်လ တက်ခဲ့ရတော့ အဆင်ပြေပါတယ်။ အရွေးခံရတဲ့ လူလေးဆယ်ထဲမှာ ကိုယ်နဲ့ သိတဲ့သူတစ်ယောက်စ နှစ်ယောက်စ ပါတယ်.. ပြီးတော့ ကိုယ့်သူငယ်ချင်းတွေရဲ့ သူငယ်ချင်းတချို့လဲပါတော့ ပိုအဆင်ပြေတာပေါ့။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က မြန်မာပြည်ကနေ ဘန်ကောက်ကို အယောက်လေးဆယ်လုံး လေယာဉ်တစ်စီးတည်းနဲ့ အတူတူထွက်လာဖြစ်ခဲ့ပါတယ်။ လှည်းတန်းကနေ ဆူးလေကို သွားတာကမှ ကြာတယ်လို့ ထင်ရဦးမယ်။ (လေယာဉ် ပထမဆုံးစီးရတဲ့ အတွေ့အကြုံကြောင့်လဲ ဖြစ်မှာပါ) .. လေယာဉ်စတက်တယ်.. ငြိမ်သွားတော့ အစားအသောက်တွေ ချပေးတယ် .. အစားအသောက်တွေ စားပြီးတော့ ကော်ဖီလက်ဘက်ရည်သောက်တယ်.. သောက်ပြီးခဏနေတော့ လာသိမ်းတယ်။ ခဏနေတော့ လေယာဉ်ဆင်းတော့မယ်တဲ့.. မြန်ထှာလို့တွေးမိတယ်။။ ဟီး.. တောသားလေ တောသား သိတယ်နော်...။

သုဝဏ္ဏဘုမ္မိ လေဆိပ်ကိုရောက်တော့ အားလုံး တန်းစီရတယ်ပေါ့.. အဲ့ဒီမှာ စိုင်းစိုင်းတို့အားလုံးက ဒီဘက်ကို ရောက်လာပြီ.. အဲ့ဒီအချိန်မှာ ညီမလေးတစ်ယောက်.. သူ့ဘေးက ကုလားမကြီးကို Departure Form ကူဖြည့်ပေးလိုက်တာ Passport မှားသွားတယ်... သူက ဟိုကုလားမကြီး passport ကြီးကို ကိုင်ထားပြီး Immigration ဝင်တော့ ပြဿနာတက်ရောပေါ့.. အကုန်လုံးကလည်း ဒီဘက်မှာဆိုတော့ ဟိုဘက်ကိုလည်း သွားကူညီပေးလို့ မရ.. ဒုက္ခ တော်တော်ရောက်ပါတယ်။

တော်တော်ဆိုးတာတစ်ခုက ယိုးဒယားတွေရဲ့ အင်္ဂလိပ်စာ အသံထွက်ကို ဘယ်လိုမှ ဖမ်းလို့ မမိတာပဲ။ သူတို့ ဘာပြောလို့ ပြောနေမှန်းကို နားမလည်ဘူး။ ကံကောင်းချင်တော့ စိုင်းစိုင်းကို လိုက်ပို့တော့ အိမ်က ယိုးဒယားဖုန်းကတ်လေးတစ်ကတ် ထည့်ပေးလိုက်တယ်။ အဲ့ဒီဖုန်းကတ်နဲ့ ကျောင်းကလာကြိုနေကြတဲ့ စီနီယာတွေကို အကြောင်းကြား ဘာလုပ်သင့်တယ်ဆိုတာ တိုင်ပင်။ အဲ့ဒီလိုနဲ့ စိုင်းစိုင်းနဲ့ အပြင်က စီနီယာ တစ်ယောက်တည်းပဲ ကျန်နေခဲ့ပြီး ကျန်တဲ့သူတွေကို ကျောင်းကို အရင်သွားခိုင်းလိုက်ရတယ်...

လူက ဗိုက်ကလဲ တော်တော်ဆာနေပြီ.. ဘန်ကောက်ကို နေ့လည် ၁၁ နာရီကျော်ကျော်လောက်က ရောက်တာ ညနေ လေးနာရီကျော်တဲ့အထိ ဟိုကောင်မလေးမျက်နှာကို မမြင်ရသေးဘူး.. တော်သေးတာက သူ့ကို ဖုန်းဆက်လို့ရနေလို့.. သူ့ကိုလည်း အားမငယ်ဖို့ အားပေးရတယ်.. မိန်းကလေးတစ်ယောက်တည်း စကားမပေါက် ဘာမပေါက်နဲ့ဆိုတော့ ကြောက်မှာပဲ ထင်မိလို့..

လေးနာရီကျော်လာမှာ သူ့မျက်နှာကိုမြင်ရတယ်.. တော်သေးတာပေါ့ အဆင်ပြေသွားလို့.. သူ့မလည်း ဟိုအခန်းဝင် ဖောင်ဖြည့် ဒီအခန်းဝင်ဖောင်ဖြည့်ရနဲ့ဆိုတော့ တော်တော်ပင်ပန်းသွားမှာပဲ.. လေယာဉ်ကွင်းကထွက် လာကြိုတဲ့အမကို လိုက်ရှာ၊ ပြီးတော့ တက်စီငှားပြီး ကျောင်းကို ဒိုးရတယ်။ တစ်နာရီနီးပါးလောက် စီးပြီးတော့ကာ... စိုင်းစိုင်းတို့ကျောင်းကို ရောက်ပါတယ်.. AIT တဲ့။ ပြီးခဲ့တဲ့နှစ် ဘန်ကောက်ရေလွှမ်းတော့ သူက တော်တော်လေးကို ခံလိုက်ရတယ်.. သူကနည်းနည်းနိမ့်တာကိုး.. အခုတော့ တော်တော်လေး ပြန်အဆင်ပြေနေပါပြီ။ ဒါပေမယ့် မြေညီထပ်တွေကတော့ သုံးလို့ မရဘူးဖြစ်နေတုန်းပဲ။

ကျောင်းထဲရောက်တော့ မှောင်လုလုပဲ။ အထုပ်အပိုးတွေချပြီး Cafeteria ကိုသွားတယ်။ မုန့်စားဖို့ ပိုက်ဆံအိတ်လိုက်ရှာတော့ ရှိတော့ဝူး............... ။ အား........... စိတ်တော်တော် တိုတယ်.. ဗိုက်ကဆာပါတယ်ဆို ပိုက်ဆံက တပြားမှ မကျန်တော့ဘူး.. ဂိတ်ကို အပြေးသွားပြီး သတင်းပေးပြီး စုံစမ်းခိုင်းရတယ်။ ဒီနေ့ထိတော့ ဘာမှ မထူးဘူး.. ထူးလဲ မထူးလာတော့ဘူးထင်ပါတယ်လေ.. ထားပါတော့.. ဒါပေမယ့် သူငယ်ချင်းတွေက ပေးကမ်းစွန့်ကြဲကြပါတယ်.. ဟီး.. ထမင်း မငတ်တော့ဘူးပေါ့။

ကျေးဇူးတင်တယ် သူငယ်ချင်းတို့ရေ။ ကျောင်းသားဘဝကို ဒုတိယတစ်ခေါက် အတူတူပြန်တက်ခွင့်ရတဲ့ အချိန်မှာ ကူညီပေးကြတဲ့အတွက်။

ဆရာတွေကတော့ ပြောပါတယ်.. အခုပထမတစ်လက Bridging ဖြစ်တဲ့အတွက် ပျားရည်ဆမ်းကာလပေါ့ ဟဲဗီးကြီးတွေက August မှာစမယ်ဆိုတဲ့သဘောပေါ့.. အီး.. ကျောတော့ချမ်းတယ်။ မြန်မာပြည်နဲ့ မတူတဲ့ သင်ကြားမှုပုံစံက ဘယ်လိုနေမယ် ကျွန်တော်မသိဘူးလေ..။ ဘာပဲဖြစ်ဖြစ်  ကျွန်တော်တို့အားလုံးရဲ့ စိတ်ထဲမှာတော့ ကြိုးစားကြမယ်.. ဖြစ်အောင်လုပ်ကြမယ်.. မြန်မာလူမျိုးတွေလည်း မညံ့ဘူးဆိုတာ ပြရမှာပေါ့နော့။

နောက်နှစ်အတွက် ပညာသင်ဆုကို ဘယ်အချိန်မှာ စခေါ်မယ်ဆိုတာကိုလည်း တင်ပေးပါ့မယ်.. စောင့်ကြည့်ပြီး မျှဝေပေးကြဖို့တောင်းဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်နှစ်ကျရင် လူပိုများများခေါ်မယ်လို့ ပြောကြလို့ပါ။ ၆၀ လောက်ဖြစ်ချင်ဖြစ်သွားနိုင်တယ်ပေါ့။ ကျောင်းပြီးခါစ Grading ကောင်းတဲ့လူငယ်တွေလဲ လျှောက်လို့ရပါတယ်။ လုပ်သက်ရှိထားတဲ့ လူတွေလဲ လျှောက်နိုင်ပါတယ်။ အစိုးရ ဌာနကလူတွေလဲ လျှောက်ထားနိုင်ပါတယ်။ ဒီပညာသင်ဆုက ဘယ်အပိုင်းကိုမှ ပေးမယ်ဆိုပြီး ကန့်သတ်မထားတဲ့အတွက် အဆင်ပြေပါတယ်။ Engineering တက်ရတဲ့လူတွေက အများဆုံးပဲ.. နောက်ပြီးတော့ Development ပေါ့.. MBA တက်ကြမယ့်သူတွေကလည်း အများသားပဲ.. ကိုးယောက်တောင်မှ.. MBA ကို ပညာသင်ဆုပေးတာ မရှိသလောက်ရှားတယ်လေ.. စိတ်ပါဝင်စားသူများ အသင့်ပြင်ထားကြပါနော်.. CGPA တို့.. ထောက်ခံစာတို့ကို ပြည့်စုံအောင် လုပ်ထားစေချင်တယ်..

http://www.ait.ac.th/ မှာလည်း ဝင်ကြည့်လို့ရပါတယ်..


24 April 2012

ကျောက်စီပန်းချီ Gems Art

ကြုံတုန်းကြုံခိုက်လေး မိုးကုတ်က ကျောက်စီပန်းချီအကြောင်းလေး ပြောပြချင်ပါတယ်။ ဒီကျောက်ပန်းချီလုပ်ငန်းက ၁၉၉၈ - ၉၉ လောက်မှာ စတင်ခဲ့တာဖြစ်ပြီး တစ်ပိုင်တစ်နိုင်ကနေပြီးတော့ စီးပွားရေးလုပ်ငန်းအနေနဲ့လည်း လုပ်ကိုင်ကြပါတယ်။ စိုင်းစိုင်း ရှစ်တန်းဖြေပြီး ကိုးတန်းမတက်ခင် နွေရာသီကျောင်းပိတ်ရက် ၁၉၉၉ ခုနှစ်လောက်တုန်းက ကျောက်ပန်းချီကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဖူးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ မလုပ်ဖြစ်တော့တာ အခုထိပါပဲ။ 


စိုင်းစိုင်းကို ကျောက်ပန်းချီသင်ပေးခဲ့တဲ့ ဆရာကတော့ အခုထိ လုပ်နေတုန်းပါပဲ။ အခုချိန်မှာ မိုးကုတ်မြို့မှာ အကြီးဆုံးလို့တောင် ပြောလို့ရမယ်ထင်တယ်။ ပြီးခဲ့တဲ့လ မိုးကုတ်ပြန်တော့ ဆရာ့ဆီကို အလည်ရောက်တုန်း သူတို့ ကျောက်ပန်းချီစီနေတဲ့ ပုံတွေ ရိုက်ဖြစ်ခဲ့ပါတယ်။ 



စိုင်းစိုင်းလုပ်ခဲ့တာတွေက ခရစ်စမတ်ပုံတူကားလေးတွေ၊ နောက် ကာတွန်းပုံလေးတွေ၊ ပြီးတော့ မြန်မာ့ရိုးရာပုံလေးတွေပေါ့ ကိန္နရီ ကိန္နရာ မောင်နှံပုံလေးတွေ၊ နောက် တခြားပုံလေးတွေ တော်တော်များများလုပ်ခဲ့ဖူးတယ်။ ကျောက်ပန်းချီစီရတာ တော်တော် လက်ဝင်ပါတယ်။ ပထမ ကိုယ်ပုံတူဆွဲမယ့် ပန်းချီကားကို မိတ္တူဆွဲရတယ်၊ မိတ္တူဆွဲလို့အဆင်မပြေတဲ့ပုံတွေကိုဆို ဆရာက စက္ကူပါးလေးနဲ့ ကောက်ကြောင်းဆွဲပေးတယ်။ အဲ့ဒီ ကောက်ကြောင်းပုံ ဒါမှမဟုတ် မိတ္တူပုံကိုမှ ကျောက်ပန်းချီစီမယ့် ဘုတ်ပြားပေါ်ကို မင်ခံစက္ကူနဲ့ ထပ်ပြီး ကောက်ကြောင်းလိုက်ရတယ်။ ကောက်ကြောင်းတွေ စုံပြီဆိုရင်တော့ အဲ့ဒီကောက်ကြောင်းတွေကို မှတ်မီးလိုင်း လိုက်ဆွဲရပါတယ်။ (မှတ်မီးဆိုတာ မဟူရာကျောက်ပါ၊ အဲ့ဒီ မဟူရာကျောက်ကို အရွယ်စုံ ရအောင် ထောင်းပြီး အမှုန့်ချရပါတယ်။ တခြား ကျောက်တွေကိုလည်း အရိုင်းသုံးသင့် အရိုင်း ၊ ထောင်းသင့်ထောင်း၊ သွေးသင့် သွေး အဲ့ဒီလုပ်ရပါတယ် )


မှတ်မီးလိုင်းဆွဲဖို့အတွက် မင်ခံလိုင်းတွေကို ကော်နဲ့လိုင်းဆွဲပြီး မှတ်မီး  အပွင့်သေးသေးလေးတွေနဲ့ စီရပါတယ်။ အခုနောက်ပိုင်းမှာတော့ အမှုန့်တွေနဲ့ဆွဲပါတယ်။ သူက ပိုသပ်ရပ်ပြီး ပိုမြန်ပါတယ်။ အောက်မှာပြထားတဲ့ ပုံအတိုင်းပေါ့။ 




ဒါက မှတ်မီးနဲ့ လိုင်းဆွဲနေတာပါ.. ပုံထဲမှာ ပါတဲ့သူကတော့ စိုင်းစိုင်းရဲ့ ဆရာပေါ့ဗျာ

 သူတို့ဆွဲနေတဲ့ပုံက မဟာပိန္နဲနတ်ဘုရားပုံတူ။ ပုံက တော်တော်ကြီးပါတယ်။ ပုံထဲမှာ မြင်ရတဲ့အတိုင်းပါပဲ။
အဲ့ဒီလိုပန်းချီကား တစ်ကားလုံးကို လိုင်းဆွဲလို့ပြီးပြီဆိုရင်တော့ မူလပုံတွေမှာ ပါတဲ့အရောင်တွေနဲ့ အနီးစပ်ဆုံးတူတဲ့ ကျောက်တွေကို သုံးပြီး ပန်းချီစီရပါတယ်။ အနုအရင့်ကစ သေချာရွေးပြီး စီရပါတယ်။ ဒါမှ ပန်းချီကားက အသက်ဝင်မှာကိုး။


 ဒါက သူ့တပည့်မလေးတစ်ယောက် ကျောက်ပန်းချီစီနေတဲ့ပုံပါ။ ဟိန္ဒူနတ်ဘုရားပုံပါ။


စိုင်းစိုင်းလုပ်ခဲ့တဲ့ ပန်းချီကားလေးတွေက ဖန်စီကားလေးတွေများတော့ သိပ်မပင်ပန်းခဲ့ပါဘူး။ ပျော်စရာကောင်းခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဖန်စီကားလေးတွေက သိပ်မဆွဲကြတော့ဘူးလို့ထင်တယ်။ ပုံတူပန်းချီတွေနဲ့ တခြား ရိုးရာပုံတွေကိုပဲ ပိုစီကြတယ်။  စိုင်းစိုင်းလုပ်ခဲ့တာက သုံးလလောက်ပဲဆိုတော့ သိပ်လဲ မတတ်ခဲ့ပါဘူး။ ပုံတူပန်းချီတွေ ဆွဲရလောက်အောင်လဲ သင်ဖို့အတွက် အချိန်မရခဲ့ပါဘူး။  


ပုံတူပန်းချီကတော့ စီရတာ အချိန်ပိုကြာသလို ပိုလည်းလက်ဝင်ပါတယ်။ စိုင်းစိုင်းရောက်သွားတဲ့အချိန်တုန်းက ဆရာဆွဲနေတဲ့ ပန်းချီကားတွေကာ မြတ်စွာဘုရားပုံတော်တွေရယ် နောက် ဟိန္ဒူနတ်ဘုရားပုံတွေဆိုတာ သတိထားမိတယ်။ 


စိုင်းစိုင်းဆရာဆွဲတဲ့ ပန်းချီကားတွေက တခြားသူတွေယှဉ်ရင် ဈေးနည်းနည်းပိုတယ်လို့ သူငယ်ချင်းတွေက ပြောကြတယ်။ ဒါပေမယ့် ဆရာသုံးတဲ့ကျောက်တွေက တကယ့်သဘာဝကျောက်စစ်စစ်တွေပဲဆိုတာ သူတို့သိတဲ့အတွက် လက်ဆောင်ပေးဖို့ဆိုရင် ဒါမှမဟုတ် ပုံတူပန်းချီကားစီမယ်ဆိုရင် ဆရာ့ဆီပဲ လာကြတယ်လို့ဆိုပါတယ်။ ဟုတ်တော့ဟုတ်ပါတယ်။ ရန်ကုန်က တချို့ဆိုင်တွေမှာ ကျောက်စီပန်းချီကားတွေတွေ့ဖူးတယ်။ ကျောက်တွေရဲ့အရောင်က အရမ်းစိုနေလို့ အနီးကပ်ကြည့်မိတော့မှ ကျောက်တွေကို ဆေးဆိုးထားမှန်းသတိထားမိတယ်။ ဆေးဆိုးထားတဲ့ ကျောက်က ပိုလှတယ် ထင်ရပေမယ့် အတုအစစ်ခွဲတတ်တဲ့ သူတွေရဲ့ မျက်လုံးထဲမှာတော့ လှတယ်လို့ကို မထင်ဘူးဖြစ်နေတယ်။ 


အမေစု ပုံလေး ကျောက်ပန်းချီစီထားတာကို ဓါတ်ပုံရိုက်ထားတာ။ ဆရာက သူဆွဲပြီးတဲ့ပုံလေးတွေကို အဲ့လိုပဲ ဓါတ်ပုံ ရိုက်ရိုက်ထားတတ်တယ်။ စိုင်းစိုင်းက အဲ့ဒီဓါတ်ပုံကို ဓါတ်ပုံပြန်ရိုက်လာတာပါ။ တော်တော်တူတယ်နော်။ ကျက်သရေရှိလိုက်တာ

ဒါကလည်း နောက်တစ်ပုံပါ။ မူရင်းပုံတွေနဲ့ ယှဉ်ပြီး ပြထားတာကို ရိုက်လာခဲ့တာ။ မိသားစုပုံပါတယ်။ နောက် ထိုင်းဘုရင့်ပုံပါတယ်။

ဗိုလ်ချုပ်ပုံက တော်တော့်ကို တူတယ်လို့ ခံစားရတယ်။

ဒါက မြတ်စွာဘုရားပုံတော်မှာ သင်္ကန်းတော်ကို အညံ့ကျောက်တွေနဲ့ စီနေတာပါ ( အညံ့ကျောက်ဆိုတာ မကောင်းတဲ့ကျောက် မဟုတ်ဘူးနော်.. ကျောက်နာမည်ကိုက အညံ့တဲ့။ သူက အရောင်စုံနီးပါးကိုရှိတယ်။ ဟိုတီဗီမှာလာတဲ့ အင်တာဗျူးသမား တစ်ယောက်ကို သတိရမယ်တယ်။ နီလာဆိုပေမယ့် ကျောက်ကလေးတွေက အပြာရောင်လေးတွေနော်တဲ့.. ရယ်လိုက်ရတာ အူတွေကို လှိမ့်နေတာပဲ။ နီလာဆိုတာ အပြာရောင်မှန်း သူသိသင့်တာပေါ့နော့ )

ဒါကတော့ ဆရာ့ ပန်းချီခန်းပါ။ အော်ဒါတွေ မှာချင်တယ်ဆိုရင်လည်း စိုင်းစိုင်းဆီက တစ်ဆင့် မှာလို့ရပါတယ်နော့်။ အကျိုးဆောင်ခ တစ်ပြားမှ မယူပါဘူး။ စေတနာနဲ့ ကူညီပေးမှာပါ. :) 

ဒီအောက်ကပုံတွေကတော့ တခြား သူဆွဲထားတဲ့ပုံလေးတွေပါ။ 







ပုံတွေ စာတွေကို အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ ဖတ်ပေးကြည့်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ :)

16 April 2012

ပတ္တမြားမြေသို့..


                     
 

မပြန်တာကြာပြီဖြစ်သော ကျွန်တော့် ဇာတိမြေသို့ ပြီးခဲ့သည့်လက ကျွန်တော်အပြန်ရောက်ခဲ့ပါသည်။ ကျွန်တော့် ညီဝမ်းကွဲ ရှင်ပြုအတွက် ရန်ကုန်မှ မိသားစုဝင်များ ကိုယ်စား တက်ရောက်ပေးခြင်းဖြစ်ပါသည်။ အမှန်အတိုင်းပြောရလျှင် ကျွန်တော် မိုးကုတ်သို့ မပြန်ဖြစ်ခဲ့သည်မှာ တော်တော်ကြာနေပါပြီ။ မှတ်မှတ်ရရ ၂၀၀၈ ခုနှစ်က နောက်ဆုံး ပြန်ခဲ့သည်ဟု ထင်သည်။ မိုးကုတ်ပြန်လျှင် ရန်ကုန်မှ မန္တလေး၊ ထိုမှတဆင့် ကားပြောင်းစီးရသည်ဖြစ်ရာ အချိန်ကုန်လှသည်။ 

၂၀၀၂ ခုနှစ် ဆယ်တန်းဖြေပြီးချိန်မှစ၍ ရန်ကုန်တွင်သာ အနေများခဲ့သည်။ ကျောက်ဆည်တွင် ကျောင်းတက်ခဲ့သည့် ၆ နှစ်တာ ကာလတွင်လည်း ကျောင်းပိတ်လျှင် မိုးကုတ်သို့ မပြန်ဖြစ်ခဲ့ဘဲ ရန်ကုန်သို့သာ ပြန်လာဖြစ်ခဲ့သည်။ မှတ်မှတ်ရရ ၂၀၀၂ မှ ၂၀၁၂ခုနှစ်အတွင်း ဆယ်နှစ်တာ ကာလတွင် ကျွန်တော် မိုးကုတ်သို့ ပြန်ခဲ့သည့် အကြိမ်က လက်ချိုးရေ၍ ရနိုင်သည်။ ငါးကြိမ်ခန့်သာရှိမည်ဟုထင်သည်။ ပုံမှန်အချိန်တွင် ကျွန်တော့်ကို မိုးကုတ်ပြန်မလားဟု လာမေးပါက ခေါင်းခါ၍ ငြင်းမိမြဲ။ မပြန်လိုခြင်းမဟုတ်သော်လည်း မိုးကုတ်တွင် ကျွန်တော်နှင့် သက်ဆိုင်သော အရာများက မရှိသလောက်ပင်ဖြစ်ရာ ပြန်ခြင်း မပြန်ခြင်းသည် ဘာမှ ထူးခြားမလာဟု ကျွန်တော်ထင်သည့်အတွက် မပြန်ဖြစ်ခဲ့။ 

