နေ့လည်စာထမင်းစားပြီး ပြန်လာတော့ Reception က ကောင်မလေးက သူ့ကို အကို စာတစ်စောင်ရောက်နေတယ်ဟု လှမ်းပြောသည်။ ဘယ်သူက သူ့ဆီစာလှမ်းပို့ပါလိမ့်။ ဒီခေတ်တွေမှာ ဒီလို စာတစ်တန်ပေတစ်တန်ပို့သည်ဆိုတာ တစ်ရာမှာ တစ်ယောက် ရှိအံ့မထင်။ invoice တွေဘာတွေ လှမ်းပို့သည်ဆိုလျှင်လည်း ဖုန်းအရင်ကြိုဆက်တတ်ကြသည်ပဲ။ ဘယ်သူပါလိမ့်။
သို့သော် စာအိတ်ပေါ်မှ ဝိုင်းစက်ညီညာလှသော လက်ရေးတွေကို လှမ်းတွေ့လိုက်ရချိန်မှာတော့ သူ့ရင်ခုန်သံတွေ ချက်ချင်း မြန်ဆန်သွားခဲ့သည်။ ထိုလက်ရေးတွေကို သူမမှတ်မိဘဲ နေပါ့မလား။ ဝမ်းသာရိပ်ကို မပေါ်အောင် ထိန်းရင်း ထိုစာအိတ်ကို လှမ်းယူပြီး သူ့ရုံးခန်းထဲကို ခပ်သွက်သွက် လှမ်းလာခဲ့သည်။ စာထဲမှာ သူမ ဘာတွေရေးထားမှာလဲ သူ သိချင်လှပါသည်။ မတွေ့ရသော နှစ်လတာ ကာလအတွင်း သူမ ဘာတွေများ ပြောချင်နေခဲ့မှာလဲ သိချင်စိတ်ကို ထိန်းမရ။
အခန်းတံခါးကို lock ချပြီး ထိုင်ခုံပေါ်တောင် ထိုင်ရန်စိတ်မကူးမိခဲ့။ စာအိတ်ကို ချက်ချင်းဖောက်ပြီး သူမ ရေးပို့ပေးခဲ့သည် စာလွှာလေးကို ဆွဲအထုတ်မှာ စာနှင့်အတူ ပါလာသည်က ရွှေသား လက်စွပ်လေး တစ်ကွင်း......။ ထိုလက်စွပ်လေးကို မြင်လိုက်ရသည့် ခဏမှာ သူ့နှလုံးခုန်သံတွေ ရုတ်ချည်း ရပ်တန့်သွားသည်။ လူသည်လည်း အရုပ်ကြိုးပြတ် ကြမ်းပြင်ပေါ်ဒူးထောက်လျက်သား...... လက်စွပ်လေးသည်လည်း ကြမ်းပြင်ပေါ် လှိမ့်ခါ လှိမ့်ခါ.... ဘာကြောင့်များ ဒီလက်စွပ်လေးက ဒီစာအိတ်လေးထဲ ပါလာရတာလဲ။ ဒီလက်စွပ်လေးသည် ဒီစာအိတ်လေးထဲကို ပါလာစရာ အကြောင်းမရှိဟု သူယုံကြည်ခဲ့သည်။ ဒီလိုဆိုလျှင် သူမသည် သူတို့ ထားရှိခဲ့သည့် ကတိတွေကို ဖောက်ဖျက်ခဲ့ပြီပေါ့။
မယုံကြည်နိုင်ခြင်းတို့နှင့်အတူ သူ့နှလုံးသားသည် ဟာလာဟင်းလင်းပြင်လို. ဘာကြောင့်များ သူမက ဒီလို လုပ်ရက်နိုင်ရတာလဲ။ မျက်ရည်တို့သည် မဖိတ်ခေါ်ပဲ ရောက်လာခဲ့ပြီ။ ဘာကြောင့်လဲ ဘာကြောင့်လဲ ဘာအတွက်လဲ ဆိုသည့်မေးခွန်းများအတွက် အဖြေများကို သူစဉ်းစားမရ။ သူက သူမကို သိပ်ချစ်သလို သူမကလဲ သူ့ကို ထပ်တူချစ်သည်ဟု သူယုံကြည်ခဲ့သည်လေ။ ထိုယုံကြည်မှုများကို သူမ ရိုက်ချိုးပစ်ခဲ့တာလား။
