Ads 468x60px

3 November 2012

ပျောက်ရှခဲ့သော အိပ်မက်.. (၁)



နေ့လည်စာထမင်းစားပြီး ပြန်လာတော့ Reception က ကောင်မလေးက သူ့ကို အကို စာတစ်စောင်ရောက်နေတယ်ဟု လှမ်းပြောသည်။ ဘယ်သူက သူ့ဆီစာလှမ်းပို့ပါလိမ့်။ ဒီခေတ်တွေမှာ ဒီလို စာတစ်တန်ပေတစ်တန်ပို့သည်ဆိုတာ တစ်ရာမှာ တစ်ယောက် ရှိအံ့မထင်။ invoice တွေဘာတွေ လှမ်းပို့သည်ဆိုလျှင်လည်း ဖုန်းအရင်ကြိုဆက်တတ်ကြသည်ပဲ။ ဘယ်သူပါလိမ့်။

သို့သော် စာအိတ်ပေါ်မှ ဝိုင်းစက်ညီညာလှသော လက်ရေးတွေကို လှမ်းတွေ့လိုက်ရချိန်မှာတော့ သူ့ရင်ခုန်သံတွေ ချက်ချင်း မြန်ဆန်သွားခဲ့သည်။ ထိုလက်ရေးတွေကို သူမမှတ်မိဘဲ နေပါ့မလား။ ဝမ်းသာရိပ်ကို မပေါ်အောင် ထိန်းရင်း ထိုစာအိတ်ကို လှမ်းယူပြီး သူ့ရုံးခန်းထဲကို ခပ်သွက်သွက် လှမ်းလာခဲ့သည်။ စာထဲမှာ သူမ ဘာတွေရေးထားမှာလဲ သူ သိချင်လှပါသည်။ မတွေ့ရသော နှစ်လတာ ကာလအတွင်း သူမ ဘာတွေများ ပြောချင်နေခဲ့မှာလဲ သိချင်စိတ်ကို ထိန်းမရ။

အခန်းတံခါးကို lock ချပြီး ထိုင်ခုံပေါ်တောင် ထိုင်ရန်စိတ်မကူးမိခဲ့။ စာအိတ်ကို ချက်ချင်းဖောက်ပြီး သူမ ရေးပို့ပေးခဲ့သည် စာလွှာလေးကို ဆွဲအထုတ်မှာ စာနှင့်အတူ ပါလာသည်က ရွှေသား လက်စွပ်လေး တစ်ကွင်း......။ ထိုလက်စွပ်လေးကို မြင်လိုက်ရသည့် ခဏမှာ သူ့နှလုံးခုန်သံတွေ ရုတ်ချည်း ရပ်တန့်သွားသည်။ လူသည်လည်း အရုပ်ကြိုးပြတ် ကြမ်းပြင်ပေါ်ဒူးထောက်လျက်သား...... လက်စွပ်လေးသည်လည်း ကြမ်းပြင်ပေါ် လှိမ့်ခါ လှိမ့်ခါ....  ဘာကြောင့်များ ဒီလက်စွပ်လေးက ဒီစာအိတ်လေးထဲ ပါလာရတာလဲ။ ဒီလက်စွပ်လေးသည် ဒီစာအိတ်လေးထဲကို ပါလာစရာ အကြောင်းမရှိဟု သူယုံကြည်ခဲ့သည်။ ဒီလိုဆိုလျှင် သူမသည် သူတို့ ထားရှိခဲ့သည့် ကတိတွေကို ဖောက်ဖျက်ခဲ့ပြီပေါ့။

မယုံကြည်နိုင်ခြင်းတို့နှင့်အတူ သူ့နှလုံးသားသည် ဟာလာဟင်းလင်းပြင်လို. ဘာကြောင့်များ သူမက ဒီလို လုပ်ရက်နိုင်ရတာလဲ။ မျက်ရည်တို့သည် မဖိတ်ခေါ်ပဲ ရောက်လာခဲ့ပြီ။ ဘာကြောင့်လဲ ဘာကြောင့်လဲ ဘာအတွက်လဲ ဆိုသည့်မေးခွန်းများအတွက် အဖြေများကို သူစဉ်းစားမရ။ သူက သူမကို သိပ်ချစ်သလို သူမကလဲ သူ့ကို ထပ်တူချစ်သည်ဟု သူယုံကြည်ခဲ့သည်လေ။ ထိုယုံကြည်မှုများကို သူမ ရိုက်ချိုးပစ်ခဲ့တာလား။

တကယ်ဆို ဒီလက်စွပ်လေးက နောက်နှစ်နှစ်အကြာမှာ သူတို့နှစ်ယောက် ပြန်တွေ့ချိန်မှာ သူမလက်သူကြွယ်ပေါ်မှာ ဝတ်ဆင်ပေးဖို့ သူရည်စူးခဲ့တာဖြစ်သည်။ 

လွန်ခဲ့သော နှစ်လက သူမနှင့် နောက်ဆုံးတွေ့ခဲ့သည့် ညနေခင်းကို သူ ပြန်သတိရမိသည်။ သူ့အလုပ်က ဒီကို နှစ်နှစ်ပြောင်းရမည်ဟု သူမက မသွားခင် နောက်ဆုံးအကြိမ်တွေ့ကြရန် တောင်းဆိုခဲ့သည်။ သူ့အနေနှင့် ထိုနှစ်နှစ်တာကာလအတွင်း ရန်ကုန်သို့ပြန်ဖို့ရန်မလွယ်ကူမှန်းသူသိသလို သူမကလည်း သိသည်လေ။

သူမကို နောက်နှစ်နှစ်အကြာမှာ ပေးရန်ရည်စူးထားသည့် လက်ဆောင်လေးတစ်ခုကို ထိုနေ့ညနေလေးမှာ ပေးဖို့ သူဆုံးဖြတ်ခဲ့သည်။ တကယ်လို့များ မတော်တဆ သူမကို ပေးရန် အခွင့်မကြုံခဲ့လျှင် သူမတော်တဆ သေဆုံးသွားခဲ့လျှင် သူမကို ပေးခွင့် မရလိုက်မှာကို စိုးရိမ်သည့်အတွက် ထိုလက်ဆောင်လေးကို ပေးရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူမ လက်သူကြွယ်မှာ နေရာယူမည့် ရွှေသား လက်စွပ်လေးတစ်ကွင်းကို သူမနှင့် ချစ်သူစဖြစ်ဖြစ်ချင်းကတည်းက သူ ပြင်ဆင်ထားခဲ့သည်။ ဒီနေ့တော့ ဒီလက်ဆောင်လေး သူမကို ပေးရတော့မည်ပေါ့။ စိတ်ကူးနှင့် သူပြုံးပျော်နေမိသည်။


စိမ်းလန်းစိုပြည်ဥယျာဉ်ထဲက သူတို့ထိုင်နေကျ စားသောက်ဆိုင်လေးကို သူရောက်တော့ သူမမရောက်သေး။ သူမကြိုက်တတ်သည့် အစားအသောက်များကို မှာအပြီး ခဏနေတော့ သူမ ရောက်လာခဲ့သည်။ ထိုနေ့က သူမ သိပ်လှနေခဲ့သည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာပြောရမှန်းသူမသိခဲ့သလို သူမကလည်း နှုတ်ဆိတ်နေခဲ့သည်။

စားစရာတွေ တို့ကနန်း ဆိတ်ကနန်း အနည်းငယ်မျှသာ စားဖြစ်ခဲ့သော ထိုနောက်ဆုံးညနေသည် ပြောစရာ စကားအများကြီး ရှိနေလျက်နှင့် ဘာပြောရမှန်းမသိသည့်အတွက် တိတ်ဆိတ်လွန်းနေခဲ့သည်။

မောင့်အတွက်ဟု သူမက စ၍ အိတ်လေးတစ်လုံးကို သူ့ကို လှမ်းပေးသည်။ ဖွင့်ကြည့်လို့ရလားဟု သူမေးတော့ သူမက ပြုံး၍ ခေါင်းညိတ်သည်။ အိတ်လေးကို ဖွင့်ကြည့်တော့ အထဲမှာ CK တံဆိပ် ရေမွှေးဗူးကို သူတွေ့သည်။ သူ့စိတ်သည် ထင့်ခနဲ.. ဘာကြောင့်ရေမွှေးပေးရတာလဲ.. ချစ်သူချင်းချင်း ရေမွှေးပေးရင် ဝေးတတ်ကြတယ်ဆိုသော စကားကို သူဖျတ်ခနဲ သတိရမိသွားသည်။ ဖွဟဲ့ လွဲပါစေဟု သူဆုတောင်းမိခဲ့သည်။ 

မောင် ရေမွှေးမကြိုက်တာ သိပါတယ်။ ဒါပေမယ့် မောင်က ခုဆို ရာထူးကြီးနဲ့သွားရမှာလေ.. ကိုယ်ယူထားတဲ့ ရာထူးနဲ့တန်အောင် တချို့အဆောင်အယောင်လေးတွေတော့ သုံးပေးရမှာပေါ့.. အနံ့လေးလဲ သင်းသင်းလေးဆိုတော့ အဆင်ပြေမှာပါ ဟု သူမပြောတော့ သူယောင်ယမ်းပြီး ခေါင်းညိတ်ခဲ့မိသည်။ အင်း ဟုတ်မှာပါလေ.  သူမသည် သူ့ကို ဂရုစိုက်ရှာသားပဲ။

မောင်လဲ မေ့ကိုပေးစရာ ရှိတယ် ဟု သူပြောတော့ သူမက ပြုံး၍သာ ကြည့်နေခဲ့သည်။ ဘာပေးမှာလဲ ဟုတောင် မမေး။ သူမ၏ မျက်ဝန်းတွေက တောက်ပနေခဲ့သည်ဆိုတာကတော့ သေချာပါသည်။ ကုတ်အင်္ကျီထဲမှ စာအိတ်ကို သူထုတ်ယူလိုက်သည်။

