Ads 468x60px

14 February 2012

ကျွန်တော်နှင့် မသက်ဆိုင်သော နေ့

ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက် ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်။ မတွေ့ဖြစ်တာ ကြာပြီဆိုတော့ စကားတွေက တော်တော်နဲ့ မပြတ်နိုင်ဘူး။ ပြောစရာ အကြောင်းတွေကလဲ စုံတာကိုး။ ကျောင်းတုန်းက သူငယ်ချင်းတွေအကြောင်း၊ အလုပ်အကြောင်း၊ အိမ်က လူတွေ အကြောင်း။ နောက်ဆုံးတော့ ထုံးစံအတိုင်း သမီးရည်းစား အကြောင်းရောက်တော့တာပါပဲ။
ဟဲ့ နင် ရည်းစားမရသေးဘူးလား ဆိုတော့ ကျွန်တော် ရယ်ကျဲကျဲ လုပ်နေရတော့တာပေါ့။ အဲ့ဒီတော့ သူက ထပ်ကွန့်ပြန်ရော။ ချစ်သူများနေ့ ရောက်တော့မှာနော်။ သူများတကာတွေ လက်ဆောင်တွေ ကိုယ်စီ ဖလှယ်နေကြတဲ့အချိန်မှာ နင်က လက်ဆောင်လဲမရ တွဲသွားရမယ့် သူကလဲ မရှိဆိုတော့ မဟုတ်သေးပါဘူးတဲ့။ ကျွန်တော်က နင်ကရော ဘာထူးလို့လဲ ဆိုတော့ သူကလဲ ရယ်ကျဲကျဲ လုပ်နေပြန်ရော။ သေချာပါတယ် သူလဲ ရည်းစားမရှိသေးဘူးဖြစ်မယ်။

သူဖုန်းချသွားတော့ ကျွန်တော့်စိတ်ထဲမှာ ကျန်နေခဲ့တာက ချစ်သူများနေ့ ဆိုတာလေးပဲ။



မှတ်မှတ်ရရ ချောကလက်တစ်တောင့် ကျွန်တော် လက်ဆောင်ရဖူးတယ်။ အဲ့ဒါက တော်တော့်ကို ကြာခဲ့ပါပြီ။ ပထမဆုံးနဲ့ နောက်ဆုံး ရခဲ့ဖူးတဲ့ လက်ဆောင်ပဲ ဆိုပါတော့။ သူများတွေတော့ အဲ့ဒါကို ဘာလုပ်ကြတယ် ကျွန်တော် မသိဘူး။ ကျွန်တော်ကတော့ အဲ့ဒီချောကလက် ကျွန်တော့် လက်ထဲရောက်တာနဲ့ အားရဝမ်းသာကို ဖောက်ပြီး စားခဲ့တာပဲ မှတ်မိတယ်။ ဟီး…။
အဲ့ဒီနောက်ပိုင်း ချစ်သူများနေ့ဆိုတာက ဒီလိုပဲ ဘာသိဘာသာနဲ့ တစ်ယောက်တည်း ဖြတ်သန်းခဲ့တာ ဘာလိုလိုနဲ့ ခုဆို ၆ နှစ်တောင် တိုင်ပေါ့။ ချစ်သူများနေ့မှာ တူယှဉ်တွဲစရာလူမရှိလို့ စိုင်းစိုင်း တစ်ခါမှ အားမငယ်ဖူးဘူး။ ဒါပေမယ့် သူများအတွဲလေးတွေကို ကြည့်ပြီး အားကျတာတော့ ရှိသပေါ့။ ဒါပေမယ့် အဲ့ဒါက ချစ်သူများနေ့မှာ မြင်မှ အားကျတာ မဟုတ်။ သိပ်ချစ်ကြတဲ့ အတွဲတွေကို မြင်တိုင်း အားကျရတာပဲလေ။ အွန်လိုင်းပေါ်မှာဆိုလဲ အဲ့လိုပဲလေ။ ဥပမာ ကိုရင်နဲ့ မဒိုးကန် တို့ပေါ့ ဟီးဟီး။ သိတဲ့အတွဲက သူတို့ပဲ ရှိတာကိုး။ ဒါပေမယ့် သူတို့ သိပ်ချစ်ကြတာ အားလုံး အသိ ဟုတ်တယ်ဟုတ်။ အဲ့လို သိပ်ချစ်ကြတဲ့ အတွဲလေးတွေကို မြင်တိုင်း အားကျနေရတာဆိုတော့ ချစ်သူများနေ့ဆိုတာက ထွေထွေထူးထူး မဟုတ်တော့ဘူးလေ။ သိပ်ချစ်ကြတဲ့ သူတွေအတွက် နေ့တိုင်းဟာ ချစ်သူများနေ့ပဲပေါ့။

