Ads 468x60px

25 July 2012

ကျွန်တော့်မပြောချင်တဲ့အကြောင်းတွေ




ဒီပို့စ်ကို တင်ရင်ကောင်းမလား မတင်ဘဲနေရင်ကောင်းမလား စဉ်းစားရတာ တော်တော် ခေါင်းစားပါတယ်။
နောက်ဆုံးတော့လည်း တင်လိုက်မယ်ကွာလို့ ဆုံးဖြတ်ပြီး တင်လိုက်ပါတယ်။ ဖြစ်လာမယ့် ပြဿနာတွေကို
နောက်မှ ရှင်းလည်းရတာပဲ။ ဒါပေမယ့် ပြောချင်လွန်းလို့ ပြောတာတော့ မဟုတ်ပါဘူးခင်ဗျာ။ မပြောမဖြစ်လို့ ပြောရခြင်းဖြစ်ပါတယ်။

ကျွန်တော် ကျောင်းစတက်ကတည်းကနေ အခုချိန်ထိဆိုရင် ခင်မင်ရင်းနှီးခဲ့ရတဲ့သူတွေက တော်တော် များပါတယ်။ တခြားသူတွေထက် သူငယ်ချင်းပိုများတယ်လို့ ပြောလို့ရပါတယ်။ ဂျူနီယာတန်းတွေကနေ စီနီယာတွေထိ တော်တော်များများနဲ့ သိပါတယ်။ မေဂျာတူတာရော မတူတာရောပေါ့။ ထိုနည်းတူပဲ တစ်နှစ်တည်းသမားတွေ တော်တော်များများနဲ့လည်း ခင်ပါတယ်။ ကျွန်တော်က ဟိုလူ့ကိုတော့ ဟိုဟာမို့လို့ ဒီလူကတော့ ဒီဟာမို့လို့ဆိုပြီး မခေါ်မပြောခဲ့တာတွေ မရှိပါဘူး။ မကြိုက်ဘူးဟေ့ဆိုရင်တော့ အခင်အမင် မပျက်အောင် ရေလိုက် ငါးလိုက်နေပေးပါတယ်။ လုံးဝ မပြောချင်တဲ့အခါမျိုး စိတ်တိုနေတဲ့အခါမျိုးဆိုရင် ဒဲ့ပြောလိုက်တယ်။ ဒါမှ မဟုတ် ရှောင်ထွက်သွားလိုက်တယ်။ ဒီလောက်ပဲ။

ကျောင်းမှာတုန်းကတည်းကစလို့ အခုချိန်ထိ ကျွန်တော့်မှာ ခဏခဏ ကြုံရတဲ့ကိစ္စတစ်ခုက သူငယ်ချင်းတွေ ရင်ဖွင့်တာကို နားထောင်ပေးရတာပါပဲ။ ဂျူနီယာတွေကနေ တစ်နှစ်တည်းသမားတော်တော်များများ တွေက ရင်ဖွင့်စရာ ရှိရင် ဘာအကြောင်းကြောင့် ရောက်ရောက်လာသလဲ ကျွန်တော်မသိဘူး။ နားထောင်ပေးရတယ်။ စကားလိုက်ထောက်ပေးရတယ်။ ဟုတ်တာပေါ့လို့ ထောက်ခံပေးရတယ်။ ဒါတွေက ကျွန်တော့်အတွက် အပန်းမကြီးပါဘူး။ သူတို့စိတ်သက်သာရာ ရတာပဲ ကောင်းတာပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့ကို ဘာလုပ်ပါ ဘယ်လိုလုပ်ပြီးဆိုပြီးတော့ အကြံကောင်းကောင်းမပေးတတ်ပါဘူး။

သူငယ်ချင်းအရင်းခေါက်ခေါက်တွေကတော့ ချွင်းချက်ပေါ့။ (သူငယ်ချင်း အရင်းခေါက်ခေါက်ဆိုတာကလဲ သူများတွေနဲ့ စာရင် တော်တော်များပါတယ်။ ကျွန်တော့်သူငယ်ချင်း အရင်းခေါက်ခေါက် တွေက ကျွန်တော်နဲ့သာ သူငယ်ချင်းပါ။ သူတို့ချင်းချင်းကျတော့ ဟုတ်ချင်မှ ဟုတ်ကြတာ။ ကျွန်တော်က သူတို့ ကြားထဲမှာ common friend ဖြစ်နေတာများတယ် )

ကျွန်တော် ရန်ကုန်ရောက်လာတယ်။ အလုပ်လုပ်တယ်။ နယ်က သူငယ်ချင်းတွေ၊ ကျောင်းတုန်းက သူငယ်ချင်းတွေ လာကြတယ်။ ကေတီဗီ ဘီယာဆိုင် သွားချင်တယ်ဆိုလို့ လိုက်ပို့ပေးရတယ်။ အဲ့ဒီအချိန်မှာ အိမ်ကဖုန်း ဒါမှ မဟုတ် ရည်းစားဆီက ဖုန်းလာရင် စိုင်းစိုင်းနဲ့ ထိုင်နေတာ ဆိုတဲ့စကား အမြဲပြောကြတယ်။ အဲ့ဒီလို ပြောလိုက်ရင် အဆင်ပြေသွားရောလား ကျွန်တော်မသိဘူး။ (များသောအားဖြင့် သူတို့ ရည်းစားတွေကလည်း ကျွန်တော့်ကို သိကြပါတယ်။ )