ဒီစာအိတ်ထဲမှာ နောက်စာအိတ်တစ်အိတ်ရှိသေးတယ်.. ပထမစာအိတ်ကို မေဖွင့်ကြည့်လို့ရတယ်။ ဒုတိယ စာအိတ်ကိုတော့ မေ နဲ့မောင် ပြန်တွေ့တဲ့အချိန်ကျမှာ အတူတူဖွင့်ကြည့်ကြမယ်နော်။ ဒါပေမယ့် တကယ်လို့ မောင် ဒီကို ပြန်မလာနိုင်ခဲ့ရင် မေ အဲ့ဒီစာအိတ်လေးကို ဖွင့်ကြည့်လို့ရပါတယ်။ ပြီးတော့ စာထဲမှာ မောင်ရေးထားတဲ့အတိုင်း လုပ်ပေးပါနော် ဟု သူဆိုတော့ သူမမျက်ဝန်းတွေသည် မှိုင်းရိပ်ဆင်လျက် ဘာကြောင့်ဒီလိုပြောရတာလဲ မောင် ပြန်လာရမှာလေ.. ဟု ခပ်တိုးတိုး ဆိုသည်။

မောင့်ကို ကတိပေးပါ......နောက်နှစ်နှစ် မောင်ပြန်လာတဲ့အချိန်ကျမှ ဒုတိယ စာအိတ်လေးကို ဖွင့်ကြည့်မယ်ဆိုတာ.. ဟု သူတောင်းဆိုတော့ သူမက သူ့လက်တွေကို ဆွဲကိုင်ရင်း ကတိပေးပါတယ် မောင်ရယ် ဟု တိုးဖွဖွဆိုခဲ့သည်ပဲ။

ဒီကတိတွေကို သူမ ချိုးဖောက်ခဲ့ပြီလား.. ဘာအကြောင်းပြချက်တွေနဲ့ သူမ ဒီလို လုပ်ခဲ့တာလဲ။ နှစ်လတာ အချိန်တွင်းမှာ သူမ ဒီလောက်ပြောင်းလဲသွားခဲ့ပြီလား။ သူမယုံနိုင်ပါ မယုံကြည်ချင်ပါ။ ဘာအကြောင်းတွေကြောင့် သူမ သူ့ကို ဒီလိုထားရစ်သွားခဲ့တာလဲ သူသိချင်ပါသည်။  ဆုပ်ကိုင်ထားသော စာရွက်ခေါက်ကို သူ ဖြန့်ကြည့်လိုက်သည်။

ဆက်ရန်..............................

20 August 2012

AIT အတွက် ပြင်ဆင်ထားရန်များ

  
AIT အတွက် ဘာတွေပြင်ဆင်ထားရမလဲဆိုတာ သိချင်တဲ့သူများအတွက်

AIT မှာ ကျောင်းသုံးကျောင်းရှိပါတယ်။ School of Technology, School of Environment, Resource and Development နဲ့ School of Management ဆိုပြီးကျောင်းသုံးကျောင်းရှိပါတယ်။ ဘယ်ကျောင်းမှာ ဘာတွေသင်သလဲဆိုတာကို အသေးစိတ်သိချင်ရင် အောက်ကလင့်ခ်တွေမှာ ဝင်ကြည့်ပါ

School of Engineering  ,
School of Environment,Resource and Development ,
School of Managment

ဘယ်ကျောင်းကိုတက်ချင်တာလဲ သေချာရွေးပါ။ ကိုယ့်ရဲ့ အရင်ဘွဲ့နဲ့ ဆက်စပ်မှု ရှိတဲ့ဘာသရပ် ဒါမှမဟုတ် ကိုယ့်အလုပ်နဲ့ ဆက်စပ်တဲ့ ဘာသာရပ်ကို ရွေးရင်တော့ ပိုကောင်းပါတယ်။ ဒါမှ အက်ဆေးရေးရတာ အဆင်ပြေမှာပါ။ ကျောင်းရွေးပြီးပြီဆိုရင်တော့ ကျွန်တော်တို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စုရပါမယ်။

Download all documents here

စာရွက်စာတမ်းတွေကို ဒေါင်းလုတ်လုပ်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့တွေ ကိုယ်အရင်တက်ခဲ့တဲ့ တက္ကသိုလ်ကြီးဆီ ပြန်သွားပြီး လိုတာတောင်းရတော့မှာပေါ့။ ကျောင်းမှာ အဓိက တောင်းရမှာက Form 2: Letter of Recommendation နဲ့ Form 4 Transcript Request ပါ။ သူပေးထားတဲ့ စာရွက်ထဲ ဖြည့်ခိုင်းရင် ရပါပြီ။ ကျွန်တော့်တုန်းကတော့ ကျောင်းအုပ်ကြီးဆီက Recommendation တောင်းပါတယ်။ သူငယ်ချင်းတွေကတော့ မော်ကွန်းထိန်းဆီက တောင်းပါတယ်။ ကျောင်းကနေ လိုလိုမယ်မယ်ဆိုပြီး အင်္ဂလိပ်စာဌာနမှူးဆီကနေလည်း တစ်စောင်ထည့်ပေးလိုက်တယ်။ သင်ကြားမှုက အင်္ဂလိပ်စာကို အခြေခံပါတယ်ဆိုတဲ့ ထောက်ခံစာပေါ့။ ပြီးတော့ မော်ကွန်းထိန်းကနေ Transcript Request ကိုဖြည့်ပေးပါတယ်။ GPA တို့ CGPA တို့ပေါ့။ ကိုယ်နောက်ဆုံးနှစ်က အဆင့်ဘယ်လောက်နဲ့အောင်ခဲ့တယ် (Class Rank) နဲ့ အတန်းထဲမှာ လူဘယ်လောက်ရှိတယ် (Class Size ) ပါထည့်ပေးပါတယ်။ မထည့်ပေးရင် ပါအောင်တောင်းပါ။ အဲ့ဒါတွေက အရေးကြီးပါတယ်။ တကယ်လို့ ကျောင်းက GPA တွေ CGPA တွေကို A, B, C, D နဲ့ ထုတ်ပေးတယ်ဆိုရင် တွက်နည်းကို မေးလာခဲ့ပါ။ ဒီမှာက 1, 2, 3, 4 နဲ့ တွက်ပါတယ်။  4 က အမြင့်ဆုံးပေါ့။  ကျောင်းက ထုတ်ပေးတဲ့ စာရွက်စာတမ်းတွေမှာ တံဆိပ်တုံးက အင်္ဂလိပ်လိုဖြစ်နေဖို့ လိုပါတယ်။ အဲ့ဒါအရေးကြီးပါတယ်။ အင်္ဂလိပ်လို မရှိရင်တော့ Notary ပြန်ရမယ်ထင်တယ်။ ကျွန်တော်တို့ကျောင်းကတော့ ရှိတယ်ဗျ။ CGPA ၃.၅ အထက်ရှိမှ လက်ခံပါတယ်။ ဒါက out of 5 အတွက်ပြောတာပါ။ out of 4 နဲ့တွက်တဲ့ကျောင်းတွေဆိုရင်တော့ 2.9 လောက်ရှိမှလက်ခံပါတယ်။

အသက်ကြီးငယ်မရွေး လျှောက်ထားလို့ရပါတယ်။ ကန့်သတ်ချက်မရှိပါဘူး။ Master တန်းအတွက်ပဲ ဖြစ်ပါတယ်။  Ph.D တွေ Bachelor တွေ မပါပါဘူး။

ကျောင်းက စာရွက်စာတမ်းတွေ စုံပြီဆိုရင် အလုပ်ထဲက ဒါမှမဟုတ် သင် စေတနာ့ဝန်ထမ်းလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုခုဆီကနေ ထောက်ခံစာတောင်းပါ။ အဲ့ဒါကိုလဲ Form 2: Letter of Recommendation ကိုပဲဖြည့်ခိုင်းရမှာဖြစ်ပါတယ်။ ရှိသမျှ စာရွက်စာတမ်းတွေထဲမှာ ကိုယ်ဖြည့်စရာ ရှိတဲ့အပိုင်းတွေ အားလုံးကို ဖြည့်ပြီးပြီဆိုရင်တော့ ပညာသင်ဆုလျှောက်ဖို့အတွက် အရေးကြီးတဲ့ စာစီစာကုံးအပိုင်းကို ပြောပြပါ့မယ်။

ဒီနော်ဝေပညာသင်ဆုမှာ ကျွန်တော်တို့တုန်းကတော့ မြန်မာလို စာစီစာကုံး တစ်ပုဒ်ရေးရပါတယ်။ သုံးမျက်နှာပေါ့။ ဘာကြောင့် AIT မှာကျောင်းတက်ချင်တယ်။ ကျောင်းပြီးသွားရင် နိုင်ငံကို ဘယ်လို အကျိုးပြုနိုင်မယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေ ဘယ်လို အကျိုးရှိမယ်ဆိုတာကို ရေးခိုင်းပါတယ်။  School of Management (MBA) တက်မယ့် ပုဂ္ဂိုလ်များကတော့ အင်္ဂလိပ်လို တစ်ပုဒ် ထပ်ရေးရပါတယ်။ ခေါင်းစဉ်ကတော့ တူတူပဲဖြစ်ပါတယ်။ ပြီးရင် Financial Aid Essay က လူတိုင်းရေးရပါတယ်။ အင်္ဂလိပ်လိုဖြစ်ပါတယ်။ စာလုံးရေ ၁၅၀ လောက်ရေးရပါတယ်။

