Ads 468x60px

13 February 2012

Barcamp Yangon 2012

ဒီနေ့မနက် အိပ်ရာက စောစောထပြီး မနေ့က ကျန်တဲ့ ထမင်းကြမ်းကို ကြက်ဥနဲ့ရောကြော်ပြီး နို့တစ်ခွက်နဲ့ မနက်စာစား။ ပြီးတော့ လိုင်းကားစီးပြီးလှိုင်တက္ကသိုလ်နယ်မြေထဲကို ၈ နာရီအရောက်လာခဲ့တယ်။ MICT ထဲမှာ BarCamp Yangon 2012 ပွဲ ရှိတယ်လေ။ သူငယ်ချင်းတစ်ယောက်ကို စောင့်နေရတာနဲ့ အဖွင့်ပွဲကို
မမီလိုက်ဘူး။ အဲဒီအတွက် အမေစုရဲ့ Speech ကို လွတ်သွားတယ်လေ။ ကံမကောင်းချက်။

မန္တလေး BarCamp ပုံတွေကို အင်တာနက်မှာတွေ့ရတာကတော့ အားရစရာပဲ။ ဒီရန်ကုန်ပွဲမှာ Wifi Free လွှင့်ပေးထားမှာဆိုတော့ ဒီမှာတွေ့ရတာတွေကိုချက်ချင်းအင်တာနက်ပေါ်တင်လို့ရအောင် လက်ပ်တော့ပ် လေးလဲယူခဲ့တယ်။ ရိုက်ချင်တာ ရိုက်ရအောင် သူငယ်ချင်းဆီက ကင်မရာ ငှားလာတယ်။ ဖုန်းမှာပါတဲ့ ကင်မရာသုံးစားလို့ မရဘူးဆိုတာ ပြီးခဲ့တဲ့ ရှမ်းပွဲမှာကတည်းက ပေါက်သွားပြီ။ (ဖုန်းက စိုင်းစိုင်း ကိုယ်ပိုင်မဟုတ် အဟီး.. ငါးထောင်ဒါမှမဟုတ် အဲ့ထက်နည်းတဲ့ ဈေးနဲ့ ရမှပဲ စိုင်းစိုင်းကိုယ်ပိုင်ဖုန်း ဝယ်ကိုင်မှာ )



Main Building ကြီးထဲ စ အဝင်မှာ ထူးခြားတစ်ခု တွေ့ရတယ်။ မန္တလေး ဘားကမ့်နဲ့ မတူတဲ့အချက်တစ်ခု၊ မန္တလေး ဘားကမ့်မှာတုန်းက ၅၀၀၀ တန် ဆင်းမ်ကတ်စတစ်ကာတွေက နေရာတိုင်းမှာ တွေ့ရတယ်။ ဒီမှာက အဲ့ဒီ စတစ်ကာတွေ မတွေ့ရသေးဘူး။ အဲ့ဒီအစား ခွပ်ဒေါင်းစတစ်ကာ အသေးလေးတွေ ကပ်ထားတာကို တွေ့ရတယ်။

ပြီးတော့ နာမည်ကြီး ဘလော့ဂ်ဂါ တစ်ဦးဖြစ်တဲ့ ကိုနေဘုန်းလတ်ကို လဲ တွေ့ခဲ့ရတယ်။ သူ့ကို လက်ဆွဲနှုတ်ဆက်ခဲ့တယ်။ ပြီးတော့ ဓါတ်ပုံအတူတွဲရိုက်ခဲ့သေးတယ်ဗျ။
BarCamp လုပ်တာ သုံးနှစ်မြောက်ထင်တယ်။ စိုင်းစိုင်း တစ်နှစ်မှ မလာဖူးဘူး။ ဒီနှစ်က ပထမဆုံးလာတာဆိုတော့ ဘာတွေများ တွေ့ရမလဲသိချင်စိတ်က သိပ်ပြင်းပြနေတယ်။

အရင်နှစ်တွေတုန်းက ဘယ်လို လုပ်ကြလဲတော့ စိုင်းစိုင်းမသိဘူး။ ခုနှစ်မှာ BarCampYangon.org မှာ Register လုပ်ပြီး အဲ့ကနေ ရလာတဲ့ Registration Form ကိုပရင့်ထုတ်ပြီး ယူလာဖို့မှာထားတယ်။ အဲ့ဒါမှ သူတို့ပေးမယ့် လက်ဆောင်တွေထုတ်လို့ရမယ်တဲ့။ Registration လုပ်ထားတဲ့လူတွေကို လက်ဆောင်ထုတ်ပေးတဲ့နေရာမှာထူးခြားတာ တစ်ခုက အထင်အရှားပါပဲ။ Online Registration လုပ်ထားတဲ့ဘက်မှာ တန်းစီနေရတဲ့လူတွေက ပြည့်ကျပ်နေပေမယ့် Offline Registration ဘက်မှာ လူက
တစ်ယောက်စ နှစ်ယောက်စထက်ပိုပြီး မလာတာကို ထူးခြားစွာ တွေ့ရတယ်။