အိုကေ အဲ့ဒါတွေက အရေးမကြီးပါဘူး။ ကျွန်တော့်သူငယ်ချင်းတော်တော်များများက ကျွန်တော့်ကို အနည်းနဲ့အများတော့ သူတို့အကြောင်းတွေကို ရင်ဖွင့်ဖူးကြတယ်။ အဲ့ဒါက ကျွန်တော့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ပါဘူး။

ဒါပေမယ့် ကျွန်တော့်အနေနဲ့ ကျွန်တော့်အကြောင်းကို သူငယ်ချင်းတွေကို ပြောတယ်ဆိုတာ ခပ်ရှားရှားပါ။ ကျွန်တော် ရန်ကုန်မှာနေတယ်။ ကျွန်တော့်မှာ မွေးချင်းဘယ်နှယောက် ရှိတယ်ဆိုတာ သူတို့သိမယ်။ ကျွန်တော် ဘယ်မှာ အလုပ်လုပ်နေတယ်ဆိုတာ သူတို့ သိတယ်။ ဒီလောက်ပဲ။ ဒါကိုလဲ လုံလောက်ပြီလို့ ကျွန်တော်ထင်တယ်။

ကျွန်တော့်ရဲ့တခြား ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သူတို့ကို ရင်မဖွင့်ဖူးဘူး။ ကျွန်တော်တစ်လ ဝင်ငွေ ဘယ်လောက်ရှိတယ်၊ ကျွန်တော် ဘယ်သူနဲ့ဖြစ်နေတယ်၊ အဲ့ဒါတွေကို သူတို့ကို တစ်ခါမှ မပြောဖူးဘူး။ သိစရာမလိုဘူးထင်လို့။ အဲ့ဒီကိစ္စတွေမှာ ပြဿနာဖြစ်လာခဲ့ရင်လည်း ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ပဲ ဖြေရှင်းတယ်။ ရှင်းလို့မရရင် လွှတ်ထားလိုက်တယ်။ အခြေအနေငြိမ်သွားရင် အဆင်ပြေသွားမယ်ဆိုတာ လူတိုင်းသိနေတာပဲ ဟုတ်?

တစ်ခုတော့ ရှိတယ်။ ကျွန်တော် စာရေးတယ်။ ဘလော့ဂ်မှာ ရေးတဲ့အခါ ရေးတယ်။ ဟိုခြစ်သည်ခြစ် လျှောက်ခြစ်ရင်လည်း ခြစ်တယ်။ များသောအားဖြင့် သီချင်းနားထောင်တယ်။ ဒါမှမဟုတ်လည်း ရုပ်ရှင် သွားကြည့်လိုက်တယ်။ တစ်ယောက်တည်းပေါ့ဗျာ။ စိတ်ကို ခဏ ထွက်ပေါက် ပေးလိုက်တယ်။ ကျွန်တော့်စိတ်ထဲ တစ်ခုပဲ တွေးတယ်။ ဒီကိစ္စက အခုသာ ပြဿနာကြီးဖြစ်နေတာ.. နောက် တစ်ပတ် နှစ်ပတ် ဒါမှမဟုတ် တစ်လမှာ ဟာသဖြစ်သွားမှာပဲ ဆိုပြီးတော့။

အဲ့ဒီတော့ မေးတဲ့လူတွေက မေးလာတယ်။ ဒီဘလော့ဂ်မှာ ရေးထားတာတွေက မင်းရဲ့ တကယ့် ခံစားချက်တွေလားတဲ့။ အမှန်တစ်ဝက် အမှားတစ်ဝက်လို့ ကျွန်တော်ဖြေရမယ်။ ခရီးသွားမှတ်တမ်းတွေ သူငယ်ချင်းတွေ အကြောင်းတွေက အမှန်တွေပါ။ တချို့ အကြောင်းအရာတွေ ဥပမာ ငါးထောင်တန်ဖုန်းကိစ္စ အဲ့ဒါတွေကလည်း အမှန်ပဲ။ ဒါပေမယ့် တချို့ အချစ်အကြောင်းရေးထားတာတွေက ရောနေတယ်လို့
ပြောလို့ရတယ်။