IELTS တို့ TOEFL တို့ ဖြေထားရင် ထည့်ပေးလိုက်ပါ။ မရှိဘူးဆိုရင်လည်း ရပါတယ်။ ဘာမှ မဖြစ်ပါဘူး။

ကျောင်းကစာရွက်စာတမ်းတွေ စုံပြီ၊ အက်ဆေးတွေလဲ စုံပြီဆိုရင် လျှောက်လွှာသွားတင်လို့ ရပါပြီ။ လျှောက်လွှာ တင်ပြီးသွားလို့ ခင်ဗျားကို အကြောင်းမကြားမချင်း အေးဆေးနေလို့ရပါတယ်။ ပထမအဆင့်မှာပါမယ်လို့ ကိုယ့်ကိုယ်ကို ထင်ထားရင်တော့ စာလုပ်ထားပေါ့။

ပထမဆင့်မှာ ပါတယ်လို့ အကြောင်းကြာလာရင်တော့ ဇာတ်လမ်းပြန်စပြီပေါ့။ ကျွန်တော့်တုန်းကတော့ IELTS လဲမရှိ TOEFL လဲမရှိတော့ AIT-EET ဆိုတဲ့ English Test ကိုဖြေရပါတယ်။ 4.5 မရရင် ပထမဆင့်မှာကို ပြုတ်ပြီပေါ့နော်။ ဖြေခတော့ သွင်းရပါမယ်။ သုံးသောင်းလောက် ကျမယ်။ IELTS နဲ့ TOEFL အမှတ်မီတဲ့သူတွေကတော့ ဖြေစရာမလိုပါဘူး။ ဖြေရတာက လွယ်ပါတယ်။ နှစ်ပုဒ်တည်းပါ။ ပထမ တစ်ပုဒ်က ပုံပေးထားတယ် ပုံကိုကြည့်ပြီး ပုံက ဘာကိုဆိုလိုပါတယ်ဆိုတာကို ရေးပေးရတာမျိုး။ စာလုံးရေ ၁၅၀ မှ ၁၈၀ ကြား တစ်ခုခုဖြစ်မယ်။ နောက်တစ်ပုဒ်ကတော့ Topic တစ်ခုကိုရေးခိုင်းတာမျိုးပါ။ အချိန် တစ်နာရီခွဲ။

ပထမဆင့်အောင်လို့ ဒုတိယဆင့်ရောက်လာပြီဆိုရင်တော့ ခင်ဗျားကို သူမေးချင်တာ မေးမှာပါ။ ဒီအချိန်မှာ ခင်ဗျားကို ဘာလုပ်ဘာလုပ်လို့ ကျွန်တော်လဲ မပြောတတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တုန်းက စာမေးပွဲဖြေခိုင်းမယ်ဆိုပြီးတော့မှ အချိန်ကပ်လာတော့မှ အားလုံးကို ပြောင်းပစ်လိုက် တယ်။ ဖြစ်ချင်တာဖြစ်နိုင်တယ်။ အတည်သတ်မှတ်ထားလို့မရဘူး။ ခင်ဗျား အလွတ်ကျက်လာတာလား ဒါမှ မဟုတ် ခင်ဗျား တကယ် ကောင်းကောင်းဖြေနိုင်တာလားကိုသိချင်လို့ စမ်းသပ်တဲ့ ပွဲလဲဖြစ်နိုင်တယ်။  ကျွန်တော်တို့တုန်းက စာမေးပွဲအစား surprise check စစ်ပါတယ်။ ပထမ writing test အသေးလေး တစ်ခု ထပ်စစ်ပါတယ်။ နောက်  မေးခွန်းသုံးခုကို ချက်ချင်းချပြီး ပါးစပ်နဲ့ ဖြေခိုင်းပါတယ်။ အဲ့လိုမျိုးပါ။

တစ်ခု သတိထားရမှာက သူတို့က Dress Code တွေကို အီးမေးလ်နဲ့ တစ်ခါတည်းတွဲပို့တတ်ပါတယ်။ သူပြောတဲ့ Dress Code အတိုင်းဝတ်ပါ။ ကျွန်တော်တို့တုန်းက Smart Casual ဆိုပြီး ဝတ်ခိုင်းပါတယ်။ အရောင်တော့ မသတ်မှတ်ပေးပါဘူး.. တကယ်လို့ ခင်ဗျားတို့နှစ်မှာ အရောင်ပါ သတ်မှတ်ပေးမယ်ဆိုရင် အဲ့ဒီအတိုင်း ဝတ်သွားစေချင်ပါတယ်။

ဒါပြီးသွားလို့ တတိယဆင့်ကတော့ နောက်ဆုံးဆင့်ပါ။ ဒုတိယဆင့်မှာ တော်တော်များများပြုတ်ကုန်ပါပြီ။ တတိယဆင့်မှာကတော့ အားလုံးက ခင်ဗျားကို ဝိုင်းကျပ်ကြမှာပါ။ ကျောင်းအုပ်ကြီးက သုံးယောက်၊ ကျောင်း သုံးကျောင်းရှိတာကိုး။ နောက် AIT ရဲ့ မြန်မာပြည် Agent က လူတွေပါမယ်။ နောက် တခြား Faculty တွေပါမယ်။ စုစုပေါင်း ၉ ယောက်လောက်ရှိမယ်။

အဲ့ဒီဖိုင်နယ်အင်တာဗျူးသွားတဲ့အချိန်ကျရင် ခင်ဗျားရဲ့ မူရင်းစာရွက်စာတမ်းတွေ အကုန်လုံးယူသွားပါ။ မှတ်ပုံတင်ကစ၊ ပတ်စ်ပို့အလယ်၊ ဘွဲ့လက်မှတ်တွေအထိ ယူသွားပါ။ အိမ်ထောင်စုဇယားတော့ မလိုဘူး။ အဲ့ဒီအချိန်ကျရင် ခင်ဗျား စာစီစာကုံးတွေ အက်ဆေးတွေမှာ ရေးထားတဲ့အချက်တွေကို ပြန်မေးမယ်။ ခင်ဗျား သူများကိုရေးခိုင်းတာဆိုရင် သေဖို့သာပြင်ပေတော့။ ဘာကြောင့်ဒီကျောင်းကို လျှောက်တာလဲ၊ အလုပ် အတွေ့အကြုံ ရှိလား၊ ဘာတွေလုပ်ရလဲ၊ လုပ်ငန်းသဘောသဘာဝ၊ ဆိုင်တာတွေရော မဆိုင်တာတွေရော အကုန်မေးလိမ့်မယ်။ မသိဘူးဆိုရင် မသိဘူးလို့ပဲပြောပါ။ ဆရာကြီးလုပ်ပြီး သိချင်ယောင်မဆောင်ပါနဲ့။ ကားသွားပါလိမ့်မယ်။

ဖြေပြီးသွားရင်တော့ အလုပ်ကိုလဲ ကြိုပြောထားသင့်ပါတယ်။ ဒါမှ သူတို့ကလူသစ်ရှာဖို့ ပြင်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျား အရွေးမခံရဘူးဆိုရင်တောင်မှ သူတို့အနေနဲ့ ကြိုပြင်ဆင်ထားလို့ ရတယ်လေ။ ခင်ဗျားထွက်သွားရင် သူတို့ အစားထိုးစရာလူရှိနေတော့ အဆင်ပြေတာပေါ့။ ခင်ဗျားမပါတော့လည်း ခင်ဗျားပဲ ဆက်လုပ်ပေါ့။ အလုပ်ရှင်ကို ပွင့်ပွင့်လင်းလင်း ပြောပြထားတာ အကောင်းဆုံးပါပဲ။

နောက်ဆုံးအဆင့်ပြီးသွားရင်တော့ ပါမပါ အကြောင်းကြားတာကိုပဲစောင့်ပါ။ ပါပြီဟေ့ဆိုရင်တော့ မြန်မာပြည်မှာ Bridging တစ်လတက်ရပါမယ်။ ပြီးရင် ဘန်ကောက်မှာ နှစ်လ တက်ရပါမယ်။ ကျွန်တော်တို့တုန်းက အချိန်အရမ်းကပ်သွားတဲ့အတွက် ဘန်ကောက်မှာ တစ်လပဲ တက်လိုက်ရပါတယ်။ Bridging က သိပ်အရေးကြီးတဲ့အချိန်မို့ မလွှတ်စေချင်ပါဘူး။ ဘန်ကောက်က အေးဆေးပါပဲ။ ချိတ်ချင်းချိတ်ပဲ ချိတ်ပါတယ်။ ကိုယ်မဟုတ်တာ မလုပ်ဘူးဆိုရင် မဟုတ်တာ ဘာမှ ဖြစ်စရာ မရှိပါဘူး။ အေးအေးဆေးဆေးပါပဲ။ ပြီးတော့ AIT က သစ်ရိပ်ဝါးရိပ်ပေါပါတယ်။ ဘန်ကောက်မြို့ထဲမှာမဟုတ်တာ တစ်ခုပါပဲ။ ဒါပေမယ့် သွားရေးလာရေး အဆင်ပြေပါတယ်။ ဘန်ကောက် ကားလမ်းကြပ်တာ နာမည်ကြီးတယ်ဆိုပေမယ့် ရန်ကုန်လောက်မဆိုးဘူးဆိုတာ ရောက်ဖူးရင် သိပါမယ်။

ကဲကဲ အားလုံး ကံကောင်းကြပါစေခင်ဗျာ။။ သိချင်တာရှိရင် comment ရေးခဲ့ပါ။

25 July 2012

ကျွန်တော့်မပြောချင်တဲ့အကြောင်းတွေ




ဒီပို့စ်ကို တင်ရင်ကောင်းမလား မတင်ဘဲနေရင်ကောင်းမလား စဉ်းစားရတာ တော်တော် ခေါင်းစားပါတယ်။
နောက်ဆုံးတော့လည်း တင်လိုက်မယ်ကွာလို့ ဆုံးဖြတ်ပြီး တင်လိုက်ပါတယ်။ ဖြစ်လာမယ့် ပြဿနာတွေကို
နောက်မှ ရှင်းလည်းရတာပဲ။ ဒါပေမယ့် ပြောချင်လွန်းလို့ ပြောတာတော့ မဟုတ်ပါဘူးခင်ဗျာ။ မပြောမဖြစ်လို့ ပြောရခြင်းဖြစ်ပါတယ်။