ပေးတဲ့လက်ဆောင်တွေကတော့ အင်္ကျီ တစ်ထည်နဲ့ ရေသန့်တစ်ဘူး၊ နောက် BarCamp 2012 စတစ်ကာလေးတစ်ခု။ အဲ လက် နှစ်ဘက်မှာလဲ BarCamp Logo လေးရိုက်ပေးသေးတယ်။ တစ်ဘက်ကတော့ ရိုးရိုး မင်နဲ့ပဲ နောက်တစ်ဘက်မှာတော့ မပေါ်ဘူးရယ်။ လက်ဆာင်တွေ ထုတ်ပြီးတော့ သူငယ်ချင်းတွေ ပြန်စုကြပြီး Topic Board မှာဘာနားထောင်ရမလဲလို့ ပြန်သွား ကြည့်ကြတယ်။

ပထမဆုံးစ နားထောင်ဖြစ်တဲ့ အကြောင်းအရာက Mobile Governmet တဲ့။ အစိုးရဌာနေတွမှာ Mobile နည်းပညာကို သုံးရင် ဘယ်လို အားသာမှုတွေ ရှိမယ် စိန်ခေါ်မှုတွေရှိမယ်ဆိုတာကို သူပြောသွားတာ နားထောင်လို့ကောင်းပါတယ်။ ဒါပေမယ့် အစိုးရဌာန မှာတင်မက ပြည်သူလူထုမှာလဲ အဲ့ဒီနည်းပညာကို လက်လှမ်းမှီရမယ်ဆိုတာကိုသူပြောသွားတယ်။ အဲ့ဒီမှာ ငါးထောင်တန် ဖုန်း အကြောင်းတွေလဲ ပါတယ်။ အဲ့ဒီမှာ ဝင်ဆွေးနွေးတဲ့သူတွေ တော်တော်များလာတယ်။ ငါးထောင်တန်က ဘယ်လောက်

ထိရောက်တယ် မထိရောက်ဘူးဆိုတာ အဲ့ဒါသာ ကြည့်။ Mobile Governmet အတွက် အဲ့ဒါက အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်နေတာကတော့ ငြင်းလို့မရဘူးဗျ။သတင်းအချက်အလက် မြန်မြန်စီးဆင်းစေဖို့ဆိုရင် လူတိုင်းမှာ Mobile Device လေး တစ်ခုလောက်တော့ အနည်းဆုံးရှိရမှာပေါ့လေ။

အဲ့ဒီဆက်ရှင်ပြီးတော့ နောက်ဆက်ပြီး နားထောင်ဖြစ်တဲ့အကြောင်းက CDMA 1X EVDO Technologies တဲ့။ CDMA 800MHz ရဲ့ နည်းပညာတွေ အကြောင်းကိုကောင်မလေး တစ်ယောက်ပြောသွားတာ။ ဗဟုသုတတွေ တော်တော်ရလိုက်ပါတယ်။ CDMA ရဲ့ အားသာချက်တွေ အားနည်းချက်တွေလဲပါတယ်။ သို့သော် သူ့အားနည်းချက်က ပြောပလောက်တဲ့ အထဲမှာ မပါတဲ့အတွက် အခုနောက်ပိုင်း WCDMA လို့ အများသိကြတဲ့ UMTS နည်းပညာက အဲ့ဒီ CDMA နည်းပညာကိုအခြေခံထားတာပါတဲ့။ စိုင်းစိုင်း တွေးမိတယ်၊ အဲ့ဒါကြောင့် ရွှေပြည်တံခွန်က 3G UMTS ကိုတခါတည်း စတာ ထင်တယ်လို့ ဟီး ဟီး ။ နားထောင်တဲ့လူတွေကလဲတော်တော်များတယ်ဗျ။ လူများလို့တဲ့ 5 Network က သူပြောနေတဲ့ အကြောင်းကို လာရိုက်နေတာကို တွေ့ရတယ်။ သူ့ကို အင်တာဗျူးလုပ်သွားတာလဲ တွေ့မိပါရဲ့။

လူငယ်ပေမယ့် ပညာမငယ်တဲ့ သူတွေက နောက် အများကြီး ပေါ်ထွက်လာပါစေလို့ စိုင်းစိုင်း ဆုတောင်းမိပါတယ်။နေ့လည် ၁၁း၄၅ မိနစ်မှာ နေ့လည်စာ စားဖို့ MICT Park မှာ ရှိတဲ့ကင်တင်းထဲမှာ သူငယ်ချင်းတွေစုပြီး နေ့လည်စာ သွားစား ကြတယ်။ နေ့လည်စာကတော့ ကြာဇံကြော်ပါ။