အရှေ့မှာ ပြောခဲ့သလိုပဲ။ ကျွန်တော့်သူငယ်ချင်းတွေက လာလာရင်ဖွင့်နေတာတွေရှိတယ်။ အဲ့ဒါတွေကို ကျွန်တော့ ခံစားချက်အဖြစ်ပြောင်းပြီး ကျွန်တော်သာဆို ဒီလို ဒီလို ဆိုပြီး ရေးထားတာတွေ။ သူငယ်ချင်းတွေ လာပြောသမျှကို လည်း တင်နေတာမဟုတ်ဘူး။ သူပြောတာတွေနဲ့ ကိုယ့်အဖြစ်နဲ့တိုက်ဆိုင်တဲ့အခါမျိုးမှာ
ရေးဖြစ်တယ်။ ကျွန်တော့်ခံစားချက်နဲ့တော်တော်နီးစပ်တဲ့အတွက် ကျွန်တော့်အဖြစ်အပျက်လို့ ထင်တဲ့သူငယ်ချင်းတွေက ထင်ကြတယ်။ အဲ့ဒါကြောင့် အမှန်တစ်ဝက် အမှားတစ်ဝက်လို့ ကျွန်တော် ပြောခြင်းဖြစ်ပါတယ်။

ပြောလက်စနဲ့ဆက်ပြောရရင် ကျွန်တော့်အကြောင်းကို သူငယ်ချင်းတွေ လာမေးတဲ့အခါတိုင်းမှာ
ဖြေနိုင်တာကိုပဲ ဖြေပါတယ်။ ကျွန်တော်မဖြေချင်တဲ့ မေးခွန်းကိုတော့ မဖြေပါဘူး။ စိတ်ဆိုးလဲ မတတ်နိုင်ပါဘူး။ ကျွန်တော်က လူတစ်မျိုးပါ။

ကျွန်တော့်ကို အလုပ်မှာ လစာဘယ်လောက်ရလဲ မေးတာ မကြိုက်သလို သူများကိုလဲ မမေးတတ်ဘူး။ ဘယ်လောက် ခင်မင်ရင်းနှီးပါစေ မမေးဘူး။ လာမေးရင်လဲ မဖြေပါဘူး။ ရိုင်းတယ်လို့ထင်လို့ပါ။ ကျွန်တော့ Relationship အခြေအနေကို မေးတာကိုလဲ မကြိုက်ပါ။ ကျွန်တော် မဖြေချင်တာကို မဖြေတာ ကျွန်တော့်အပိုင်းပါ။ စိတ်ဆိုးချင်လဲ ဆိုးပါ။ သူငယ်ချင်းအရင်းကြီးဖြစ်နေလို့ ကျွန်တော့်အကြောင်းကို ခရေစေ့တွင်းကျ သိရမယ်ဆိုတာကို ကျွန်တော်လက်မခံပါဘူး။ အဲ့ဒါနဲ့ သူငယ်ချင်းနဲ့က ဘာမှ မဆိုင်ဘူးလို့ ကျွန်တော်ထင်တယ်။

ဒီစာကို ရေးတာက စိတ်တိုလို့ ရေးတာလဲ မဟုတ် ဖြေရှင်းချင်လို့ရေးတာလဲ မဟုတ်ဘူး။ ကျွန်တော်ဘယ်လိုလူလဲဆိုတာ ကျွန်တော့်သူငယ်ချင်း အရင်းခေါက်ခေါက်တွေ နည်းနည်းလေး သိစေချင်လို့ပါ။ သိတဲ့သူတွေကလဲ သိပါတယ်။ စိတ်ဆိုးချင်လဲ ဆိုးကြပါ။ စိုင်းစိုင်းက အဲ့ဒါကို ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်။ မဆိုးပါနဲ့ဆိုပြီးတော့လဲ မပြောဘူး။ စိတ်ဆိုးပြေအောင်လဲ လိုက်မချော့တတ်ပါဘူး။ ဟီး...

ဆုံးအောင်ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

5 comments:

Candy said...

စိတ်လျော့ပါ စိတ်လျော့ပါ... စိတ်တိုလို့ ရေးတာ မဟုတ်ဘူးလို့ ပြောပေမယ့်.. စိတ်တိုနေဟန်လေး ပေါက်နေတယ် ဟိဟိ :P

လူတိုင်းက ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့.. ဒါကို အပြစ်ပြောလို့ မရပါဘူး :D

စံပယ်ချို said...

သီးခံလိုက်ပါကွယ်
စိတ်တော့နဲနဲဆိုးနေသလိုပဲ
ဆုံးအောင်လဲဖတ်ခဲ့ပါတယ်စိုင်းစိုင်းရေ

လွင်ပြင်လှိုင်းငယ် said...

တနေ့သူတို့တွေသိလာမှာပေါ့။ စိတ်လျော့လိုက်ပါ ။

မိုးသက် said...

ဟုတ်တယ်လေ..။ ဒါက အစ်ကို့ရဲ့ Right ပဲလေ.။ ကိုယ့်အခွင့်အရေးပဲ .။ ဘာစိတ်ဆိုးစရာလိုလဲ.။ နော့.။

ချစ်စံအိမ် said...

ခံစားချက်တွေအကျင့်လေးတွေလာရောက်ဖတ်ခဲ့ပါတယ်
လမ်းတွေ့ ရင်သိထားတော့ရှောင်ရန်လေးတွေသိရတာပေါ့..:P