ဂျာနယ်တစ်ခုထဲမှာ ပါတဲ့အတိုင်းပြောရရင်တော့ အဲ့ဒီနေ့ ပေါ်ပေါက်လာပုံက ရေရေ ရာရာလဲ မရှိဘူးလေ။ စိုင်းစိုင်းကတော့ ဘယ်သူ့ကိုမှ ပေးစရာ မရှိသလို ဘယ်သူ့ဆီကမှလဲ ရစရာ အကြောင်းမရှိဘူးဆိုတော့ အဲ့ဒီနေ့သည် မထူးဆန်းသော နေ့လေးတစ်နေ့ပါပဲ။ တစ်ကိုယ်တည်းသမားအတွက် ဘာမှ မထူးဆန်းပေမယ့် ချစ်သူတွေ အတွက်ကတော့ ထူးတဲ့နေ့ပဲပေါ့။ သမိုင်းကြောင်းတွေ ဘာတွေ မခိုင်မာဘူးလို့ပဲဆိုဆို လိမ်ဆင်ပါပဲလို့ပြောပြော စိုင်းစိုင်းကတော့ အဲ့ဒီနေ့ကို ထောက်ခံတယ်လို့ မပြောလိုသလို ကန့်ကွက်တယ်လို့လဲ ပြောစရာ အကြောင်းမရှိပါဘူး။ အဲ့ဒီနေ့မှာ ပန်းဆိုင်တွေရောင်းကောင်းတယ်၊ အရုပ်ဆိုင်တွေလဲ ရောင်းကောင်းတယ်။ ချောကလက်တွေလဲ ရောင်းကောင်းတယ်။ လက်ဆောင်ရတဲ့သူတွေ ပျော်ကြတယ်။ ဒါဟာ သူ့ကို သူ့ချစ်သူက ချစ်တယ်လို့ ပြရာ ရောက်တယ်လေ။

တွေးမိရင်တော့ ရင်မောစရာတွေလည်း အများကြီးပါပဲလေ။ ချစ်သူများနေ့က ကျောင်းပိတ်ရက် ရုံးပိတ်ရက်မဟုတ်တဲ့အတွက်ကြောင့် တချို့ကျောင်းသူကျောင်းသားတွေ ကျောင်းလစ်တာမျိုးတွေ ကြုံဖူးတယ်။ ကျောင်းလစ်ပြီးသကာလ ချစ်သူများနေ့ကို ဘယ်သို့ ဘယ်ပုံ ဆင်နွှဲကြသည်ကိုတော့ စိုင်းစိုင်းလဲ မသိပါ။ ကြားရသမျှကတော့ နားဝမသက်သာ ဆိုတဲ့ သတင်းမျိုးတွေက တနေ့ တခြား များများလာတာကို ကျွန်တော်တို့အားလုံးအသိပါ။ ဒါဟာ ချစ်သူများနေ့ကြောင့်လို့တော့ မပြောလိုပါဘူး။ သို့သော် ချစ်သူများနေ့မှာ အဲ့လို ဖြစ်သွားတဲ့ သူတွေ ရှိကောင်းရှိမှာပါ။ ခေတ်ကြီးက ပြောင်းလာတယ်ဆိုပေမယ့် အဲ့ဒီလိုနည်းနဲ့ပြောင်းလဲလာတာမျိုးကတော့ စိတ်ပျက်စရာကောင်းပါတယ်။ အခုဆိုရင် ချစ်သူများနေ့မဟုတ်တဲ့ သာမာန်ကျောင်းဖွင့်ရက်တွေမှာတောင် ကွန်ပျူတာ ကျောင်း ယူနီဖောင်းတွေနဲ့၊ ဂျီတီစီကျောင်း ယူနီဖောင်းတွေနဲ့ လူငယ်တွေကို ရုပ်ရှင်ရုံတွေမှာ ရှော့ပင်းမောလ်တွေမှာ နောက် တခြားနေရာတွေမှာ မမြင်ချင်မှ အဆုံးပါ။ ( ဂျီတီစီက ပိုဆိုးတယ်လို့ ထင်ပါတယ် )