နေ့လည်စာစားပြီးတော့ ပင်မအဆောက်အဦးထဲ တစ်ခေါက်ပြန်လှည့်ခဲ့တယ်။ Conference Hall ထဲမှာ Myanmar Vs. Internet ဆိုပြီး Panel Discussion လုပ်နေတာလူတွေအပြည့်ပဲဗျ။ အဲ့ဒီမှာ လက်ရှိ အင်တာနက် အကြောင်းကို လူတွေ တစ်ယောက်ပြီးတစ်ယောက် ပြောနေကြတာ နည်းပညာပိုင်းအကြောင်းတွေလဲ ပါတယ်။ နောက် လက်ရှိအင်တာနက်သုံးသူတွေရဲ့ အခက်အခဲတွေကိုပြောဆို ဆွေးနွေးနေကြတာ။ ကြားရသမျှက ရယ်နေရပါတယ်။ အမှန်တွေချည်းကိုး။

နောက်ဆက်ပြီး နားထောင်ဖြစ်တဲ့အကြောင်းလေးတစ်ခုက အင်တာနက်သုံးတဲ့အခါမှာ သတိထားသင့်တဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေအကြောင်း၊ကိုယ့်သတင်းအချက်အလက်တွေ အခိုးမခံရအောင် ဘယ်လို ကာကွယ် သင့်တယ်ဆိုတာ နောက် သတင်းအချက်အလက် ဝေမျှတဲ့အခါမှာ
ဘယ်လိုထိန်းချုပ်ထားသင့်တယ်ဆိုတာကို နိုင်ငံခြားသားနှစ်ယောက်နဲ့အတူ ပြည်တွင်းက အိုင်တီပညာရှင်တွေက တင်ပြဆွေးနွေးသွားတာကို နားထောင်ခဲ့ရပါတယ်။

ပရိသတ်တွေထဲကလူတွေလဲ ဝိုင်းပြီး ဆွေးနွေးကြတော့ ပွဲလေးက ကြည့်ကောင်းတာပေါ့။

နေ့လည် သုံးနာရီလောက်ကျတော့ စိုင်းစိုင်းတို့ သူငယ်ချင်းတွေ ကိုယ်စီ ကိုယ်စီ အိမ်ကို ပြန်ခဲ့ကြပါတယ်။ အိမ်အပြန်လမ်းမှာ စိုင်းစိုင်း ပြန်တွေးမိတဲ့အချက်လေးတွေပေါ့။BarCamp မှာ သဘောကျစရာလေးတွေ ရှိသလို စိတ်ကသိကအောက်ဖြစ်ခဲ့ရတဲ့ ကိစ္စလေးတစ်ခုလည်း ရှိခဲ့တယ်။ သဘောကျတဲ့အချက်ကတော့ MICT ဝင်းထဲမှာအမှိုက်ပုံးလေးတွေကို စနစ်တကျ ချထားပေးတာပဲ ပစ်ရမဲ့ အမှိုက်အမျိုးအစားလဲ ခွဲပေးထားတာကို တွေ့ရတယ်။

ရန်ကုန် မြို့တော် စည်ပင်က အဲ့ဒါကို အတုယူသင့်တယ်။ ပြည်သူတွေကို ဟိုဟာ မလုပ်ရ ဒီဟာ မလုပ်ရ အမှိုက်ပစ်ရင် ဒီလိုအိတ်နဲ့ပဲ ပစ်ရမယ်လို့ သတ်မှတ်တာဟာကောင်းသယောင်နဲ့ နောက်ပိုင်းကျတော့ အီးယောင်ဝါးဖြစ်သွားမှာ မြင်ယောင်မိလို့။ အမှိုက်ပုံးတွေကိုအဲ့လို အများကြီး ချထားပေးရင် ဘာမှတောင် ပင်ပန်းနေစရာမလိုဘူးနော့။

နောက် သဘောကျတဲ့အချက်ကတော့ ကိုယ်နားထောင်ချင်တဲ့အကြောင်းအရာပြောတဲ့အခန်းကို ကိုယ်ဝင်ပြီး နားထောင်ရတဲ့ ဖီလင်ပဲ။ ရွေးချယ်ခွင့် အပြည့်အဝရှိတယ်လို့ခံစားရတယ်။ အဲ့ဒီမှာ ကိုယ်သိချင်တဲ့ အကြောင်းအရာကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးနိုင်တဲ့အချက်ကို သဘောကျတယ်။