တကယ်ဆို ဒီလက်စွပ်လေးက နောက်နှစ်နှစ်အကြာမှာ သူတို့နှစ်ယောက် ပြန်တွေ့ချိန်မှာ သူမလက်သူကြွယ်ပေါ်မှာ ဝတ်ဆင်ပေးဖို့ သူရည်စူးခဲ့တာဖြစ်သည်။
လွန်ခဲ့သော နှစ်လက သူမနှင့် နောက်ဆုံးတွေ့ခဲ့သည့် ညနေခင်းကို သူ ပြန်သတိရမိသည်။ သူ့အလုပ်က ဒီကို နှစ်နှစ်ပြောင်းရမည်ဟု သူမက မသွားခင် နောက်ဆုံးအကြိမ်တွေ့ကြရန် တောင်းဆိုခဲ့သည်။ သူ့အနေနှင့် ထိုနှစ်နှစ်တာကာလအတွင်း ရန်ကုန်သို့ပြန်ဖို့ရန်မလွယ်ကူမှန်းသူသိသလို သူမကလည်း သိသည်လေ။
သူမကို နောက်နှစ်နှစ်အကြာမှာ ပေးရန်ရည်စူးထားသည့် လက်ဆောင်လေးတစ်ခုကို ထိုနေ့ညနေလေးမှာ ပေးဖို့ သူဆုံးဖြတ်ခဲ့သည်။ တကယ်လို့များ မတော်တဆ သူမကို ပေးရန် အခွင့်မကြုံခဲ့လျှင် သူမတော်တဆ သေဆုံးသွားခဲ့လျှင် သူမကို ပေးခွင့် မရလိုက်မှာကို စိုးရိမ်သည့်အတွက် ထိုလက်ဆောင်လေးကို ပေးရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူမ လက်သူကြွယ်မှာ နေရာယူမည့် ရွှေသား လက်စွပ်လေးတစ်ကွင်းကို သူမနှင့် ချစ်သူစဖြစ်ဖြစ်ချင်းကတည်းက သူ ပြင်ဆင်ထားခဲ့သည်။ ဒီနေ့တော့ ဒီလက်ဆောင်လေး သူမကို ပေးရတော့မည်ပေါ့။ စိတ်ကူးနှင့် သူပြုံးပျော်နေမိသည်။
စိမ်းလန်းစိုပြည်ဥယျာဉ်ထဲက သူတို့ထိုင်နေကျ စားသောက်ဆိုင်လေးကို သူရောက်တော့ သူမမရောက်သေး။ သူမကြိုက်တတ်သည့် အစားအသောက်များကို မှာအပြီး ခဏနေတော့ သူမ ရောက်လာခဲ့သည်။ ထိုနေ့က သူမ သိပ်လှနေခဲ့သည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာပြောရမှန်းသူမသိခဲ့သလို သူမကလည်း နှုတ်ဆိတ်နေခဲ့သည်။
စားစရာတွေ တို့ကနန်း ဆိတ်ကနန်း အနည်းငယ်မျှသာ စားဖြစ်ခဲ့သော ထိုနောက်ဆုံးညနေသည် ပြောစရာ စကားအများကြီး ရှိနေလျက်နှင့် ဘာပြောရမှန်းမသိသည့်အတွက် တိတ်ဆိတ်လွန်းနေခဲ့သည်။
မောင့်အတွက်ဟု သူမက စ၍ အိတ်လေးတစ်လုံးကို သူ့ကို လှမ်းပေးသည်။ ဖွင့်ကြည့်လို့ရလားဟု သူမေးတော့ သူမက ပြုံး၍ ခေါင်းညိတ်သည်။ အိတ်လေးကို ဖွင့်ကြည့်တော့ အထဲမှာ CK တံဆိပ် ရေမွှေးဗူးကို သူတွေ့သည်။ သူ့စိတ်သည် ထင့်ခနဲ.. ဘာကြောင့်ရေမွှေးပေးရတာလဲ.. ချစ်သူချင်းချင်း ရေမွှေးပေးရင် ဝေးတတ်ကြတယ်ဆိုသော စကားကို သူဖျတ်ခနဲ သတိရမိသွားသည်။ ဖွဟဲ့ လွဲပါစေဟု သူဆုတောင်းမိခဲ့သည်။