ကျွန်တော် ကျောင်းစတက်ကတည်းကနေ အခုချိန်ထိဆိုရင် ခင်မင်ရင်းနှီးခဲ့ရတဲ့သူတွေက တော်တော် များပါတယ်။ တခြားသူတွေထက် သူငယ်ချင်းပိုများတယ်လို့ ပြောလို့ရပါတယ်။ ဂျူနီယာတန်းတွေကနေ စီနီယာတွေထိ တော်တော်များများနဲ့ သိပါတယ်။ မေဂျာတူတာရော မတူတာရောပေါ့။ ထိုနည်းတူပဲ တစ်နှစ်တည်းသမားတွေ တော်တော်များများနဲ့လည်း ခင်ပါတယ်။ ကျွန်တော်က ဟိုလူ့ကိုတော့ ဟိုဟာမို့လို့ ဒီလူကတော့ ဒီဟာမို့လို့ဆိုပြီး မခေါ်မပြောခဲ့တာတွေ မရှိပါဘူး။ မကြိုက်ဘူးဟေ့ဆိုရင်တော့ အခင်အမင် မပျက်အောင် ရေလိုက် ငါးလိုက်နေပေးပါတယ်။ လုံးဝ မပြောချင်တဲ့အခါမျိုး စိတ်တိုနေတဲ့အခါမျိုးဆိုရင် ဒဲ့ပြောလိုက်တယ်။ ဒါမှ မဟုတ် ရှောင်ထွက်သွားလိုက်တယ်။ ဒီလောက်ပဲ။

ကျောင်းမှာတုန်းကတည်းကစလို့ အခုချိန်ထိ ကျွန်တော့်မှာ ခဏခဏ ကြုံရတဲ့ကိစ္စတစ်ခုက သူငယ်ချင်းတွေ ရင်ဖွင့်တာကို နားထောင်ပေးရတာပါပဲ။ ဂျူနီယာတွေကနေ တစ်နှစ်တည်းသမားတော်တော်များများ တွေက ရင်ဖွင့်စရာ ရှိရင် ဘာအကြောင်းကြောင့် ရောက်ရောက်လာသလဲ ကျွန်တော်မသိဘူး။ နားထောင်ပေးရတယ်။ စကားလိုက်ထောက်ပေးရတယ်။ ဟုတ်တာပေါ့လို့ ထောက်ခံပေးရတယ်။ ဒါတွေက ကျွန်တော့်အတွက် အပန်းမကြီးပါဘူး။ သူတို့စိတ်သက်သာရာ ရတာပဲ ကောင်းတာပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့ကို ဘာလုပ်ပါ ဘယ်လိုလုပ်ပြီးဆိုပြီးတော့ အကြံကောင်းကောင်းမပေးတတ်ပါဘူး။

သူငယ်ချင်းအရင်းခေါက်ခေါက်တွေကတော့ ချွင်းချက်ပေါ့။ (သူငယ်ချင်း အရင်းခေါက်ခေါက်ဆိုတာကလဲ သူများတွေနဲ့ စာရင် တော်တော်များပါတယ်။ ကျွန်တော့်သူငယ်ချင်း အရင်းခေါက်ခေါက် တွေက ကျွန်တော်နဲ့သာ သူငယ်ချင်းပါ။ သူတို့ချင်းချင်းကျတော့ ဟုတ်ချင်မှ ဟုတ်ကြတာ။ ကျွန်တော်က သူတို့ ကြားထဲမှာ common friend ဖြစ်နေတာများတယ် )

ကျွန်တော် ရန်ကုန်ရောက်လာတယ်။ အလုပ်လုပ်တယ်။ နယ်က သူငယ်ချင်းတွေ၊ ကျောင်းတုန်းက သူငယ်ချင်းတွေ လာကြတယ်။ ကေတီဗီ ဘီယာဆိုင် သွားချင်တယ်ဆိုလို့ လိုက်ပို့ပေးရတယ်။ အဲ့ဒီအချိန်မှာ အိမ်ကဖုန်း ဒါမှ မဟုတ် ရည်းစားဆီက ဖုန်းလာရင် စိုင်းစိုင်းနဲ့ ထိုင်နေတာ ဆိုတဲ့စကား အမြဲပြောကြတယ်။ အဲ့ဒီလို ပြောလိုက်ရင် အဆင်ပြေသွားရောလား ကျွန်တော်မသိဘူး။ (များသောအားဖြင့် သူတို့ ရည်းစားတွေကလည်း ကျွန်တော့်ကို သိကြပါတယ်။ )

အိုကေ အဲ့ဒါတွေက အရေးမကြီးပါဘူး။ ကျွန်တော့်သူငယ်ချင်းတော်တော်များများက ကျွန်တော့်ကို အနည်းနဲ့အများတော့ သူတို့အကြောင်းတွေကို ရင်ဖွင့်ဖူးကြတယ်။ အဲ့ဒါက ကျွန်တော့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ပါဘူး။

ဒါပေမယ့် ကျွန်တော့်အနေနဲ့ ကျွန်တော့်အကြောင်းကို သူငယ်ချင်းတွေကို ပြောတယ်ဆိုတာ ခပ်ရှားရှားပါ။ ကျွန်တော် ရန်ကုန်မှာနေတယ်။ ကျွန်တော့်မှာ မွေးချင်းဘယ်နှယောက် ရှိတယ်ဆိုတာ သူတို့သိမယ်။ ကျွန်တော် ဘယ်မှာ အလုပ်လုပ်နေတယ်ဆိုတာ သူတို့ သိတယ်။ ဒီလောက်ပဲ။ ဒါကိုလဲ လုံလောက်ပြီလို့ ကျွန်တော်ထင်တယ်။

ကျွန်တော့်ရဲ့တခြား ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သူတို့ကို ရင်မဖွင့်ဖူးဘူး။ ကျွန်တော်တစ်လ ဝင်ငွေ ဘယ်လောက်ရှိတယ်၊ ကျွန်တော် ဘယ်သူနဲ့ဖြစ်နေတယ်၊ အဲ့ဒါတွေကို သူတို့ကို တစ်ခါမှ မပြောဖူးဘူး။ သိစရာမလိုဘူးထင်လို့။ အဲ့ဒီကိစ္စတွေမှာ ပြဿနာဖြစ်လာခဲ့ရင်လည်း ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ပဲ ဖြေရှင်းတယ်။ ရှင်းလို့မရရင် လွှတ်ထားလိုက်တယ်။ အခြေအနေငြိမ်သွားရင် အဆင်ပြေသွားမယ်ဆိုတာ လူတိုင်းသိနေတာပဲ ဟုတ်?

တစ်ခုတော့ ရှိတယ်။ ကျွန်တော် စာရေးတယ်။ ဘလော့ဂ်မှာ ရေးတဲ့အခါ ရေးတယ်။ ဟိုခြစ်သည်ခြစ် လျှောက်ခြစ်ရင်လည်း ခြစ်တယ်။ များသောအားဖြင့် သီချင်းနားထောင်တယ်။ ဒါမှမဟုတ်လည်း ရုပ်ရှင် သွားကြည့်လိုက်တယ်။ တစ်ယောက်တည်းပေါ့ဗျာ။ စိတ်ကို ခဏ ထွက်ပေါက် ပေးလိုက်တယ်။ ကျွန်တော့်စိတ်ထဲ တစ်ခုပဲ တွေးတယ်။ ဒီကိစ္စက အခုသာ ပြဿနာကြီးဖြစ်နေတာ.. နောက် တစ်ပတ် နှစ်ပတ် ဒါမှမဟုတ် တစ်လမှာ ဟာသဖြစ်သွားမှာပဲ ဆိုပြီးတော့။

အဲ့ဒီတော့ မေးတဲ့လူတွေက မေးလာတယ်။ ဒီဘလော့ဂ်မှာ ရေးထားတာတွေက မင်းရဲ့ တကယ့် ခံစားချက်တွေလားတဲ့။ အမှန်တစ်ဝက် အမှားတစ်ဝက်လို့ ကျွန်တော်ဖြေရမယ်။ ခရီးသွားမှတ်တမ်းတွေ သူငယ်ချင်းတွေ အကြောင်းတွေက အမှန်တွေပါ။ တချို့ အကြောင်းအရာတွေ ဥပမာ ငါးထောင်တန်ဖုန်းကိစ္စ အဲ့ဒါတွေကလည်း အမှန်ပဲ။ ဒါပေမယ့် တချို့ အချစ်အကြောင်းရေးထားတာတွေက ရောနေတယ်လို့
ပြောလို့ရတယ်။

အရှေ့မှာ ပြောခဲ့သလိုပဲ။ ကျွန်တော့်သူငယ်ချင်းတွေက လာလာရင်ဖွင့်နေတာတွေရှိတယ်။ အဲ့ဒါတွေကို ကျွန်တော့ ခံစားချက်အဖြစ်ပြောင်းပြီး ကျွန်တော်သာဆို ဒီလို ဒီလို ဆိုပြီး ရေးထားတာတွေ။ သူငယ်ချင်းတွေ လာပြောသမျှကို လည်း တင်နေတာမဟုတ်ဘူး။ သူပြောတာတွေနဲ့ ကိုယ့်အဖြစ်နဲ့တိုက်ဆိုင်တဲ့အခါမျိုးမှာ
ရေးဖြစ်တယ်။ ကျွန်တော့်ခံစားချက်နဲ့တော်တော်နီးစပ်တဲ့အတွက် ကျွန်တော့်အဖြစ်အပျက်လို့ ထင်တဲ့သူငယ်ချင်းတွေက ထင်ကြတယ်။ အဲ့ဒါကြောင့် အမှန်တစ်ဝက် အမှားတစ်ဝက်လို့ ကျွန်တော် ပြောခြင်းဖြစ်ပါတယ်။