သို့သော် ယခု ကျွန်တော့်ညီလေးဝမ်းကွဲ ရှင်ပြုအတွက် သွားရမည့်သူက ကျွန်တော်မှလွဲ၍ မည်သူမှမရှိ။ အဘွားနှင့် အကိုက သွားချင်သော်လည်း အဘွားကို ခရီးပန်းမည်စိုးသောကြောင့် မသွားစေလို။ အကိုကတော့ အလုပ်မအား။ ကျွန်တော်လည်း မအားပါ။ သို့သော် ကျွန်တော့်အကိုအလုပ်ထက်စာလျှင် တာဝန်သိပ်မကြီးသည့်အတွက် ကျွန်တော် လာမည်ဟု မိုးကုတ်အိမ်ကို အကြောင်းကြားလိုက်သည်။ ပြန်ရမည့်ရက် နီးကပ်လာလေလေ စိတ်လှုပ်ရှားလေဖြစ်သည်။ နောက်ဆုံးပြန်ဖြစ်ခဲ့သည့်အချိန်နှင့် ယခုအချိန်ကြား လေးနှစ်မျှ ခြားနေခဲ့ပြီ။ ကျွန်တော်ငယ်စဉ်က သိခဲ့သော မိုးကုတ်နှင့် ယခုမိုးကုတ် ဘာတွေ ကွာခြားနေမလဲ ကျွန်တော်သိချင်လှသည်။

မတ်လ ၂၂ ရက်နေ့ ညတွင် မန္တလေးသို့ ကျွန်တော်ထွက်ခဲ့သည်။ ကျွန်တော့် ညီမဝမ်းကွဲ (ရှင်ပြုမည့် ညီ၏ အစ်မ) လဲ ပါသည်။ မတ်လအတွင်း မန္တလေးသို့ ဒုတိယအကြိမ် ခရီးသွားခြင်းဖြစ်ပါသည်။ မန္တလေးရှိ သူငယ်ချင်းကို လာကြိုရန်ဖုန်းဆက်သည်။ မနက် ၆ နာရီခန့်တွင် ကျွဲဆန်ကန် ကားဝင်းသို့ ရောက်သည်။ သူငယ်ချင်းလာအကြိုကို ခဏမျှ စောင့်လိုက်ရသည်။ ပြီးတော့ ညီမလေးကို သူ့သူငယ်ချင်းအိမ်လိုက်ပို့ပြီး ကျွန်တော်တို့ လက်ဘက်ရည်ဆိုင်မှာ မနက်စာ စားကြသည်။ ပြီးတော့ ကျွန်တော်တို့ ကျောက်ဆည်နည်းပညာတက္ကသိုလ်သို့ ခရီးဆက်ခဲ့ကြသည်။ ပထမတစ်ခေါက် လာစဉ်က မပြီးပြတ်သေးသော ကျောင်းကိစ္စများကို အပြတ်ဖြတ်မည်ဆိုသော စိတ်ကူးများနှင့် အမိကျောင်းတော်ကြီးသို့ ချီတက်ခဲ့ပါသည်။ ဒီနေ့ပြီး နက်ဖြန်မနက် မိုးကုတ်တက်မည်ပေါ့။

တစ်ခါတစ်ရံတွင် ဖြစ်တတ်ပါသည်။ ကံသည် ကြံဖန်ပြီး ဆိုးတတ်ပါသည်။ မော်ကွန်းထိန်းထံရောက်တော့ ပြီးခဲ့တစ်ခေါက် တင်ထားခဲ့သော ကိစ္စတွေက မပြီးသေး။ ခုမှ စလုပ်ရသည်။ သွားပါပြီ။ Grading နဲ့ GPA ထုတ်တာ ဒီလောက်ခက်ခဲမှန်း သိခဲ့လျှင် ကျောင်းပြီးကတည်းက တစ်ခါတည်း ထုတ်ပါသည်။  ပြီးတော့ စာသွားစီတော့ စာစီစာရိုက်လုပ်ပေးသည့် ဆရာမက စာမေးပွဲအခန်းစောင့်ကျသည်တဲ့။ နက်ဖြန်မှ လာယူပါတဲ့။ မတတ်နိုင်တော့။ မိုးကုတ်ကို တစ်ရက်နောက်ကျမှ သွားရတော့မှာပေါ့လေဟု တွေးဖြေသိမ့်သည်။ မန္တလေးပြန် ညအိပ် နောက်တစ်နေ့မနက် ကျောက်ဆည် ပြန်လာရန် အားမွေးသည်။

နောက်တစ်နေ့ မနက်မှာ စိုင်းစိုင်း၏ သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာသည်။ သူကလဲ AIT တွင် ကျောင်းလျှောက်မည်တဲ့။ စိုင်းစိုင်းကို မော်ကွန်းထိန်းထံမှ recommendation တောင်းခဲ့ပါဟုဆိုသည်။ အင်းလေ ဘယ်တတ်နိုင်မလဲ ကိုယ်က ကျောက်ဆည်ရောက်နေပြီပဲ လုပ်ပေးရမှာပေါ့။ မနေ့က တင်ထားခဲ့သော Grading နှင့် GPA စာရွက်စာတမ်းများကို စစ်ဆေးပြီးတော့ သူငယ်ချင်းအတွက် recommendation ရေးပေးရန် ဆရာမကို ဘယ်လိုပြောရမလဲ စဉ်းစားသည်။ စိုင်းစိုင်းဆီမှာတော့ စာတွေက စုံနေပြီ။ သို့သော် မော်ကွန်းထိန်းဆီက တောင်းခဲ့ခြင်း မဟုတ်။ သူငယ်ချင်းအတွက် တောင်းပေးပြီး ကိုယ်ကျတော့ မတောင်းဘူးဆိုလျှင် ဆရာမ တစ်မျိုးတစ်မည် ထင်သွားမည်ကိုလဲ စိုးပါသည်။ ထို့အတွက် မထူးပါဘူးလေဟု တွေးပြီး နှစ်စောင်တောင်းလိုက်သည်။ ပြဿနာက ဒီမှာ ထပ်စပါသည်။ သား နောက်တစ်ပတ်မှ လာယူလိုက်တော့တဲ့။ စိုင်းစိုင်း ဆံပင်မွေးတွေ အားလုံးထောင်သွားသလို ခံစားလိုက်ရသည်။ ဘာလို့ ဒီကျောင်းကို ခဏခဏ လာနေရပါလိမ့်နော်.. စိတ်က တိုစပြုသည်။ မိုးကုတ်က ပြန်လာလျှင် ကျောက်ဆည် မဝင်ချင်တော့။ မန္တလေးမှာ ခဏနားပြီး ညကားစီးပြီး ရန်ကုန်ကို တန်းဆင်းမည် စိတ်ကူးထားသည်များက အခုတော့ သွားပါပြီ။ အင်း.. သူငယ်ချင်းကို ယူခိုင်းလို့ရမှာပါလေဟု စဉ်းစားကာ ဟုတ်ကဲ့ဟု ခေါင်းညိတ်ခဲ့လိုက်သည်။