မောင် ရေမွှေးမကြိုက်တာ သိပါတယ်။ ဒါပေမယ့် မောင်က ခုဆို ရာထူးကြီးနဲ့သွားရမှာလေ.. ကိုယ်ယူထားတဲ့ ရာထူးနဲ့တန်အောင် တချို့အဆောင်အယောင်လေးတွေတော့ သုံးပေးရမှာပေါ့.. အနံ့လေးလဲ သင်းသင်းလေးဆိုတော့ အဆင်ပြေမှာပါ ဟု သူမပြောတော့ သူယောင်ယမ်းပြီး ခေါင်းညိတ်ခဲ့မိသည်။ အင်း ဟုတ်မှာပါလေ. သူမသည် သူ့ကို ဂရုစိုက်ရှာသားပဲ။
မောင်လဲ မေ့ကိုပေးစရာ ရှိတယ် ဟု သူပြောတော့ သူမက ပြုံး၍သာ ကြည့်နေခဲ့သည်။ ဘာပေးမှာလဲ ဟုတောင် မမေး။ သူမ၏ မျက်ဝန်းတွေက တောက်ပနေခဲ့သည်ဆိုတာကတော့ သေချာပါသည်။ ကုတ်အင်္ကျီထဲမှ စာအိတ်ကို သူထုတ်ယူလိုက်သည်။
ဒီစာအိတ်ထဲမှာ နောက်စာအိတ်တစ်အိတ်ရှိသေးတယ်.. ပထမစာအိတ်ကို မေဖွင့်ကြည့်လို့ရတယ်။ ဒုတိယ စာအိတ်ကိုတော့ မေ နဲ့မောင် ပြန်တွေ့တဲ့အချိန်ကျမှာ အတူတူဖွင့်ကြည့်ကြမယ်နော်။ ဒါပေမယ့် တကယ်လို့ မောင် ဒီကို ပြန်မလာနိုင်ခဲ့ရင် မေ အဲ့ဒီစာအိတ်လေးကို ဖွင့်ကြည့်လို့ရပါတယ်။ ပြီးတော့ စာထဲမှာ မောင်ရေးထားတဲ့အတိုင်း လုပ်ပေးပါနော် ဟု သူဆိုတော့ သူမမျက်ဝန်းတွေသည် မှိုင်းရိပ်ဆင်လျက် ဘာကြောင့်ဒီလိုပြောရတာလဲ မောင် ပြန်လာရမှာလေ.. ဟု ခပ်တိုးတိုး ဆိုသည်။
မောင့်ကို ကတိပေးပါ......နောက်နှစ်နှစ် မောင်ပြန်လာတဲ့အချိန်ကျမှ ဒုတိယ စာအိတ်လေးကို ဖွင့်ကြည့်မယ်ဆိုတာ.. ဟု သူတောင်းဆိုတော့ သူမက သူ့လက်တွေကို ဆွဲကိုင်ရင်း ကတိပေးပါတယ် မောင်ရယ် ဟု တိုးဖွဖွဆိုခဲ့သည်ပဲ။
ဒီကတိတွေကို သူမ ချိုးဖောက်ခဲ့ပြီလား.. ဘာအကြောင်းပြချက်တွေနဲ့ သူမ ဒီလို လုပ်ခဲ့တာလဲ။ နှစ်လတာ အချိန်တွင်းမှာ သူမ ဒီလောက်ပြောင်းလဲသွားခဲ့ပြီလား။ သူမယုံနိုင်ပါ မယုံကြည်ချင်ပါ။ ဘာအကြောင်းတွေကြောင့် သူမ သူ့ကို ဒီလိုထားရစ်သွားခဲ့တာလဲ သူသိချင်ပါသည်။ ဆုပ်ကိုင်ထားသော စာရွက်ခေါက်ကို သူ ဖြန့်ကြည့်လိုက်သည်။
ဆက်ရန်..............................
2 comments:
ဘာ့ကြောင့် ကတိတွေကို ချိုးဖောက်ရတာတဲ့တုန်း..လုပ်ပါအုံးဗျ..
လက်တည့်စမ်းတာလေးကို ဖတ်သွားတယ်နော်။ ကောင်းတယ်။
Post a Comment