ပြောလက်စနဲ့ဆက်ပြောရရင် ကျွန်တော့်အကြောင်းကို သူငယ်ချင်းတွေ လာမေးတဲ့အခါတိုင်းမှာ
ဖြေနိုင်တာကိုပဲ ဖြေပါတယ်။ ကျွန်တော်မဖြေချင်တဲ့ မေးခွန်းကိုတော့ မဖြေပါဘူး။ စိတ်ဆိုးလဲ မတတ်နိုင်ပါဘူး။ ကျွန်တော်က လူတစ်မျိုးပါ။

ကျွန်တော့်ကို အလုပ်မှာ လစာဘယ်လောက်ရလဲ မေးတာ မကြိုက်သလို သူများကိုလဲ မမေးတတ်ဘူး။ ဘယ်လောက် ခင်မင်ရင်းနှီးပါစေ မမေးဘူး။ လာမေးရင်လဲ မဖြေပါဘူး။ ရိုင်းတယ်လို့ထင်လို့ပါ။ ကျွန်တော့ Relationship အခြေအနေကို မေးတာကိုလဲ မကြိုက်ပါ။ ကျွန်တော် မဖြေချင်တာကို မဖြေတာ ကျွန်တော့်အပိုင်းပါ။ စိတ်ဆိုးချင်လဲ ဆိုးပါ။ သူငယ်ချင်းအရင်းကြီးဖြစ်နေလို့ ကျွန်တော့်အကြောင်းကို ခရေစေ့တွင်းကျ သိရမယ်ဆိုတာကို ကျွန်တော်လက်မခံပါဘူး။ အဲ့ဒါနဲ့ သူငယ်ချင်းနဲ့က ဘာမှ မဆိုင်ဘူးလို့ ကျွန်တော်ထင်တယ်။

ဒီစာကို ရေးတာက စိတ်တိုလို့ ရေးတာလဲ မဟုတ် ဖြေရှင်းချင်လို့ရေးတာလဲ မဟုတ်ဘူး။ ကျွန်တော်ဘယ်လိုလူလဲဆိုတာ ကျွန်တော့်သူငယ်ချင်း အရင်းခေါက်ခေါက်တွေ နည်းနည်းလေး သိစေချင်လို့ပါ။ သိတဲ့သူတွေကလဲ သိပါတယ်။ စိတ်ဆိုးချင်လဲ ဆိုးကြပါ။ စိုင်းစိုင်းက အဲ့ဒါကို ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်။ မဆိုးပါနဲ့ဆိုပြီးတော့လဲ မပြောဘူး။ စိတ်ဆိုးပြေအောင်လဲ လိုက်မချော့တတ်ပါဘူး။ ဟီး...

ဆုံးအောင်ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

16 July 2012

ဒုတိယမ္ပိ ကျောင်းသားဘဝ

စိုင်းစိုင်းအသက်က အခုဆို ၂၆ နှစ်ထဲမှာ. ၂၀၀၈ က ကျောင်းပြီးတာဆိုတော့ လေးနှစ်လောက်ရှိပြီပေါ့။ ကျောင်းသားဘဝက လွမ်းစရာကောင်းပါတယ်။ သူငယ်ချင်းတွေနဲ့ ဆိုးအတူ ကောင်းအတူ အတူတူ ဖြတ်သန်းခဲ့ရတဲ့အချိန်တွေက တကယ် မမေ့နိုင်တဲ့ အချိန်တွေပါပဲ။ မိုးလင်းခဲ့တဲ့ညတွေ အိပ်ရေးပျက်ခဲ့တဲ့ ညတွေ.. အများကြီးပါပဲ.. စာကျက်လို့တော့ မဟုတ်ဘူး.. လျှောက်သွားနေကြတာ အဟီး.. ဘာပဲပြောပြော အဲ့ဒီကျောင်းသားဘဝကို လွမ်းတယ်။

ကျောင်းသားဘဝ ပြန်ရချင်ရင် Master တန်းထပ်တက်ပါဟေ့ဆိုရင်တော့ မတက်ချင်တော့ဘူး။ ဒီသူငယ်ချင်းတွေမပါဘဲနဲ့တော့ မတက်ချင်ဘူး။ ပြီးတော့ သူများတကာ Master တိုင်း လိုက် Master ပြီး စာကို နားမလည် ပါးမလည်နဲ့ ကြက်တူရွေးကျက်ကျက်ပြီး ဖြေရတာကို တကယ် မကြိုက်ဘူး။ အဲ့ဒီအတွက် ကျောင်းသားဘဝနဲ့ ဝေးနေတာ လေးနှစ်လောက် ကြာခဲ့ပြီဆိုပါတော့။

ကျောင်းသားဘဝနဲ့ ဝေးနေတယ်သာ ပြောတာပါ။ ကျောင်းကိုတော့ တစ်နှစ် နှစ်ခါလောက် ပုံမှန် ရောက်ဖြစ်နေတယ်။ သူငယ်ချင်းတွေဆီ သွားလည်ရင်းနဲ့ ကျောင်းကို သွားသွားလည်ဖြစ်တယ်။ ကျောင်းကို နောက်ဆုံးရောက်ခဲ့တုန်းကတော့ ကိုယ့်အသက်တော်တော်ကြီးသွားပြီဆိုတာ သတိထားမိတယ်။ ကိုယ် Fresher Welcome လုပ်ပေးခဲ့တဲ့ကလေးတွေကတောင် နောက်ဆုံးနှစ်ရောက် လူကြီးတွေဖြစ်နေပြီကိုး။ ကျောင်းသားဘဝတော့ ဝေးပါပြီလို့တောင် စဉ်းစားခဲ့မိတယ်။

ဒါပေမယ့် ကံက ကြံဖန်ပြီး ကျောင်းပြန်တက်ရဖို့ ဖြစ်လာတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလောက်က နော်ဝေအစိုးရက ပေးတဲ့ ပညာသင်ဆုကို လျှောက်ထားတာ တက်ခွင့်ရတယ်။ ပြင်ဆင်ချိန်က သိပ်မရှိဘူးဆိုပေမယ့် မြန်မာပြည်မှာ ပေါင်းကူး program ကို တစ်လ တက်ခဲ့ရတော့ အဆင်ပြေပါတယ်။ အရွေးခံရတဲ့ လူလေးဆယ်ထဲမှာ ကိုယ်နဲ့ သိတဲ့သူတစ်ယောက်စ နှစ်ယောက်စ ပါတယ်.. ပြီးတော့ ကိုယ့်သူငယ်ချင်းတွေရဲ့ သူငယ်ချင်းတချို့လဲပါတော့ ပိုအဆင်ပြေတာပေါ့။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က မြန်မာပြည်ကနေ ဘန်ကောက်ကို အယောက်လေးဆယ်လုံး လေယာဉ်တစ်စီးတည်းနဲ့ အတူတူထွက်လာဖြစ်ခဲ့ပါတယ်။ လှည်းတန်းကနေ ဆူးလေကို သွားတာကမှ ကြာတယ်လို့ ထင်ရဦးမယ်။ (လေယာဉ် ပထမဆုံးစီးရတဲ့ အတွေ့အကြုံကြောင့်လဲ ဖြစ်မှာပါ) .. လေယာဉ်စတက်တယ်.. ငြိမ်သွားတော့ အစားအသောက်တွေ ချပေးတယ် .. အစားအသောက်တွေ စားပြီးတော့ ကော်ဖီလက်ဘက်ရည်သောက်တယ်.. သောက်ပြီးခဏနေတော့ လာသိမ်းတယ်။ ခဏနေတော့ လေယာဉ်ဆင်းတော့မယ်တဲ့.. မြန်ထှာလို့တွေးမိတယ်။။ ဟီး.. တောသားလေ တောသား သိတယ်နော်...။

သုဝဏ္ဏဘုမ္မိ လေဆိပ်ကိုရောက်တော့ အားလုံး တန်းစီရတယ်ပေါ့.. အဲ့ဒီမှာ စိုင်းစိုင်းတို့အားလုံးက ဒီဘက်ကို ရောက်လာပြီ.. အဲ့ဒီအချိန်မှာ ညီမလေးတစ်ယောက်.. သူ့ဘေးက ကုလားမကြီးကို Departure Form ကူဖြည့်ပေးလိုက်တာ Passport မှားသွားတယ်... သူက ဟိုကုလားမကြီး passport ကြီးကို ကိုင်ထားပြီး Immigration ဝင်တော့ ပြဿနာတက်ရောပေါ့.. အကုန်လုံးကလည်း ဒီဘက်မှာဆိုတော့ ဟိုဘက်ကိုလည်း သွားကူညီပေးလို့ မရ.. ဒုက္ခ တော်တော်ရောက်ပါတယ်။

တော်တော်ဆိုးတာတစ်ခုက ယိုးဒယားတွေရဲ့ အင်္ဂလိပ်စာ အသံထွက်ကို ဘယ်လိုမှ ဖမ်းလို့ မမိတာပဲ။ သူတို့ ဘာပြောလို့ ပြောနေမှန်းကို နားမလည်ဘူး။ ကံကောင်းချင်တော့ စိုင်းစိုင်းကို လိုက်ပို့တော့ အိမ်က ယိုးဒယားဖုန်းကတ်လေးတစ်ကတ် ထည့်ပေးလိုက်တယ်။ အဲ့ဒီဖုန်းကတ်နဲ့ ကျောင်းကလာကြိုနေကြတဲ့ စီနီယာတွေကို အကြောင်းကြား ဘာလုပ်သင့်တယ်ဆိုတာ တိုင်ပင်။ အဲ့ဒီလိုနဲ့ စိုင်းစိုင်းနဲ့ အပြင်က စီနီယာ တစ်ယောက်တည်းပဲ ကျန်နေခဲ့ပြီး ကျန်တဲ့သူတွေကို ကျောင်းကို အရင်သွားခိုင်းလိုက်ရတယ်...

လူက ဗိုက်ကလဲ တော်တော်ဆာနေပြီ.. ဘန်ကောက်ကို နေ့လည် ၁၁ နာရီကျော်ကျော်လောက်က ရောက်တာ ညနေ လေးနာရီကျော်တဲ့အထိ ဟိုကောင်မလေးမျက်နှာကို မမြင်ရသေးဘူး.. တော်သေးတာက သူ့ကို ဖုန်းဆက်လို့ရနေလို့.. သူ့ကိုလည်း အားမငယ်ဖို့ အားပေးရတယ်.. မိန်းကလေးတစ်ယောက်တည်း စကားမပေါက် ဘာမပေါက်နဲ့ဆိုတော့ ကြောက်မှာပဲ ထင်မိလို့..

လေးနာရီကျော်လာမှာ သူ့မျက်နှာကိုမြင်ရတယ်.. တော်သေးတာပေါ့ အဆင်ပြေသွားလို့.. သူ့မလည်း ဟိုအခန်းဝင် ဖောင်ဖြည့် ဒီအခန်းဝင်ဖောင်ဖြည့်ရနဲ့ဆိုတော့ တော်တော်ပင်ပန်းသွားမှာပဲ.. လေယာဉ်ကွင်းကထွက် လာကြိုတဲ့အမကို လိုက်ရှာ၊ ပြီးတော့ တက်စီငှားပြီး ကျောင်းကို ဒိုးရတယ်။ တစ်နာရီနီးပါးလောက် စီးပြီးတော့ကာ... စိုင်းစိုင်းတို့ကျောင်းကို ရောက်ပါတယ်.. AIT တဲ့။ ပြီးခဲ့တဲ့နှစ် ဘန်ကောက်ရေလွှမ်းတော့ သူက တော်တော်လေးကို ခံလိုက်ရတယ်.. သူကနည်းနည်းနိမ့်တာကိုး.. အခုတော့ တော်တော်လေး ပြန်အဆင်ပြေနေပါပြီ။ ဒါပေမယ့် မြေညီထပ်တွေကတော့ သုံးလို့ မရဘူးဖြစ်နေတုန်းပဲ။

ကျောင်းထဲရောက်တော့ မှောင်လုလုပဲ။ အထုပ်အပိုးတွေချပြီး Cafeteria ကိုသွားတယ်။ မုန့်စားဖို့ ပိုက်ဆံအိတ်လိုက်ရှာတော့ ရှိတော့ဝူး............... ။ အား........... စိတ်တော်တော် တိုတယ်.. ဗိုက်ကဆာပါတယ်ဆို ပိုက်ဆံက တပြားမှ မကျန်တော့ဘူး.. ဂိတ်ကို အပြေးသွားပြီး သတင်းပေးပြီး စုံစမ်းခိုင်းရတယ်။ ဒီနေ့ထိတော့ ဘာမှ မထူးဘူး.. ထူးလဲ မထူးလာတော့ဘူးထင်ပါတယ်လေ.. ထားပါတော့.. ဒါပေမယ့် သူငယ်ချင်းတွေက ပေးကမ်းစွန့်ကြဲကြပါတယ်.. ဟီး.. ထမင်း မငတ်တော့ဘူးပေါ့။

ကျေးဇူးတင်တယ် သူငယ်ချင်းတို့ရေ။ ကျောင်းသားဘဝကို ဒုတိယတစ်ခေါက် အတူတူပြန်တက်ခွင့်ရတဲ့ အချိန်မှာ ကူညီပေးကြတဲ့အတွက်။

ဆရာတွေကတော့ ပြောပါတယ်.. အခုပထမတစ်လက Bridging ဖြစ်တဲ့အတွက် ပျားရည်ဆမ်းကာလပေါ့ ဟဲဗီးကြီးတွေက August မှာစမယ်ဆိုတဲ့သဘောပေါ့.. အီး.. ကျောတော့ချမ်းတယ်။ မြန်မာပြည်နဲ့ မတူတဲ့ သင်ကြားမှုပုံစံက ဘယ်လိုနေမယ် ကျွန်တော်မသိဘူးလေ..။ ဘာပဲဖြစ်ဖြစ်  ကျွန်တော်တို့အားလုံးရဲ့ စိတ်ထဲမှာတော့ ကြိုးစားကြမယ်.. ဖြစ်အောင်လုပ်ကြမယ်.. မြန်မာလူမျိုးတွေလည်း မညံ့ဘူးဆိုတာ ပြရမှာပေါ့နော့။

နောက်နှစ်အတွက် ပညာသင်ဆုကို ဘယ်အချိန်မှာ စခေါ်မယ်ဆိုတာကိုလည်း တင်ပေးပါ့မယ်.. စောင့်ကြည့်ပြီး မျှဝေပေးကြဖို့တောင်းဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်နှစ်ကျရင် လူပိုများများခေါ်မယ်လို့ ပြောကြလို့ပါ။ ၆၀ လောက်ဖြစ်ချင်ဖြစ်သွားနိုင်တယ်ပေါ့။ ကျောင်းပြီးခါစ Grading ကောင်းတဲ့လူငယ်တွေလဲ လျှောက်လို့ရပါတယ်။ လုပ်သက်ရှိထားတဲ့ လူတွေလဲ လျှောက်နိုင်ပါတယ်။ အစိုးရ ဌာနကလူတွေလဲ လျှောက်ထားနိုင်ပါတယ်။ ဒီပညာသင်ဆုက ဘယ်အပိုင်းကိုမှ ပေးမယ်ဆိုပြီး ကန့်သတ်မထားတဲ့အတွက် အဆင်ပြေပါတယ်။ Engineering တက်ရတဲ့လူတွေက အများဆုံးပဲ.. နောက်ပြီးတော့ Development ပေါ့.. MBA တက်ကြမယ့်သူတွေကလည်း အများသားပဲ.. ကိုးယောက်တောင်မှ.. MBA ကို ပညာသင်ဆုပေးတာ မရှိသလောက်ရှားတယ်လေ.. စိတ်ပါဝင်စားသူများ အသင့်ပြင်ထားကြပါနော်.. CGPA တို့.. ထောက်ခံစာတို့ကို ပြည့်စုံအောင် လုပ်ထားစေချင်တယ်..

http://www.ait.ac.th/ မှာလည်း ဝင်ကြည့်လို့ရပါတယ်..


2 May 2012

ချစ်သူ့မွေးနေ့


 ဒီနေ့ဆို နင့်မွေးနေ့ပဲ။ ဘယ်နှနှစ်ပြည့်ဆိုတာကိုတော့ ငါမပြောတော့ပါဘူး။ နင်စိတ်ဆိုးနေမှာစိုးလို့။ J ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ်။ တကယ့်စိတ်ရင်းနဲ့ ဆုတောင်းပေးတာပါ။ 

ဒီဆုတောင်းကို နင်သိချင်မှလဲ သိမှာပါ။ သိရင်လဲ သိမှာပါ။ နင်နဲ့ငါ အဆက်အသွယ်မရှိတာ ကြာပြီဆိုတော့ ငါစာတွေ ရေးနေမှန်း နင်သိချင်မှ သိမှာပါ။ ငါစာတွေ စစရေးတော့ နင်ငါ့ကိုပြောဖူးတယ်နော်။ အရူးအလုပ်တွေတဲ့။ အဲ့ဒီတုန်းကတော့ နင့်အတွက်ပဲ ရူးခဲ့တာပေါ့။ နင့်အကြောင်းတွေပဲ ရေးခဲ့တာပေါ့။ နင်မကြိုက်မှန်းသိပေမယ့် ငါက ရေးခဲ့တယ်လေ။ နင့်အကြောင်းရေးထားတဲ့ ကဗျာလေးတွေစုပြီး စာအုပ်လေးတစ်အုပ်တောင် ငါထုတ်ခဲ့သေးတယ်ဟ။ ငါစာရေးတာကို မကြိုက်ဘူးဆိုပေမယ့် နင်မတားခဲ့တာကို ငါကျေးဇူးတင်ပါတယ်။ 

နင်ငါ့ကို ထားခဲ့တဲ့အချိန်ကတည်းက နင့်ကို သတိရတိုင်း ငါမှတ်မိသမျှ ငါတို့အကြောင်းတွေကို စာအုပ်ထဲ ပြန်ပြန် ချရေးခဲ့မိတာ အချိန်တိုင်းလိုပဲ။ ဒီစာကလဲ တစ်ပုဒ်အပါအဝင်ပေါ့။

အခုတလော ငါ အလုပ်နည်းနည်း ရှုပ်နေတယ်။ ဘယ်တုန်းကမှ မရှုပ်ခဲ့တဲ့ အလုပ်က အခုမှာမှ လာရှုပ်နေတယ်လေ။ ထိုင်နေရတယ်ဆိုပေမယ့် လူက သိပ်မနားရဘူး။ မျက်စိတွေလည်း မွဲမွဲလာတယ်။ ငါလဲ အသက်ကြီးလာနေပြီ။ ဒါပေမယ့် ဒါက ရှောင်လွှဲလို့မှ မရတာပဲ။ 