ဒီပွဲမှာ ဆွေးနွေးလို့ မလုံလောက်ရင်နောက်ပိုင်း အီးမေးလ်နဲ့လည်း ဆက်ပြီး ဆွေးနွေးနိုင်တဲ့အတွက် သတင်းအချက်အလက်တွေ ရယူနိုင်ရုံတင်မက information source တစ်ခုလည်း တိုးတာပေါ့။ ဒါပေမယ့်
သိပ်အားမရတဲ့ အချက်တစ်ခုရှိတယ်။ လူငယ်တွေက သိပ်ပြီး ဆွေးနွေးတာတွေ မတွေ့ရဘူး။ ဒီတိုင်းလေး ထိုင်နားထောင်ပြီး ဘာမေး စရာရှိပါသလဲလို့ မေးရင် ကြောင်စီစီလေးပြန်ကြည့်နေကြတယ်။ အဲ့ဒါလေးကို သဘောမကျဘူး။ လူငယ်ပဲ။ မေးစရာ မေးခွန်းတွေ အများကြီး ရှိနေရမယ်။ ပြောရဲ ဆိုရဲဖြစ်နေရမယ်လို့ ကျွန်တော်ထင်တယ်။ဒါပေမယ့်နောက်တစ်နှစ် နှစ်နှစ်အတွင်းမှာအဲ့ဒါတွေ ပြောင်းလဲသွားမယ်လို့
မျှော်လင့်မိပါတယ်။

နောက် စိတ်မကောင်းဖြစ်ရတဲ့ အချက်တစ်ချက်က လူငယ်လေးတစ်ယောက်ရဲ့ အပြုအမူကြောင့်ပါပဲ။ လက်ဆောင်တွေ ထုတ်ဖို့ လူတွေ တန်းစီနေကြတဲ့အချိန်မှာ သူ့ဘေးကကောင်မလေးက သူ့ကို မနက်က ဒေါ်စု (အမေစု) လာသွားတယ်လို့ ပြောတော့ သူက ဘယ်က ဒေါ်စုလဲဆိုပြီး မသိတဲ့ အမူအရာနဲ့ ပြောတယ်။ ဒေါ်စု (အမေစု) လို့ ဆိုလိုက်ရင်ဘယ်သူလဲဆိုတာ ကျွန်တော်တို့ မြန်မာပြည်သား တွေ အားလုံးသိကြမှာပါ။ သူကဘာရည်ရွယ်ချက်နဲ့ အဲ့လို ပြောတာလဲတော့မသိဘူး။ ကျွန်တော် သူ့ကို တစ်ချက်ကြည့်လိုက်မိတယ်။ ကျွန်တော်တင်မကဘူး သူ့ဘေးနားက လူတွေကလဲ သူ့ကို ဂရုစိုက်မိသွားတာပေါ့။ သူက အဲ့ဒါကို Proud ဖြစ်ချင် နေတာလား။ ဘာလဲ။ အဲ့ဒါကတော့တော်တော်စိတ်မကောင်း ဖြစ်ရတဲ့အချက်ပါ။

မသိဘူးလို့ ပြောလို့ စိတ်မကောင်း ဖြစ်ရတာထက် သူ့ရဲ့ Attention Seeker ဖြစ်ချင်နေတဲ့ စိတ်ဓါတ်အပေါ် စိတ်မကောင်း ဖြစ်ရတာက ပိုပါတယ်။ ဆယ်ကျော်သက်အရွယ်လူငယ်တစ်ယောက် အနေနဲ့ လူတွေရဲ့ စိတ်ဝင်စားမှုကို ရယူချင်တယ်ဆိုတာ မှန်ပါတယ်။ သို့သော် ဒီလိုနည်းလမ်းနဲ့တော့ မဖြစ်သင့်ဘူးထင်တယ်။ ဒါက သူ့ကို NegativeAttention ပဲပေးမယ်ဆိုတာ သူ မသိလေရော့သလား။ သူအဲ့ဒီလို ပြောနေမယ့်အစား သူဝင်နားထောင်မယ့် ဆွေးနွေးပွဲမှာ ထဲထဲဝင်ဝင် ဆွေးနွေးတာကလဲ လူတွေရဲ့
စိတ်ဝင်စားမှုကို ရယူနိုင်တာပဲ။ ပြီးတော့ အဲ့ဒါက Positive Attention ဖြစ်မယ်လေ။
အဲ့ဒါလေးတစ်ချက် စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် BarCamp Yangon 2012 ရဲ့ ပထမနေ့ကတော့ ကျွန်တော့်အတွက် အဆင်ပြေခဲ့ပါတယ်။


ကျေးဇူးတင်စွာဖြင့်
https://picasaweb.google.com/106542540067786470632/BarCampအငြိမ် မနေနိုင်တဲ့ စိုင်းစိုင်း

0 comments: