မပြန်တာကြာပြီဖြစ်သော ကျွန်တော့် ဇာတိမြေသို့ ပြီးခဲ့သည့်လက
ကျွန်တော်အပြန်ရောက်ခဲ့ပါသည်။ ကျွန်တော့် ညီဝမ်းကွဲ ရှင်ပြုအတွက် ရန်ကုန်မှ မိသားစုဝင်များ
ကိုယ်စား တက်ရောက်ပေးခြင်းဖြစ်ပါသည်။ အမှန်အတိုင်းပြောရလျှင် ကျွန်တော် မိုးကုတ်သို့
မပြန်ဖြစ်ခဲ့သည်မှာ တော်တော်ကြာနေပါပြီ။ မှတ်မှတ်ရရ ၂၀၀၈ ခုနှစ်က နောက်ဆုံး ပြန်ခဲ့သည်ဟု
ထင်သည်။ မိုးကုတ်ပြန်လျှင် ရန်ကုန်မှ မန္တလေး၊ ထိုမှတဆင့် ကားပြောင်းစီးရသည်ဖြစ်ရာ အချိန်ကုန်လှသည်။
၂၀၀၂ ခုနှစ် ဆယ်တန်းဖြေပြီးချိန်မှစ၍ ရန်ကုန်တွင်သာ အနေများခဲ့သည်။
ကျောက်ဆည်တွင် ကျောင်းတက်ခဲ့သည့် ၆ နှစ်တာ ကာလတွင်လည်း ကျောင်းပိတ်လျှင် မိုးကုတ်သို့
မပြန်ဖြစ်ခဲ့ဘဲ ရန်ကုန်သို့သာ ပြန်လာဖြစ်ခဲ့သည်။ မှတ်မှတ်ရရ ၂၀၀၂ မှ ၂၀၁၂ခုနှစ်အတွင်း
ဆယ်နှစ်တာ ကာလတွင် ကျွန်တော် မိုးကုတ်သို့ ပြန်ခဲ့သည့် အကြိမ်က လက်ချိုးရေ၍ ရနိုင်သည်။
ငါးကြိမ်ခန့်သာရှိမည်ဟုထင်သည်။ ပုံမှန်အချိန်တွင် ကျွန်တော့်ကို မိုးကုတ်ပြန်မလားဟု
လာမေးပါက ခေါင်းခါ၍ ငြင်းမိမြဲ။ မပြန်လိုခြင်းမဟုတ်သော်လည်း မိုးကုတ်တွင် ကျွန်တော်နှင့်
သက်ဆိုင်သော အရာများက မရှိသလောက်ပင်ဖြစ်ရာ ပြန်ခြင်း မပြန်ခြင်းသည် ဘာမှ ထူးခြားမလာဟု
ကျွန်တော်ထင်သည့်အတွက် မပြန်ဖြစ်ခဲ့။
သို့သော် ယခု ကျွန်တော့်ညီလေးဝမ်းကွဲ ရှင်ပြုအတွက် သွားရမည့်သူက
ကျွန်တော်မှလွဲ၍ မည်သူမှမရှိ။ အဘွားနှင့် အကိုက သွားချင်သော်လည်း အဘွားကို ခရီးပန်းမည်စိုးသောကြောင့်
မသွားစေလို။ အကိုကတော့ အလုပ်မအား။ ကျွန်တော်လည်း မအားပါ။ သို့သော် ကျွန်တော့်အကိုအလုပ်ထက်စာလျှင်
တာဝန်သိပ်မကြီးသည့်အတွက် ကျွန်တော် လာမည်ဟု မိုးကုတ်အိမ်ကို အကြောင်းကြားလိုက်သည်။
ပြန်ရမည့်ရက် နီးကပ်လာလေလေ စိတ်လှုပ်ရှားလေဖြစ်သည်။ နောက်ဆုံးပြန်ဖြစ်ခဲ့သည့်အချိန်နှင့်
ယခုအချိန်ကြား လေးနှစ်မျှ ခြားနေခဲ့ပြီ။ ကျွန်တော်ငယ်စဉ်က သိခဲ့သော မိုးကုတ်နှင့် ယခုမိုးကုတ်
ဘာတွေ ကွာခြားနေမလဲ ကျွန်တော်သိချင်လှသည်။
မတ်လ ၂၂ ရက်နေ့ ညတွင် မန္တလေးသို့ ကျွန်တော်ထွက်ခဲ့သည်။
ကျွန်တော့် ညီမဝမ်းကွဲ (ရှင်ပြုမည့် ညီ၏ အစ်မ) လဲ ပါသည်။ မတ်လအတွင်း မန္တလေးသို့ ဒုတိယအကြိမ်
ခရီးသွားခြင်းဖြစ်ပါသည်။ မန္တလေးရှိ သူငယ်ချင်းကို လာကြိုရန်ဖုန်းဆက်သည်။ မနက် ၆ နာရီခန့်တွင်
ကျွဲဆန်ကန် ကားဝင်းသို့ ရောက်သည်။ သူငယ်ချင်းလာအကြိုကို ခဏမျှ စောင့်လိုက်ရသည်။ ပြီးတော့
ညီမလေးကို သူ့သူငယ်ချင်းအိမ်လိုက်ပို့ပြီး ကျွန်တော်တို့ လက်ဘက်ရည်ဆိုင်မှာ မနက်စာ
စားကြသည်။ ပြီးတော့ ကျွန်တော်တို့ ကျောက်ဆည်နည်းပညာတက္ကသိုလ်သို့ ခရီးဆက်ခဲ့ကြသည်။ ပထမတစ်ခေါက်
လာစဉ်က မပြီးပြတ်သေးသော ကျောင်းကိစ္စများကို အပြတ်ဖြတ်မည်ဆိုသော စိတ်ကူးများနှင့် အမိကျောင်းတော်ကြီးသို့
ချီတက်ခဲ့ပါသည်။ ဒီနေ့ပြီး နက်ဖြန်မနက် မိုးကုတ်တက်မည်ပေါ့။
တစ်ခါတစ်ရံတွင် ဖြစ်တတ်ပါသည်။ ကံသည် ကြံဖန်ပြီး ဆိုးတတ်ပါသည်။
မော်ကွန်းထိန်းထံရောက်တော့ ပြီးခဲ့တစ်ခေါက် တင်ထားခဲ့သော ကိစ္စတွေက မပြီးသေး။ ခုမှ စလုပ်ရသည်။
သွားပါပြီ။ Grading နဲ့ GPA ထုတ်တာ ဒီလောက်ခက်ခဲမှန်း သိခဲ့လျှင် ကျောင်းပြီးကတည်းက
တစ်ခါတည်း ထုတ်ပါသည်။ ပြီးတော့ စာသွားစီတော့
စာစီစာရိုက်လုပ်ပေးသည့် ဆရာမက စာမေးပွဲအခန်းစောင့်ကျသည်တဲ့။ နက်ဖြန်မှ လာယူပါတဲ့။ မတတ်နိုင်တော့။
မိုးကုတ်ကို တစ်ရက်နောက်ကျမှ သွားရတော့မှာပေါ့လေဟု တွေးဖြေသိမ့်သည်။ မန္တလေးပြန် ညအိပ်
နောက်တစ်နေ့မနက် ကျောက်ဆည် ပြန်လာရန် အားမွေးသည်။
နောက်တစ်နေ့ မနက်မှာ စိုင်းစိုင်း၏ သူငယ်ချင်းတစ်ယောက်
ဖုန်းဆက်လာသည်။ သူကလဲ AIT တွင် ကျောင်းလျှောက်မည်တဲ့။ စိုင်းစိုင်းကို မော်ကွန်းထိန်းထံမှ
recommendation တောင်းခဲ့ပါဟုဆိုသည်။ အင်းလေ ဘယ်တတ်နိုင်မလဲ ကိုယ်က ကျောက်ဆည်ရောက်နေပြီပဲ
လုပ်ပေးရမှာပေါ့။ မနေ့က တင်ထားခဲ့သော Grading နှင့် GPA စာရွက်စာတမ်းများကို စစ်ဆေးပြီးတော့
သူငယ်ချင်းအတွက် recommendation ရေးပေးရန် ဆရာမကို ဘယ်လိုပြောရမလဲ စဉ်းစားသည်။ စိုင်းစိုင်းဆီမှာတော့
စာတွေက စုံနေပြီ။ သို့သော် မော်ကွန်းထိန်းဆီက တောင်းခဲ့ခြင်း မဟုတ်။ သူငယ်ချင်းအတွက်
တောင်းပေးပြီး ကိုယ်ကျတော့ မတောင်းဘူးဆိုလျှင် ဆရာမ တစ်မျိုးတစ်မည် ထင်သွားမည်ကိုလဲ
စိုးပါသည်။ ထို့အတွက် မထူးပါဘူးလေဟု တွေးပြီး နှစ်စောင်တောင်းလိုက်သည်။ ပြဿနာက ဒီမှာ
ထပ်စပါသည်။ သား နောက်တစ်ပတ်မှ လာယူလိုက်တော့တဲ့။ စိုင်းစိုင်း ဆံပင်မွေးတွေ အားလုံးထောင်သွားသလို
ခံစားလိုက်ရသည်။ ဘာလို့ ဒီကျောင်းကို ခဏခဏ လာနေရပါလိမ့်နော်.. စိတ်က တိုစပြုသည်။ မိုးကုတ်က
ပြန်လာလျှင် ကျောက်ဆည် မဝင်ချင်တော့။ မန္တလေးမှာ ခဏနားပြီး ညကားစီးပြီး ရန်ကုန်ကို တန်းဆင်းမည်
စိတ်ကူးထားသည်များက အခုတော့ သွားပါပြီ။ အင်း.. သူငယ်ချင်းကို ယူခိုင်းလို့ရမှာပါလေဟု
စဉ်းစားကာ ဟုတ်ကဲ့ဟု ခေါင်းညိတ်ခဲ့လိုက်သည်။
ည မန္တလေးပြန်ရောက်တော့ မိုးကုတ်ကားဂိတ်သို့ ကားလတ်မှတ်သွားဖြတ်သည်။
လာကြိုရမည့် နေရာပြောပြီးသည့် နောက် ၂၄ လမ်းမှ သူငယ်ချင်းတစ်ယောက်ထံဝင်သည်။ စကားနည်းနည်းပါးပါးပြောပြီး
ညကျမှ ထပ်တွေ့ရန် ချိန်းလိုက်သည်။ အိမ်ပြန် ရေမိုးချိုးပြီး မန္တလေးသို့ နောက်တစ်ခေါက်
ထပ်ချီတက်ကြသည်။ ရွှေခိုင်အကင်ဆိုင်တွင် အကင်စား၊ အချိုရည်သောက် ထွေရာလေးပါး လျှောက်ပြောပြီး
ည ၉ နာရီလောက်မှာ အိမ်ပြန်သည်။
နောက်တစ်နေ့ (၂၄) ရက်နေ့ မနက် ၇ ခွဲတွင် ကားလာကြိုသည်။
ဗင်ကားထဲတွင် ဘုန်းကြီးသုံးပါး၊ ကားမောင်းသူနှင့် စိုင်းစိုင်း။ ဘုန်းဘုန်းသုံးပါးပြောသော
အကြောင်းအရာများကို နားလည်တစ်ချက် မလည်တစ်ချက် နားထောင်ပြီး မိုးကုတ်သို့ ဦးတည်ခဲ့သည်။
ဘုန်းဘုန်းတို့ပြောသော အကြောင်းအရာများကတော့ မ ဟ န ဆိုလား ဘာလား၊ နောက် ရွှေညဝါ ဆရာတော်အကြောင်းလဲပါသည်။
ရှင်ဂမ္ဘီရအကြောင်းတွေလဲပါသည်။ နောက် တခြား ဘာသာတွေနှင့် ဗုဒ္ဓဘာသာ တွေ၏ ကွာခြားပုံတွေကို
ကြားရသည်။ ထူးထူးဆန်းဆန်း ဘာသာခြားတစ်ယောက်က သူ့ကျောင်းပိုင်မြေကို ကာကွယ်ပေးသည့်အတွက်
အဆိုပါပုဂ္ဂိုလ်ကို ကျောင်းထိုင်ဘုန်းကြီးက ရပ်ရွာအကျိုးဆောင်အဖြစ် ထောက်ခံပေးသည်တဲ့။
မြတ်စွာဘုရား… ဘာတွေများဖြစ်ကုန်ပြီလဲ။ ခြေလှမ်းသွက်လှချေလား ဘာသာခြားတွေက။ ထားပါတော့လေ။
မနက် ၇ နာရီခွဲကတည်းက ထွက်လာသော ကားသည် နေ့လည် ၂ နာရီသာသာခန့်
တွင်တော့ စိုင်းစိုင်း၏ အဒေါ်အိမ်ရှေ့တွင် ဆိုက်ပါသည်။ အထုပ်တွေဆွဲပြီး ကားပေါ်က ဆင်းသည်။
အိမ်ခြံဝင်းတံခါးရှေ့အရောက်တွင် စိုင်းစိုင်း၏ ညီဝမ်းကွဲကလေး အပြေးလေး လာကြိုသည်။ သူသည်
စိုင်းစိုင်းကို တစ်နေ့လုံးမျှော်နေခဲ့သည်ဟု ဦးလေး ပြောသည်တွင် စိုင်းစိုင်း စိတ်မကောင်းဖြစ်ရသည်။
မျှော်ရတာ ဘယ်လောက်မောတယ်ဆိုတာ စိုင်းစိုင်းသိပါသည်။ ညီလေးကို ခေါ်ပြီး ဈေးထဲရှိ အဒေါ့်ဆိုင်သို့
ရောက်ပြီဆိုသည့်အကြောင်း သွားပြောရသည်။ ယခင်က စည်ကားလှသည့် ဈေးကြီးသည် အခုချိန်တွင်
လူခပ်ကျဲကျဲသာ ရှိတော့သည်ပဲ။ ဆိုင်နီးနားချင်းတွေက စပ်စုသည့် အကြည့်များနှင့် စိုင်းစိုင်းကို
လှမ်းကြည့် ကြသည်။ အဒေါ်က ဒါ ကျွန်မ သားအကြီးဆုံးလေ ဟု ခပ်နောက်နောက်ဆိုသည်။ ကျွန်တော့်စိတ်ထဲတွင်
အမေ့ကို သတိရမိသည်။ အမေ့နောက်တွင် အဖေသည် ကပ်ပါလာသည်။ အဖေသည်လည်း ကျွန်တော့်ကို မျှော်နေမှာပဲ။
သာသနာ့ဘောင်သို့ အဖေဝင်ရောက်ခဲ့တာ လေးငါးနှစ်မျှ ရှိပြီပေါ့။
သို့သော် အဖေသည် အဖေပါပဲ။ အဖေသည် မတွေ့တာ ကြာပြီဖြစ်သော ကျွန်တော့်ကိုတွေ့လျှင် ပျော်ရှာပါလိမ့်မည်။
အဒေါ့်ကို ရွာသွားပြီး အဖေနဲ့သွားတွေ့လိုက်ဦးမယ်ဟု ခွင့်ပန်တော့ အဒေါ်က သုံးနာရီတောင်ထိုးတော့မယ်..
ညမိုးမချုပ်ခင်တော့ ပြန်လာခဲ့ ဟု ပြောပြီး ခွင့်ပြုသည်။ ကျောပိုးအိတ်ကောက်လွယ်ပြီး
ကျွန်တော် ဆိုင်ကယ်တက်စီ တစ်စီးငှားလိုက်သည်။ ကားလမ်းတစ်လျှောက် တွေ့ရသော မြင်ကွင်းများသည်
အရင်ကနှင့် သိပ်ပြီးကွာခြားသွားသည်မရှိ။ ကျွန်တော့်စိတ်တွေ ရွာဆီသို့ အရင်ရောက်နှင့်နေခဲ့ပြီ။
ရွာမှာ ဘယ်လိုပြောင်းလဲမှုတွေကိုများ မြင်ရမှာပါလိမ့်. ကျွန်တော် သိပ်သိချင်ပါသည်။
ဒါက မိုးကုတ်မြို့၏ ကျက်သရေဆောင် ချမ်းသာကြီးဘုရားဖြစ်ပါသည်။ တပို့တွဲလဆိုလျှင် ချမ်းသာကြီး ဘုရားပွဲကို နှစ်စဉ်ကျင်းပလေ့ရှိသည်။
ယခု ဖူးတွေ့ရသည်က ဖောင်တော်ဦးမြတ်စွာဘုရားကိန်းဝပ်စံပယ်ရာ ကျောင်းတော်ဖြစ်ပါသည်။ ချမ်းသာကြီးဘုရားပွဲအပြီး တပေါင်းလဆိုလျှင် ဖောင်တော်ဦးဘုရားပွဲကို ဆက်တိုက်ဆိုသလို ကျင်းပလေ့ ရှိပါသည်။ ငယ်ငယ်တုန်းကတော့ အဆိုပါ ဘုရားပွဲတွေရောက်လျှင် အမြဲ ပျော်ဖို့ကောင်းခဲ့သည်ကို အမှတ်ရမိပါသေးသည်။
5 comments:
မိုးကုတ်သူမိုးကုတ်သားတွေက ချောလဲချော နာမည်လဲကြီးကြသဟေ့ အတူနေပြီးခုပြောင်းသွားတဲ့ညီမလေးကလဲ မိုးကုတ်သူဘဲ ချောတယ်း))
ကိုစိုင်းက ချမ်းသာကြီးဘုရားကိုသွားတယ်ဆိုတော့ အရှေ့ပိုင်းကပေါ့.။ ကျွန်တော့်အမေက ရေပူကပါအစ်ကို.။ အရင်က တစ်နှစ်ကိုတစ်ခေါက်ပြန်ဖြစ်တယ်အစ်ကို.။အခုနောက်ပိုင်းတော့မရောက်ဖြစ်တော့ဘူး.။ ၇ နာရီကထွက်တာ ၂ နာရီဆိုတော့ အရင်ကထက်စာရင်တော်တော်မြန်သွားတယ်အစ်ကို.။ ကျွန်တော်တို့ သွားဖြစ်တုန်းက ဗင်နဲ့ပဲကို.. ညနေ ၅ နာရီလောက်မှရောက်တယ်.။
မြန်မာပြည်ကနာမည်ကြီးတွေထဲမှာမိုးကုတ်ပါတယ်
အဲဒီနေရာတစ်ခုပဲကျန်တယ် မရောက်ဖူးခဲ့ဘူး
နှစ်သစ်မှာ ပျော်ရွှင်ခမ်းမြေ့ပါစေ
အပေါ်ကတစ်ယောက် စံပယ်ချိုဆိုတာကကြွားတာလွန်ထှား)
အသက်ကဖြင့်ကြီးလို့ ၅၀-နားနီးနေပြီ
ကလေးတွေကြားထဲကလေးကလားလုပ်နေတုန်းဘဲ
အံ့သြဘး))
Person.com မှာ ချက်နေတာတွေ့တယ်နော်...
မိုးကုတ်အကြောင်းလေးဖတ်သွားပါတယ်နော်
ခင်တဲ့
အမဒိုးကန်ရေ.. အမှန်တရားတွေပြောသွားလို့ ကျေးဇူးတင်ပါတယ်.. ဟီးဟီး.. မိုးကုတ်သူ မိုးကုတ်သားတွေက တကယ်ချောတယ်လေနော့ ဟီးဟီး..
ကိုမိုးသက်ရေ..
ကျွန်တော်က အရှေ့ပိုင်းကပါ.. ကျွန်တော့်ဇာတိက ရေပူဟိုးအပေါ်ဘက် ကားလမ်းအဆုံးက ရွာကလေးမှာပါ.. ကျောက်နဂါးတဲ့.. အကို သိချင်မှ သိမှာ.. အဲ့ဒီရွာကလေးက ခေါင်တယ်လေ. အခုတော့ မိုးကုတ်က အရင်လို မစည်တော့ပါဘူး.. တော်တော် ပြောင်းလဲသွားပါပြီ.
အမဂျက်ရေ..
မိုးကုတ်မှာက အစားအသောက်တွေက ဈေးသက်သာတယ် အရသာလည်းရှိတယ်.. ရှုခင်းလဲလှတယ်.. လေကောင်းလေသန့်လဲရတယ်.. သွားလည်သင့်တဲ့နေရာလေးတစ်ခုပါ.. အရမ်းတော့ မစည်တော့ဘူးပေါ့ဗျာ..
ကိုဗျောက်ကြီးရေ..
လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်.. နောက်တစ်ခေါက်ကျရင် မိုးကုတ်ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ကျောက်ပန်းချီလုပ်ငန်းအကြောင်းတင်ပေးပါ့မယ်.. အားပေးပါဦးခင်ဗျ
Post a Comment