နင်နေရော ကောင်းရဲ့လား။ နင်ဘယ်ရောက်နေမှန်းလဲ ငါမသိတော့ ဘာမေးရမှန်းလဲ ငါမသိဘူး။ ရန်ကုန်လား၊ မန္တလေးလား၊ တောင်ကြီးလား၊ လားရှိုးလား၊ မူဆယ်လား၊ နမ့်ခမ်းလား ဒါမှမဟုတ် နင့်မွေးနေ့ဆိုတော့ ရွှေလီဘက်ကိုများ အလည် သွားနေမလား။ ဘယ်မှာပဲ ရောက်နေနေပါလေ ကျန်းမာရေးကို ဂရုစိုက်ပါ။ ရာသီဥတုက ပူတယ်မဟုတ်လား။ အပူဒဏ် သိပ်မခံနဲ့ပေါ့။ နင်က ဖျားနေရင်တောင် ပေတေတေနဲ့လေ။ ငါကပြောရင်တောင် နင်က အကြီးလား ငါကအကြီးလားဆိုပြီး ငါ့စကားကို နားထောင်ချင်တာမဟုတ်ဘူးလေ။

ထားပါတော့လေ။ ငါအခုဒီလိုပြောနေတာကို နင်သိရင် အခုမှ လာပြီး သည်းပြနေတယ်ဆိုပြီး ပြောဦးမှာ။ အဲ့ဒီတုန်းက ငါက ဂရုမစိုက်ခဲ့တာ မဟုတ်ပါဘူး။ ဂရုအစိုက်လွန်သွားတယ်ဆိုတာ နင်သိစေချင်ပါတယ်။ ဒါပေမယ့် ငါက ငတုံးလေ နင်သိတယ်မဟုတ်လား။ နင့်ရဲ့ ခပ်တုံးတုံးကောင်လေးပါ။ အခုထိလဲ နင်နဲ့ ပတ်သက်ရင် ငါက တုံးနေတုန်းပါပဲ။ နင်နဲ့သာ စကားပြောနေရတာ နင့်စိတ်ထဲမှာ ဘာတွေ တွေးနေမလဲ ငါမသိဘူး။ နင်ကလဲ ငါကတော်တော် နားလည်ရ ခက်တဲ့ သတ္တဝါလို့ ပြောဖူးတာ အမှတ်ရတယ်။ အင်း…. ငါတို့နှစ်ယောက်က နားလည်မှု လွဲခဲ့တဲ့ သူတွေဖြစ်မှာပါ။ အဲ့ဒီအတွက်ကြောင့်ပဲ လမ်းခွဲဖြစ်ခဲ့တာ မဟုတ်လား။

နင်အခုဆိုရင် အိမ်ထောင်များ ကျနေမလား ငါတွေးမိတယ်။ အင်း ကျရင်လဲ ကျနေလောက်ပြီပေါ့။ နင့်ကိုဆို လိုချင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေမှာပဲ ငါတွေးမိတယ်။ ရုပ်ရည်၊ အသိုင်းအဝိုင်း၊ ဂုဏ်ဓန ပြည့်စုံနေတဲ့သူတစ်ယောက်ကို မလိုချင်တဲ့သူ ရှိပါ့မလား။ ၁၀၀ မှာ ၁၀၁ ယောက်က လိုချင်ကြမှာပါ။ ဒါပေမယ့် နင့်သတင်းကို မကြားမိဘူးနော်။ 

နင် email ပြောင်းသွားတာတော့ ငါသိတယ်။ ဒါပေမယ့် လိပ်စာတော့ မသိဘူး။ ပြီးတော့ Facebook မှာလည်း နင်မရှိဘူး။ နင်ကပဲ အနေအထိုင် သိုသိပ်လွန်းနေတာလား ငါတွေးမိတယ်။ ငါမသိတဲ့ တခြား နာမည်တစ်ခုနဲ့ သုံးနေရင်တော့ ငါလဲ မသိဘူးပေါ့ဟာ။  

နင်သာ Facebook မှာ ရှိနေခဲ့မယ်ဆိုရင် နင့် Timeline မှာ ပထမဆုံး မွေးနေ့ဆုတောင်းပေးတဲ့သူက ငါပဲ ဖြစ်မှာ။ ည ၁၂ နာရီ မတိုင်ကတည်းက နင့်အတွက်ဆုတောင်းတွေကို ရေးထားပြီး ၁၂ နာရီကို ၁ စက္ကန့်လွန်တာနဲ့ကို Post လုပ်ဖို့ အသင့်ပြင်ထားမှာ။   သည်းပြန်ပြီနော်.. :D

ဒါပေမယ့်ပေါ့ ငါမပါပဲ နင့်မွေးနေ့ကို ဒီလိုပဲ ဖြတ်သန်းလာတာ ခုဆို အင်း…. ၆ နှစ်လားတောင် ရှိပြီနော်။ ဘာပဲပြောပြော နင် နေသားကျနေပြီပေါ့။ ငါလဲပဲ ဒီလိုပါပဲ နေသားကျနေပါပြီ။ ဒါပေမယ့် သတိရရနေတာက ခက်တယ်ဟ။ 

သူငယ်ချင်းတွေကလည်း ပြောလှပြီ။  မင်း တစ်ယောက်တည်းပဲ နေတော့မှာလားတဲ့။ ငါ ဘာပြောရမှန်း မသိဘူး။ နောက်တစ်ယောက်ဆိုတာနဲ့ နင့်မျက်နှာကိုပဲ ပြေးပြေးမြင်နေတော့တာ။ နင်ကငါ့ရဲ့ better half လေးလေ။ နင့်နေရာမှာ အစားထိုးဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့တော့ မဖြစ်လာနိုင်သေးဘူးလို့ ငါထင်တယ်။

ငါ့သူငယ်ချင်းတစ်ယောက်က ငါ့ကို ပြောတယ်။ တနေ့ကပေါ့။ ဟရောင် အချစ်ဆိုတာ ဒီခေတ်ကြီးမှာ လုပ်ယူလို့ ရပါတယ်ကွာ။ အကြောင်းတစ်ခုခုကြောင့် မင်း လူတစ်ယောက်ကို ချစ်သွားနိုင်ပါတယ်။ တစ်ကွက်မဟုတ် တစ်ကွက်တော့ တွေ့မှာပါတဲ့။ အေး ဒါပေမယ့် လုပ်ယူလို့ မရတာ တစ်ခုတော့ ရှိတယ်။ ဘာလဲ မင်းသိလား။ နားလည်မှုပဲ။ မင်းတို့တစ်တွေ နားလည်မှု မရှိခဲ့လို့ပဲ အခုလိုဖြစ်သွားတာမဟုတ်လား။ ဒီတော့ မင်းပေါ်ကို နားလည်ပေးနိုင်မယ့်သူ တစ်ယောက်ယောက် ကို တွေ့တဲ့အခါမှာ နောက်တွန့်မနေနဲ့တဲ့။

ငါတောင် တော်တော် စဉ်းစားရခက်သွားတယ်။ အချစ်ဆိုတာ လုပ်ယူလို့ မရဘူးလို့ သိထားတာပါ။ နားလည်မှု ဆိုတာကတော့ လုပ်ယူလို့ ရတယ်လို့ ငါတို့ထင်ခဲ့တာလေ။ ဒါပေမယ့်လည်း သူပြောတော့လည်း ဟုတ်သလိုလိုပဲနော်။ ချစ်တိုင်းလဲ မညားကြဘူးလေ။ ညားပေမယ့် နားလည်မှု မရှိတဲ့အခါကျရင် ပြဿနာတွေ အပုံလိုက်တက်တဲ့သူတွေလည်း ရှိကြတာပဲမဟုတ်လား။ အဲ့ဒီအခါကျတော့ နားလည်မှုက အရေးကြီးပြန်ရောနော်။ ( တချို့သူတွေကတော့ ချွင်းချက်ပေါ့ )

ငါ့ သူငယ်ချင်း နောက်တစ်ယောက်ကလည်း သူငယ်ချင်း လင်မယားဆိုတာ ချစ်လှပါချည်ရဲ့ ဆိုရင် တစ်နှစ်ပဲ။ ကျန်နောက်ပိုင်း အချိန်တွေက နားလည်မှု ခွင့်လွှတ်မှုတွေနဲ့ပဲ နေကြရတာတဲ့။ အင်း.. ဆရာကြီးတွေ ပြောနေတော့ ငါလည်း မျက်စိလေး ကလယ်ကလယ်နဲ့ နားထောင်ရတော့တာပေါ့။

ဘာပဲပြောပြော။ ဒီနေ့က နင့်မွေးနေ့ပါ။ ပျော်ရွှင်စရာမွေးနေ့ပါဟာ။ ဖေဖေနဲ့ မေမေ့ကို ကန်တော့ဖို့ နင် မမေ့ပါနဲ့။ မနက်စောစောမှာ သူတို့နှစ်ယောက်ကို အရင်ဆုံး ကန်တော့စေချင်တယ်။ ပြီးတော့ ဘုရား တူတူသွားပေါ့။ ကျန်တဲ့အပိုင်း တွေကိုတော့ ငါမပြောတော့ပါဘူး။ ပြီးတော့ နောက်တစ်ခု မှာချင်တယ်။ နင့်ကို အလိုလိုက်ပြီး နင့်ကို နားလည်ပေးနိုင်တဲ့ သူ နဲ့တွေ့တဲ့အခါမှာ အိမ်ထောင်ပြုဖို့ စဉ်းစားပါ။ နင့်မှာ ရွေးစရာသူတွေ များတယ်ဆိုတာ ငါသိပါတယ်။ သူ့အမေကို သိပ်ချစ်တဲ့သူဆိုရင်တော့ နင်မယူတာ ကောင်းမယ်ဟ။ ကြာရင် နင်မနာလိုဖြစ်ရလိမ့်မယ်။ သူက နင့်ကို မချစ်ဘူး ထင်ပြီးတော့လေ။ ဒီစာကို နင်ဖတ်မိခဲ့ရင်ပေါ့ဟာ ငါပြောတဲ့အတိုင်းလေး လုပ်ပေးဖို့ မျှော်လင့်ပါတယ်။