ည မန္တလေးပြန်ရောက်တော့ မိုးကုတ်ကားဂိတ်သို့ ကားလတ်မှတ်သွားဖြတ်သည်။ လာကြိုရမည့် နေရာပြောပြီးသည့် နောက် ၂၄ လမ်းမှ သူငယ်ချင်းတစ်ယောက်ထံဝင်သည်။ စကားနည်းနည်းပါးပါးပြောပြီး ညကျမှ ထပ်တွေ့ရန် ချိန်းလိုက်သည်။ အိမ်ပြန် ရေမိုးချိုးပြီး မန္တလေးသို့ နောက်တစ်ခေါက် ထပ်ချီတက်ကြသည်။ ရွှေခိုင်အကင်ဆိုင်တွင် အကင်စား၊ အချိုရည်သောက် ထွေရာလေးပါး လျှောက်ပြောပြီး ည ၉ နာရီလောက်မှာ အိမ်ပြန်သည်။

နောက်တစ်နေ့ (၂၄) ရက်နေ့ မနက် ၇ ခွဲတွင် ကားလာကြိုသည်။ ဗင်ကားထဲတွင် ဘုန်းကြီးသုံးပါး၊ ကားမောင်းသူနှင့် စိုင်းစိုင်း။ ဘုန်းဘုန်းသုံးပါးပြောသော အကြောင်းအရာများကို နားလည်တစ်ချက် မလည်တစ်ချက် နားထောင်ပြီး မိုးကုတ်သို့ ဦးတည်ခဲ့သည်။ ဘုန်းဘုန်းတို့ပြောသော အကြောင်းအရာများကတော့ မ ဟ န ဆိုလား ဘာလား၊ နောက် ရွှေညဝါ ဆရာတော်အကြောင်းလဲပါသည်။ ရှင်ဂမ္ဘီရအကြောင်းတွေလဲပါသည်။ နောက် တခြား ဘာသာတွေနှင့် ဗုဒ္ဓဘာသာ တွေ၏ ကွာခြားပုံတွေကို ကြားရသည်။ ထူးထူးဆန်းဆန်း ဘာသာခြားတစ်ယောက်က သူ့ကျောင်းပိုင်မြေကို ကာကွယ်ပေးသည့်အတွက် အဆိုပါပုဂ္ဂိုလ်ကို ကျောင်းထိုင်ဘုန်းကြီးက ရပ်ရွာအကျိုးဆောင်အဖြစ် ထောက်ခံပေးသည်တဲ့။ မြတ်စွာဘုရား… ဘာတွေများဖြစ်ကုန်ပြီလဲ။ ခြေလှမ်းသွက်လှချေလား ဘာသာခြားတွေက။ ထားပါတော့လေ။

မနက် ၇ နာရီခွဲကတည်းက ထွက်လာသော ကားသည် နေ့လည် ၂ နာရီသာသာခန့် တွင်တော့ စိုင်းစိုင်း၏ အဒေါ်အိမ်ရှေ့တွင် ဆိုက်ပါသည်။ အထုပ်တွေဆွဲပြီး ကားပေါ်က ဆင်းသည်။ အိမ်ခြံဝင်းတံခါးရှေ့အရောက်တွင် စိုင်းစိုင်း၏ ညီဝမ်းကွဲကလေး အပြေးလေး လာကြိုသည်။ သူသည် စိုင်းစိုင်းကို တစ်နေ့လုံးမျှော်နေခဲ့သည်ဟု ဦးလေး ပြောသည်တွင် စိုင်းစိုင်း စိတ်မကောင်းဖြစ်ရသည်။ မျှော်ရတာ ဘယ်လောက်မောတယ်ဆိုတာ စိုင်းစိုင်းသိပါသည်။ ညီလေးကို ခေါ်ပြီး ဈေးထဲရှိ အဒေါ့်ဆိုင်သို့ ရောက်ပြီဆိုသည့်အကြောင်း သွားပြောရသည်။ ယခင်က စည်ကားလှသည့် ဈေးကြီးသည် အခုချိန်တွင် လူခပ်ကျဲကျဲသာ ရှိတော့သည်ပဲ။ ဆိုင်နီးနားချင်းတွေက စပ်စုသည့် အကြည့်များနှင့် စိုင်းစိုင်းကို လှမ်းကြည့် ကြသည်။ အဒေါ်က ဒါ ကျွန်မ သားအကြီးဆုံးလေ ဟု ခပ်နောက်နောက်ဆိုသည်။ ကျွန်တော့်စိတ်ထဲတွင် အမေ့ကို သတိရမိသည်။ အမေ့နောက်တွင် အဖေသည် ကပ်ပါလာသည်။ အဖေသည်လည်း ကျွန်တော့်ကို မျှော်နေမှာပဲ။ 

သာသနာ့ဘောင်သို့ အဖေဝင်ရောက်ခဲ့တာ လေးငါးနှစ်မျှ ရှိပြီပေါ့။ သို့သော် အဖေသည် အဖေပါပဲ။ အဖေသည် မတွေ့တာ ကြာပြီဖြစ်သော ကျွန်တော့်ကိုတွေ့လျှင် ပျော်ရှာပါလိမ့်မည်။ အဒေါ့်ကို ရွာသွားပြီး အဖေနဲ့သွားတွေ့လိုက်ဦးမယ်ဟု ခွင့်ပန်တော့ အဒေါ်က သုံးနာရီတောင်ထိုးတော့မယ်.. ညမိုးမချုပ်ခင်တော့ ပြန်လာခဲ့ ဟု ပြောပြီး ခွင့်ပြုသည်။ ကျောပိုးအိတ်ကောက်လွယ်ပြီး ကျွန်တော် ဆိုင်ကယ်တက်စီ တစ်စီးငှားလိုက်သည်။ ကားလမ်းတစ်လျှောက် တွေ့ရသော မြင်ကွင်းများသည် အရင်ကနှင့် သိပ်ပြီးကွာခြားသွားသည်မရှိ။ ကျွန်တော့်စိတ်တွေ ရွာဆီသို့ အရင်ရောက်နှင့်နေခဲ့ပြီ။ ရွာမှာ ဘယ်လိုပြောင်းလဲမှုတွေကိုများ မြင်ရမှာပါလိမ့်. ကျွန်တော် သိပ်သိချင်ပါသည်။ 

 ဒါက မိုးကုတ်မြို့၏ ကျက်သရေဆောင် ချမ်းသာကြီးဘုရားဖြစ်ပါသည်။ တပို့တွဲလဆိုလျှင် ချမ်းသာကြီး ဘုရားပွဲကို နှစ်စဉ်ကျင်းပလေ့ရှိသည်။


ယခု ဖူးတွေ့ရသည်က ဖောင်တော်ဦးမြတ်စွာဘုရားကိန်းဝပ်စံပယ်ရာ ကျောင်းတော်ဖြစ်ပါသည်။  ချမ်းသာကြီးဘုရားပွဲအပြီး တပေါင်းလဆိုလျှင် ဖောင်တော်ဦးဘုရားပွဲကို ဆက်တိုက်ဆိုသလို ကျင်းပလေ့ ရှိပါသည်။ ငယ်ငယ်တုန်းကတော့ အဆိုပါ ဘုရားပွဲတွေရောက်လျှင် အမြဲ ပျော်ဖို့ကောင်းခဲ့သည်ကို အမှတ်ရမိပါသေးသည်။

2 April 2012

အမှတ်တရအချိန်များ ၃

ဒါက အပိုင်းသုံးပါ..
  ခရီးတစ်ခေါက်သွားရတာ တင်လို့ မဆုံးနိုင်ဘူးဖြစ်နေတယ်လို့တော့ မပြောပါနဲ့နော့.. စိုင်းစိုင်းက အဲ့လိုပဲ အရစ်ရှည်ပါတယ်.. သူငယ်ချင်းအရင်းခေါက်ခေါက်တွေ ပိုသိပါတယ်ခင်ဗျ.. ဟီး.