ဟိုတလောက အင်တာနက်မှာ လှုပ်ခတ်သွားတဲ့ ချစ်သူများနေ့အထိမ်းအမှတ် ရှိုးပွဲကြော်ငြာကြောင့် ကျွန်တော် တော်တော့်ကို တုန်လှုပ်သွားမိတယ်။ ရှိုးပွဲမှာ ဝင်ဆိုမယ့် အဆိုတော်တွေကို မပြောလိုပါဘူး။ အဲ့ဒီကြော်ငြာကို စိတ်ကူးပြီး ဘုတ်ထောင်ရဲတဲ့ ပွဲစီစဉ်တဲ့သူကို ပြောစရာ စကားကို ရှာမရဘူး။ ရှိုးပွဲလာတဲ့လူတွေက များသောအားဖြင့် လူငယ်တွေ။ ရှိုးပွဲလာတဲ့ လူတွေ မူးရူးနေတဲ့ သတင်းတွေလဲ ကြားဖူးပါတယ်။ ဆိုနေတဲ့ အဆိုတော်တွေက သီချင်းဆိုတာနည်းနည်း မိုက်ထိုးပေးတာ များများဆိုတာကိုလဲ ကြားဖူးပါတယ်။ ဒါပေမယ့် အဲ့ဒါက ဒီလောက် ရုပ်မဆိုးဘူးလို့ ထင်တာပဲ။ မူးခြင်း မမူးခြင်းက ကိုယ်ပိုင်ရွေးချယ်မှု၊ အဆိုတော်တွေ မိုက်ထိုးပေးတာက သူတို့ရဲ့ ဖျော်ဖြေမှု အဆင့်အတန်းလို့ပဲ ကျွန်တော် မှတ်ယူတယ်။ ဒါပေမယ့် ဒီပွဲအစိအစဉ်က ပွဲလာကြည့်မယ့် ပရိသတ်အားလုံးကို စော်ကားလိုက်တယ် လို့ ကျွန်တော် ခံစားမိတယ်။ ဂျာနယ်တစ်ခုမှာ ပြန်ဖြေရှင်းထားတာကတော့ အဲ့ဒီအစီအစဉ်ကို သူမသိရပါဘူးလို့ ပြောသွားတာကို ဖတ်လိုက်မိတယ်။ အဲ့ဒါက လူကြီးလူကောင်းမဆန်တာပဲ။ ပွဲစီစဉ်သူက ပွဲအစီအစဉ်ကို မသိဘူးဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ။

အင်တာနက်မှာ ဝေဖန်သံတွေ ညံသွားတဲ့နောက်မှာ သူတို့ကြော်ငြာအစီအစဉ်ပြောင်းသွားတယ်၊ ချောင်းသာကို စရိတ်ငြိမ်းတဲ့။ ပေါက်ရင် နှစ်ဦးသွားခွင့်ရှိတယ်တဲ့။ အဲ့ဒီအစီအစဉ်ကို ပိုဆိုးသွားတယ်လို့ ပြောတဲ့လူတွေရှိတယ်။ တကယ်လို့ သူတို့ ရှိုးပွဲကို အစကတည်းက ဒီအစီအစဉ်နဲ့ ကြော်ငြာခဲ့ရင် ဆိုးတယ်လို့ လူတွေက ထင်ချင်မှ ထင်ကြမယ်။ အခန်းပေးမယ် ပြောပြီးကာမှ ပြောင်းလိုက်တော့ လူတွေက အကောင်းမမြင်နိုင်ကြတော့ဘူးလေ။ ဆိုးတယ်လို့ ပြောလို့ရသလို မဆိုးဘူးလို့လဲ ပြောလို့ရတယ်လို့ ကျွန်တော်ထင်ပါတယ်။ အတူတူသွားမယ့်သူ သမီးရည်းစား မဟုတ်ဘဲ ရိုးရိုးသာမန်သူငယ်ချင်းချင်းချင်း ဆိုရင် (မိန်းကလေးနဲ့ ယောက်ျားလေး သူငယ်ချင်းဆိုတာ မပါ) ဆိုးတယ်လို့ပြောလို့မရဘူးပေါ့။ ဒါပေမယ့် ချစ်သူရည်းစားတွေ အများစုလာကြမယ့် ပွဲမှာ မဲပေါက်ခဲ့ကြရင် ကိုယ့်ချစ်သူနဲ့ပဲ သွားကြမှာလေ။ အဲ့ဒါကို လူတွေက သတိထားမိသွားပြီဆိုတော့ အဲ့ဒီရှိုးကို အကောင်းမမြင်တော့တာ မဆန်းတော့ဘူး ။