 

ဒါက မနက် နေထွက်အလာကို လှမ်းရိုက်ထားတာပါ... တောင်စောင်းပေါ်ကနေ ထွက်ပြူလာတဲ့ နီကျင်ကျင် နေမင်းကြီးကို အိမ်ခေါင်းရင်းက ငှက်ပျောခင်းနဲ့ တွဲပြီး မြင်ရတာ တကယ့် ကျေးလက်အရသာ.
ရန်ကုန်မှာဆိုရင် နေဘယ်အချိန်ထွက်လို့ ဘယ်အချိန်ဝင်သွားမှန်းတောင် သတိမထားမိဘူး..


မနေ့က ညစားကြည့်ပြီးတော့ သွားရည်ယိုခဲ့တယ်မဟုတ်လား.. ဟီး.. ဒါက မနက်စာပါခင်ဗျာ.. မနက်စာကလဲ ကောင်းတာပါပဲ.. ထမင်းဆီဆမ်း၊ လက်ဖက်သုပ်၊ တို့ဟူးခြောက်ကြော်၊ ကြက်ဥကြော်၊ နောက် ညောင်ချဉ်ရွက်သုပ်၊ အညာအစားအစာစစ်စစ်ဖြစ်တဲ့ ထနောင်းရွက်နုသုပ်၊ ပြီးတော့ သဘောင်္ပွင့်နဲ့ ငံပြာရည်ချက်.. မနက်စာလဲ ဗိုက်ကားအောင်စားခဲ့ရပါတယ်... နောက် လာတိုင်းလာတိုင်း ချက်ကျွေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။


မောင်တစ်ထမ်း၊ မယ်တစ်ရွက်ဆိုတာ ကြားဖူးကြတယ်ဟုတ်.. မိန်းမက ပန်းကန်ဆေးတော့ ယောက်ျားက    မောင်ရေလောင်းပေးမယ်တဲ့လေ.. ကြည်နူးဖို့ကောင်းလိုက်တာနော်... ဟီး.. အားကျထှာ...
 
  

ဒါက ခေါင်းရင်းငှက်ပျောခင်းအလွန်က သင်္ဘောသီးခင်း  သင်္ဘောသီးတွေက မမှည့်သေးလို့နဲ့တူတယ်.. မစားလိုက်ရဘူး.. မှည့်နေတဲ့အလုံးများ ရှိမလားလို့ လိုက်ကြည့်ပါသေးတယ်.. တစ်ခင်းလုံးသာ ကုန်သွားတယ်.. မှည့်နေတဲ့ သင်္ဘောသီး မတွေ့ခဲ့ရဘူး..  နောက်တစ်ခါပေါ့ကွာ သင်္ဘောသီးရာ.. ထင်းခွေမကြုံ ရေခပ်ကြုံဦးမှာပါ.. ငှဲငှဲ..

 

ကွမ်းခြံထဲမလဲ အငြိမ်မနေပါဘူး.. ရိုက်ပေးမယ့်သူမလာသေးတော့ ကိုယ့်ဘာသာကိုယ် ဖမ်းရိုက်ထားတယ်. ဘယ်ရမလဲ.. နာကွ... ဟမ်းဟမ်း


ဒါက သူငယ်ချင်းက ရိုက်ပေးပါဆိုလို့ ရိုက်ပေးထားတဲ့ နှင်းဆီပန်းပုံ.. ပွင့်ဖတ်က တစ်လွှာပဲပါတော့ ထူးဆန်းလို့ ရိုက်ပေးပါတဲ့... ရိုက်လိုက်တာ စိုင်းစိုင်း ခြေထောက် ပါသွားတယ်.. ဟီး


ဒါက ရွာအဝင်က ထန်းပင်နှစ်ပင်ကြားမှာ.. ကုက္ကိုပင်အောက်က စာဥတော့ ဘယ့်နှယ်နေတယ် မသိဘူး.. ထန်းနှစ်ပင်ကြားက စိုင်းစိုင်းကတော့ အဲ့ဒီလို ကြာကြာ မရပ်နိုင်ပါဘူး.. ညောင်းတယ်ဗျ..

ဆုကဗျာရဲ့ စနက်ပ်ရှော့ကို အားကျလို့ ဓါတ်ပုံရိုက်နေတာကို ပြန်ရိုက်ခဲ့တယ်..  လျှပ်တစ်ပြက်ပဲ.. ဟဲဟဲ


 ဒါက ညက စားခဲ့တဲ့ သရက်ကင်းတွေရဲ့ အပင်ထင်ပါ့.. သူတို့ဆီမှာ သရက်သီးပေါချက်ကတော့ မှည့်ချိန် ကြွေချရင် နွားကျွေးပစ်တာပဲတဲ့.. ဟင့်.. ရန်ကုန်မှာ နေတဲ့ ကိုယ့်ကိုယ်ကိုပဲ သနားမိတော့တယ်..

 ဒါက လက်ဆောင်ပါးပေးလိုက်တဲ့ လက်ကျန် ရှောက်ချိုသီးတွေ.. စားလို့ကောင်းတယ်ဗျ.. ခု အပင်ပေါ်က ဆွတ် အခုစားဆိုတော့.. အရသာပြည့်ဝ အရည်ရွှမ်း ဆိုးဆေး တို့ဆေး လုံးဝမသုံး.. တကယ့် သဘာဝ..

အပိုင်းလေးတော့ မဆက်တော့ပါဘူး.. တမုတ်ရွှေဂူကြီးဘုရားအကြောင်းကို သတ်သတ်ရေးဖြစ်တော့မှပဲ ပုံတွေကို ထပ်တင်ပေးပါတော့မယ်.. ကျေးဇူးတင်ပါ၏..

21 March 2012

အမှတ်တရ အချိန်များ


                              ဒါက စိုင်းစိုင်းတက်ခဲ့တဲ့ ကျောင်း၊ ကျောက်ဆည် နည်းပညာတက္ကသိုလ်ပေါ့ဗျာ

 ဇော်ဂျီအထက်ဆည်ဟု စိုင်းစိုင်းတို့ ခေါ်ကြသော ဆည်တစ်နေရာ.. နွေဆိုတော့ ရေတွေ ခန်းပေါ့

တလောက စိုင်းစိုင်း မန္တလေးသို့ ကျောင်းကိစ္စနှင့်အတူ အလည်ရောက်ခဲ့သည်။ စိုင်းစိုင်းသည် ကျောက်ဆည်တွင် ခြောက်နှစ်တိတိ ကျောင်းတက်ခဲ့သည့်အတွက် မန္တလေးသည် စိုင်းစိုင်းအတွက် ကျောင်းတက်ကတည်းက အမြဲသွားနေကျ မစိမ်း။ မန္တလေးသည် စိုင်းစိုင်းအတွက် အမှတ်တရများစွာတည်ရှိရာဖြစ်သလို သူငယ်ချင်းရင်းချာများ စုစည်းရာလဲဖြစ်သည် 

ကျောင်းပြီးသွားတာ ကြာပြီဆိုသည့်တိုင် တစ်နှစ် တစ်ခေါက်လောက်တော့ အနည်းဆုံးရောက်ဖြစ်သည်။ မန္တလေး ကိုလည်း တစ်နှစ် နှစ်ခေါက်လောက်တော့ရောက်သည်။ ရောက်တိုင်းလဲ သူငယ်ချင်းတွေ ဆုံဖြစ်ကြသည်။ စိုင်းစိုင်း၏  သူငယ်ချင်းအတော်များများသည် မန္တလေးအနီးတဝိုက်မှ ဖြစ်သည့်အတွက် များသောအားဖြင့် မန္တလေးမှာပဲ ပြန်အခြေချ ကြသည်။ အချို့သော သူငယ်ချင်းများလောက်သာ နိုင်ငံခြား သို့မဟုတ် ရန်ကုန်သို့ တက်လာကြသည်။ 

ဒီအတွက် စိုင်းစိုင်းသာ မန္တလေးသို့ တက်မလာလျှင် သူငယ်ချင်းများ ဆုံကြရန် ခဲယဉ်းသည်။ ယခုတစ်ခေါက် မန္တလေးခရီးက အရင်အခေါက်တွေနှင့်မတူ။ ခရီးမစခင်မှာပင် အလွဲလေးနှင့်စသည်။ 

စိုင်းစိုင်းဖြတ်ထားသည့် ကားလက်မှတ်က ည ၉ နာရီကား။ သူငယ်ချင်းတွေကို ပလိပ်လမ်းဆုံမှာဆင်းမည်။ လမ်းဆုံ မရောက်ခင် ဖုန်းဆက်မည်။ လာကြိုဟု ဖုန်းကြိုဆက်ထားပြီးပြီ။ အောင်မင်္ဂလာ ကားဝင်းကို ၇ နာရီ မထိုးခင်မှာ ရောက်နှင့်သည်။ တစ်ယောက်တည်း အေးအေးဆေးဆေး ထိုင်စောင့်မည်ပေါ့။ ၇ နာရီကျော်တော့ စိတ်ထဲမှာ မှတ်ပုံတင် ပါမလာဘူးထင်သည်ဆိုပြီး အိတ်တွေထဲ လျှောက်နှိုက်ကြည့်တော့ ထင်သည့်အတိုင်းပါမလာ။ ဒုက္ခနှင့် လှလှတော့ တွေ့ကြပြီ။ မှတ်ပုံတင်က ရုံးမှာကျန်နေခဲ့ပြီ။ ကားတစ်စင်း ခပ်မြန်မြန်ငှားရသည်။

 ရုံးက ဆူးလေနားမှာဆိုတော့ သွားရမည့် ခရီးအတွက် အချိန်လောက်မလောက် မသေချာ၊ မတတ်နိုင် မှတ်ပုံတင်သည် အရေးကြီးသည်။ ပါမလာလျှင် ဘာဖြစ်မလဲ ကြိုပြောလို့မရ။ ကားကို အသွားအပြန် ၉၀၀၀ နှင့်ငှားပြီး ကားဝင်းကို ကိုးနာရီမထိုးခင်အရောက်မောင်းခိုင်းရသည်။ သို့သော်လည်း ရန်ကုန်မြို့၏ တိုးတက်လာသော ကားအစီးရေ နှင့် ကွန်ကရစ်လမ်းခင်းနေသော လမ်းပိုင်းများကြောင့် ကားပိတ်ချက်က ရက်စက်သည်။ ကိုးနာရီတော့ မမီ ကားဂိတ်ကိုလဲ ဖုန်းဆက်ရသေးသည်။ လာနေပြီဖြစ်ကြောင်းနှင့် အနည်းငယ်စောင့်ပေးပါရန်ပြောတော့ ဖုန်းဖြေကြားသူက ဆယ်မိနစ် စောင့်ပေးမည်ဖြစ်ကြောင်းပြောတော့မှ စိတ်အနည်းငယ်ချမ်းသာရာရသည်။ ကားပေါ်သို့ရောက်ပြီး ဆယ်မိနစ်လောက်နေမှ ကားထွက်သည်။ 

ကားပေါ်တွင် ဖွင့်ထားသည့် အဲကွန်းက အနုတ်ဒီဂရီများ ရောက်နေပြီလား ထင်မိသည်။ အဲကွန်းအေးစိမ့်နေမှ ကားကောင်းသည်ဟု ထင်ကြသလားမသိ။ တော်တန်ရုံအအေးဖွင့်ထားတော်ရောပေါ့။ အနွေးထည် မပါသော စိုင်းစိုင်း အအေးဒဏ်ကို လူးလှိမ့်နေအောင် ခံလိုက်ရသည်။ ( ရန်ကုန်မှာ တော်တော်ပူနေပြီဖြစ်သည့်အတွက် မန္တလေးမှာလဲ အအေးပေါ့လောက်ပြီထင်ပြီး အနွေးထည် မယူလာမိသော ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရတော့မှာပေါ့ ) ၁၁၅ မိုင်ဂိတ်မှာ ထမင်းစားနားပြီး ပြန်အတက်မှာ ကားဒရိုင်ဘာကို အဲကွန်းအအေးလျှော့ပေးပါရန်တောင်းပန်တော့မှ နေသာ ထိုင်သာ ရှိသည်။ 

ညနေက သူငယ်ချင်းတွေကို ပလိပ်လမ်းဆုံမှာ ဆင်းမည်ဟု ဖုန်းဆက်ထားသည်။ သို့သော် ယခုသွားမည့် ကားသည် လမ်းဟောင်းမှ မသွား လမ်းသစ်သွားမည့် ကားဖြစ်သည့်အတွက် ပုလိပ်လမ်းဆုံသာ ဆိုရသည် ဘယ်နားမှာ ဆင်းရမည်ဆိုတာ စိုင်းစိုင်းမသိ။ ကိစ္စတော့ မရှိလောက်ပါ။ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်လုံး ဖုန်းလိုင်းတွေ မိအောင် လုပ်ပေးထားသည်တဲ့။ ဖုန်းဆက်လိုက်မှာပေါ့ဟု လျှော့တွေးလိုက်သည်။ 

ဆင်းရသည့် ပလိပ်လမ်းဆုံဆိုသော နေရာသည် မန္တလေး လေယာဉ်ကွင်းအသွားလမ်းနှင့် အမြန်လမ်းမ ဆုံသော နေရာဖြစ်သည်။ အနီးအနားတွင် လူနေအိမ်တစ်လုံးမှမရှိ။ ကိစ္စမရှိ။ သူငယ်ချင်းကို ဖုန်းဆက်လိုက်ဦးမည်။ သူ့အိမ်နှင့် နီးသည်ဟု သူပြောထားသည်ပဲ။ ဖုန်းကို ထုတ်လိုက်တော့ No Network Coverage .. သေပြီဆရာ သေပြီ။ ဘယ်လို လုပ်ရမလဲ။ ဟိုဟိုသည်သည် လျှောက်ကြည့်တော့ လမ်းဆုံထောင့်မှာ ဆိုင်ကယ်နှစ်စီး သုံးစီး ရပ်ထားတာကို တွေ့ရသည်။ ဆိုင်ကယ်တက်စီထင်ပါ့။ ဘယ်သွားမလဲ ညီလေး ဟု သူမေးတော့ ကျွန်တော်ဒုတိအကြိမ်မြောက် ဒုက္ခနဲ့ ထပ်တိုးသည်။ ကျွန်တော့် သူငယ်ချင်းအိမ်က ဘယ်နားမှာလဲ ကျွန်တော်မသိ။ တခြား သူငယ်ချင်းတွေအိမ်ကို ကျွန်တော် ရောက်ဖူးသည်။ သူ့အိမ်ကိုတော့ တစ်ခါမှ မရောက်ဖူးခဲ့။ ပလိပ်ဆိုတာထက်ကို ပိုမပြောပြတတ်တော့။ မငှားတော့ဘူးအကို လာကြိုမယ့်သူ ရှိတယ်ဟု ဖြီးလိုက်ရသည်။ မနက် ၅ နာရီခွဲကျော်မှာ မန္တလေး၏ မတ်လဆန်းသည် အနွေးထည် မပါသော ကျွန်တော့်ကို ကောင်းကောင်းနှိပ်စက်နိုင်ပါသေးသည်။ 