ဂျာနယ်ထဲမှာ ပါတဲ့အတိုင်းပြောရရင်တော့ ဒီနေ့ဟာ စီးပွားရေးသမားတွေအတွက် ခွင်ကောင်းပေါ့။ ဒါပေမယ့် စိုင်းစိုင်းလို တစ်ကိုယ်တည်းသမားတွေအတွက်ကတော့ ဒီလို သာမာန်နေ့လေးတစ်နေ့ပါပဲ။ ( တစ်ကိုယ်တည်းဖြစ်နေလို့ ကြိတ်ပြီး ကြေကွဲနေသူလဲ ရှိကောင်းရှိမပေါ့) စိုင်းစိုင်းအတွက် ချစ်သူများနေ့ဆိုသာ ကျွန်တော်နဲ့ မသက်ဆိုင်သောနေ့လို့ပဲ ဆိုချင်ပါတယ်။ ချစ်သူတွေအတွက်ကတော့ အမှတ်တရနေ့လေးတစ်နေ့ ဖြစ်ကောင်းဖြစ်မပေါ့။ သို့သော်လည်း စိုင်းစိုင်း ထပ်ပြောချင်တာက တကယ်ချစ်ကြတဲ့သူတွေအတွက် နေ့တိုင်း နေ့တိုင်းဟာ ချစ်သူများနေ့ပါပဲ။ ကိုယ်ချစ်တဲ့သူကို တစ်နေ့တစ်ခါလောက် ချစ်တယ်လို့ စကားနဲ့သော်လည်းကောင်း ( အာဘွား အာဘွားလို့ ပြောရင်လဲ ဖြစ်တာပဲ) စာသားနဲ့သော်လည်းကောင်း ( I Lv U, I <3 U, miss u ) အမူအရာနဲ့သော်လည်းကောင်း ပေးကြပါ။ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားကြပါ။ ချစ်သူတိုင်းလဲ ညားကြပါစေ။ အိုအောင် မင်းအောင်လည်း ပေါင်းကြရပါစေလို့ ဆုတောင်းရင်း… နေ့တိုင်းဟာ ချစ်သူများနေ့ ပါလို့ …။

အငြိမ် မနေနိုင်တဲ့ စိုင်းစိုင်း

6 comments:

Z@! said...

right!!!
နေ့တိုင်း နေ့တိုင်းဟာ ချစ်သူများနေ့ပါ..

phyusope said...

ဟုတ်တယ်..တကယ်တော့ အချစ်ကို တန်ဖိုးထားတဲ့ချစ်သူတွေ အတွက် နေ့တိုင်း နေ့တိုင်းဟာ ချစ်သူများနေ့ပါ..

မဒမ်ကိုး said...

ဒီလိုစာတွေကရေးသင့်ပါတယ်
ဒါမှလဲ မဟုတ်တာတွေကိုလူတွေဗြောင်ကျကျလုပ်ဖို့ခဲယဉ်းသွားမယ်လေ
ကဲ နောင်နှစ်ချစ်သူများနေ့ရောက်ရင်တော့ စိုင်းစိုင်းတစ်ယောက် နှစ်ယောက်အမြန်ဆုံးဖြစ်နိုင်ပါစေး))

Anonymous said...

u shouldn't attack GTC . In GTC,there are many people who try for their life.

Z@! said...

to Anonymous..

I am not attacking GTC. I was also GTC student. I just write about what the real situation is. And I know there are students who are doing their best. And I am really appreciate that.

Anyway, I just don't feel good whenever I see boys and girls with the GTC uniform walking around the shopping center, cinemas and so so. As you know now it's not easy to be a GTC student as the gov raised the entry marks.

I just want them to value what they have got.
Thanks for commenting.

Z@! said...

မဒမ်ရေ..
ပေးတဲ့ဆုနဲ့ ပြည့်ပါစေခင်ဗျာ... :)