၁၅ မိနစ်လောက် ဒုက္ခ ခံအပြီးမှာတော့ မန္တလေး မြင်းခြံ ဘတ်စ်ကားကြီးတစ်စီး လမ်းမပေါ်သို့ရောက်လာသည်။ ကျွန်တော် ကားကို အားရဝမ်းသာ တားပြီး ပလိပ်မြို့ထဲရောက်မရောက် မေးရသည်။ ရောက်သည်ဆိုတော့ ဝမ်းသာလိုက်သည် ဖြစ်ခြင်း။ ၁၀ မိနစ်လောက် ကားစီးအပြီးမှာတော့ ကျွန်တော်သိသော ပလိပ်မြို့ထဲသို့ ရောက်လာပါပြီ။ ဖုန်းလိုင်းကတော့ မတက်သေး။ မြို့ထဲ ဟိုနားလျှောက် ဒီနားလျှောက်နှင့် ဖုန်းဆိုင်လိုက်ရှာရသည်။ ဖုန်းဆက်တော့ ကျွန်တော့် သူငယ်ချင်းဖုန်းက ဧရိယာပြင်ပဆိုသည့်အတွက် သူ့ဘေးအိမ်က ဖုန်းကို ဆက်ရသည်။ သူ့ကို စောင့်နေတုန်းမှာ ကားတစ်ချို့နှင့် ဆိုင်ကယ်တစ်ချို့ တံတားဦးဘက်သို့ တက်သွားသည်ကို သတိထားမိသည်။ ဒီမိုကရေစီ သီချင်းတွေကို sound box ကြီးတွေနှင့်ဖွင့်၊ ခွပ်ဒေါင်း စတစ်ကာတွေ အလံတွေတလူလူနှင့်ဆိုတော့မှ သတိရမိသည်။ အမေစု ဒီနေ့ မန္တလေးကို လာမှာပါလား။ ဖုန်းလိုင်းတွေ ပြတ်ကုန်တာ ဒါကြောင့်လား မသိဘူးဟု မဆီမဆိုင်တွေးမိသည်။

( နောက်ပိုင်းမှာ သိရသည်က အမေစုလာမည်ဆိုလို့ ဖုန်းလိုင်းတွေ ကျခြင်းမဟုတ်ပါတဲ့။ စက်ပစ္စည်း တစ်ခု ချို့ယွင်းသွားခြင်းကြောင့် လိုင်းများပြတ်တောက်ကုန်ခြင်း ဖြစ်ပါကြောင်း သိရသည်။ ဟုတ်မှာပါ။ စီဒီအမ်အေတွေက ဘာမှ မဖြစ်ဘဲ ဂျီအက်စ်အမ်ဖုန်းလိုင်းတွေသာ ပြတ်တောက်ကုန်ခြင်းဖြစ်သည်။ သို့ရာတွင် အင်တာနက်လိုင်းများ နှေးကွေးသည်ကတော့ ဘာကြောင့်မှန်းမသိ။ ပက်ပက်စက်စက် လိပ်တက်နေသော အမြန်နှုန်းများနှင့်ဖြစ်ပါသည်။ )

သူငယ်ချင်းလာကြိုတော့ လက်ဘက်ရည်ဆိုင်ခဏထိုင် မုန့်စားရင်း တခြားသူငယ်ချင်းတွေကို ကျွန်တော် ရောက်ပြီဆိုသည့်အကြောင်း လှမ်းအကြောင်းကြားရသည်။ နံနက် ၈ နာရီအတိမှာ သူတို့နှင့် ဆုံကြရန် ချိန်းသည်။ ပြီးမှ ကျောက်ဆည်သွားမည်။ ကျောင်းကိစ္စတွေလုပ်ရမည်။ ပြီးလျှင် ကျွန်တော်တို့ ခဏ နားကြမည်ပေါ့။ လောလောဆယ်တော့ ကျွန်တော့်သူငယ်ချင်းအိမ်မှာ ခဏသွားနားသည်။ ဆိုင်ကယ်မစီးရတာ ကြာနေပြီဖြစ်သော ကျွန်တော့်အတွက် ဆိုင်ကယ် စီးရခြင်းက လွတ်လပ်ပေါ့ပါးမှုတစ်မျိုးကို ပြန်လည်ခံစားရစေသည်။ ရန်ကုန်မှာလို လိုင်းကားတွေကို တိုးစီးနေရသော အချိန်များနှင့်တော့ တခြားစီပေါ့။ လေအေးအေးများက မျက်နှာကို တိုးဝှေ့ကျီစယ်ပြီး ဆံပင်ထဲမှာ လူးလွန့်သွားကြသည်။ အညာရှုခင်းကလဲ ကျွန်တော့်အတွက် ခံစားမှုအသစ်။ ကျောင်းတက်ခဲ့စဉ်တုန်းကလို ခံစားမှုမျိုး လွတ်လပ်မှုမျိုးကို ကျွန်တော် ပြန်ခံစားရသည်။ 


 မနက်စာ စားနေတဲ့ နွားနှစ်ကောင်.. သူငယ်ချင်းအိမ်မှာ ရိုက်ထားတာပါ.. ဘာရယ်မဟုတ် အညာ အမှတ်တရပေါ့ဗျာ..


ဒီနေရာမှာပေါ့ဗျာ စိုင်းစိုင်းစောင့်လိုက်ရတာ ဖုန်းလိုင်းကလဲ မမိ၊ ချမ်းကလဲ ချမ်း.. နံနက်မလင်းခင် မှောင်မှောင်မည်းမည်းထဲ တစ်ယောက်တည်း .. လူနေအိမ်တွေနဲ့လဲ ဝေး... ဟူး
 ဒါက သူငယ်ချင်းအိမ်ကို သွားတဲ့ လမ်းတစ်လျှောက်.. တမာပင်တွေ ထနောင်းပင်တွေ အညာဘက်မှာ ပေါက်တဲ့အပင်တွေက လမ်းဘေး ဝဲယာမှာ စီလို့.. မနက်စောစောဆိုတော့ လူလဲရှင်းပြီး မြင်ကွင်းက ရှင်းနေတာ

ဒုတိယပိုင်း ဆက်ပါဦးမည်။

13 February 2012

Barcamp Yangon 2012

ဒီနေ့မနက် အိပ်ရာက စောစောထပြီး မနေ့က ကျန်တဲ့ ထမင်းကြမ်းကို ကြက်ဥနဲ့ရောကြော်ပြီး နို့တစ်ခွက်နဲ့ မနက်စာစား။ ပြီးတော့ လိုင်းကားစီးပြီးလှိုင်တက္ကသိုလ်နယ်မြေထဲကို ၈ နာရီအရောက်လာခဲ့တယ်။ MICT ထဲမှာ BarCamp Yangon 2012 ပွဲ ရှိတယ်လေ။ သူငယ်ချင်းတစ်ယောက်ကို စောင့်နေရတာနဲ့ အဖွင့်ပွဲကို
မမီလိုက်ဘူး။ အဲဒီအတွက် အမေစုရဲ့ Speech ကို လွတ်သွားတယ်လေ။ ကံမကောင်းချက်။

မန္တလေး BarCamp ပုံတွေကို အင်တာနက်မှာတွေ့ရတာကတော့ အားရစရာပဲ။ ဒီရန်ကုန်ပွဲမှာ Wifi Free လွှင့်ပေးထားမှာဆိုတော့ ဒီမှာတွေ့ရတာတွေကိုချက်ချင်းအင်တာနက်ပေါ်တင်လို့ရအောင် လက်ပ်တော့ပ် လေးလဲယူခဲ့တယ်။ ရိုက်ချင်တာ ရိုက်ရအောင် သူငယ်ချင်းဆီက ကင်မရာ ငှားလာတယ်။ ဖုန်းမှာပါတဲ့ ကင်မရာသုံးစားလို့ မရဘူးဆိုတာ ပြီးခဲ့တဲ့ ရှမ်းပွဲမှာကတည်းက ပေါက်သွားပြီ။ (ဖုန်းက စိုင်းစိုင်း ကိုယ်ပိုင်မဟုတ် အဟီး.. ငါးထောင်ဒါမှမဟုတ် အဲ့ထက်နည်းတဲ့ ဈေးနဲ့ ရမှပဲ စိုင်းစိုင်းကိုယ်ပိုင်ဖုန်း ဝယ်ကိုင်မှာ )