ပျော်စရာ မွေးနေ့ ဖြစ်ပါစေ။

27 April 2012

နောက်တစ်ကြိမ် ထပ်ပြီး

 

မြန်မာ့ဆက်သွယ်ရေးကနေပြီးတော့ GSM ဖုန်းတွေကို ပြီးခဲ့တဲ့လ နှောင်းပိုင်းလောက်ကစပြီး ချပေးခဲ့ပါတယ်။ နယ်တွေက အရင်စရောင်းပြီးတော့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေကို ဒီ ဧပရယ်လ ၉ ရက်နေ့လောက်ကမှ စပြီး ရောင်းချခွင့်ပေးခဲ့တာပါ

နယ်တွေမှာ စရောင်းတော့ စိုင်းစိုင်းကလဲ နယ်ရောက်နေခဲ့တာ။ တိတိကျကျပြောရရင်တော့ မိုးကုတ်မှာပေါ့။ မိုးကုတ်မှာ စစရောင်းတော့ ရောင်းရပါ့မလားလို့ စိုင်းစိုင်း တွေးနေမိတယ်။ ဒါပေမယ့် စရောင်းတဲ့နေမှာ လူတွေ လူတွေ ဖုန်းဆိုင်တွေမှာ ကြိတ်ကြိတ်တိုးလို့။ နှစ်သိန်းအတိနဲ့ ရောင်းပေးတဲ့ဆိုင်ရှိသလို ဝန်ဆောင်ခ ငါးထောင် တစ်သောင်းလောက် တင်ပြီး ရောင်းတဲ့ဆိုင်လဲ ရှိတာပေါ့။ အော် ပထမနေ့မို့ လူတွေ ဝယ်ကြတာနေမှာပါလေ  
နောက်နေ့ဆို ဝယ်တဲ့လူပါးသွားမှာပါ ဆိုပြီး ထင်နေခဲ့ပေမယ့် နောက်နေ့တွေမှာလည်း ဆိုင်တွေမှာ လူတွေ များမြဲများနေဆဲပါပဲ။ နှစ်သိန်းတန် GSM မိုးကုတ်မှာ ပန်းပန်သွားပါတယ်ပေါ့။

ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်လာတယ်။ ဧပရယ်လ ပထမပတ်မှာ မရောင်းသေးဘူး။ ဒါပေမယ့် သူငယ်ချင်းက သူ့သူငယ်ချင်းအတွက် သူဝယ်ပေးမလို့တဲ့။ Handset ပါလိုက်ကြည့်ပေးပါဆိုပြီး စိုင်းစိုင်းကိုခေါ်တယ်။ အဲ့ဒါနဲ့ ဖုန်းဆိုင်တစ်ဆိုင်ရောက်သွားတယ်။ နာမည်ကြီးပါပဲ။ ကတ်တွေ ရနေပြီတဲ့။ နှစ်သိန်းအတိနဲ့။ နံပါတ်ရွေးရင် တစ်သောင်းအပိုထပ်ဆောင်းပေးရမယ်တဲ့။ ဒီနေ့တော့ ကတ်ကုန်သွားပြီတဲ့။ ဟင် လိုင်းတွေက ပွင့်နေပြီလား။ အဲ့ဒီလိုဆိုကျတော့ မပွင့်သေးပါဘူးတဲ့။ ကိုးရက်နေ့နောက်ပိုင်းမှ ပွင့်မှာပါတဲ့။ ထားပါတော့ မဝယ်မဖြစ်တဲ့ လူတွေ ဝယ်ကြရမှာပေါ့လေ။ ငါးထောင်တန်ဖုန်းကိစ္စကြားထားတာပဲ လူတွေက အရောင်းမသွက်လောက်ဘူး ထင်တယ်နော့။

ဒီလိုနဲ့ ၉ ရက်နေ့ကို ရောက်လာခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက် မက်ဆေ့ခ်ျပို့လာတယ်။ မနက် မိုးတောင် လင်းခါစလေးပဲ ရှိသေးတယ်။ ၆ နာရီလောက်ဖြစ်မယ်။  ဖုန်းနံပါတ် ဘယ်လောက် ဘယ်လောက် ဘယ်ဈေးနဲ့ရမယ်။ ဒီနံပါတ်က ဒီဈေး ဒီနံပါတ်က ဒီဈေး။  ဘာ. ဒီကောင် လာနောက်နေတာလား။ နှစ်သိန်း အတိနဲ့ပဲ ရောင်းရမယ်လို့ ကြေငြာချက်ထုတ်ထားပြီးကာမှ ဘာလို့ ဈေးတွေက ဒီလောက်တောင် ကွာဟနေတာလဲ။ စိတ်ပေါက်ပေါက်နဲ့ စာပြန်လိုက်တယ်။ မင်းဖုန်းကတ်တွေက ဈေးကြီးနေတယ်။ တခြားနေရာမှာတောင် နှစ်သိန်းနဲ့ပဲရောင်းနေတာ။ ချက်ချင်းစာပြန်လာတယ်။ ဈေးကွက်ထဲ တစ်ပတ် ပြန်လှည့်ကြည့်လိုက်ဦးတဲ့။

အဟုတ်ပါပဲ။ ဘယ်ဆိုင်ကို ဆက်ဆက် အကို ကတ်ကုန်နေပါတယ်။
ပေါက်ဈေးကတော့ ဒီလောက်ပါရှင်။ ကျေးဇူးတင်ပါတယ်ရှင်။ ဘာတွေဖြစ်ကုန်ပြီလဲ။ မကျေနပ်သေးဘူး။
ပင်ရင်းဖြန့်ချိရေးတွေနဲ့ အကျိုးတူဆိုင်တွေကို သွားမယ်။ တန်းစီရမယ်။ အကို ဖြန့်ဈေးက ဒီလောက်ပါ။ သင်္ကြန်ပြီးရင်တော့ ဈေးနည်းနည်းကျနိုင်ပါတယ်။ စောင့်နိုင်ရင်တော့ စောင့်ပေါ့အကိုရယ်။ ကျွန်တော် နည်းနည်း တင်းသွားတယ်။ ဈေးကလဲ မတန်တဆ။ အဲ့ဒီအပေါ်မှာတောင် သတ်မှတ်ဈေးထက်ကျော်ပြီး
အရောင်းအဝယ်လုပ်နေရတယ်။. ဘာလဲဒါက။

မကြာပါဘူး။ ပြဿနာတွေ စပါတယ်။ လိုင်းတွေကျပ်တာ။ ခေါ်မရတာ။ ဘေလ်တွေ ပျောက်ကုန်တာ။ ဒါက ပုံပြင်မဟုတ်ပါဘူး တကယ့်အဖြစ်အပျက်ပါ။ ဘေလ်ပျောက်ကုန်တာကတော့ အဆိုးဆုံးအဖြစ်အပျက်ပေါ့။

၂၃ ရက်နေ့ကတော့ WCDMA စရောင်းပါတယ်။ သူ့ကို မရောင်းခင်ကလည်း သတင်းတွေ အမျိုးမျိုးထွက်။ အင်တာနက်စနစ် တစ်ခါတည်းပါမယ်။ မပါဘူး။ GSM စနစ်ကို အင်တာနက်မပေးဘူးတဲ့။ WCDMA ကိုပဲ ပေးမှာတဲ့။ လိုင်းကလဲ ပိုကောင်းတယ်တဲ့။ ဘာလို့လိုင်းပိုကောင်းတာလဲ။ ကတ်ပိုကောင်းလို့တဲ့။
ဈေးကလဲ ငါးသောင်းပိုပါတယ်း နှစ်သိန်းခွဲပေါ့။ ထွက်လာတော့လဲ ဒီတိုင်းပါပဲ။ ဘာစနစ်မှ မပါပါဘူး။

စစရောင်းတဲ့ ၂၃ ရက်နေ့က ပင်ရင်းဆိုင်တွေမှာဆိုရင် တန်းစီပြီး ဝယ်ကြရပါတယ်။ အဲ့ဒီမှာလဲ ချစ်စရာ့ မြန်မာ့စရိုက်လေးတွေကို တွေ့ရပါတယ်။ ရန်ဖြစ်ကြတာပေါ့။ ဒီနေရာ ငါအရင်ဝင်တာ ငါရောက်တာ။ ဘာညာနဲ့ပေါ့။ တန်းစီရင်း တန်းစီရင်းနဲ့ နောက်ဆုံးကျတော့ ကတ်ကုန်သွားပါလေရောလား။ မရတဲ့လူတွေက စိတ်တွေဆိုး။ အင်း.. တုံကင်လေးတွေတော့ ပေးတယ်နဲ့ တူပါရဲ့။ နောက်နေ့ပြန်လာတန်းစီဖို့။

အမယ် သူတို့ရောင်းတဲ့စနစ်ကလဲ အမိုက်သားကလား။ ဟန်းဆက်ပါ တစ်ခါတည်း တွဲဝယ်မယ်ဆိုရင်ဖြင့် တန်းစီစရာမလိုဘူးတဲ့ခင်ဗျား။ VIP တန်းဖြစ်သွားပါလေရောလား။ ဟန်းဆက်လေးနဲ့ ဖုန်းကတ်လေးနဲ့ ကြော့ကြော့မော့မော့ ပြန်ထွက်လာလိုက်ရုံပဲ။ မိုက်တယ်ဟုတ်။ ဟန်းဆက်မဝယ်ဘူးဆိုရင် တန်းစီပေရော့ တမေ့တမော့။ သိတယ်ဟုတ်။ ခုရက်ပိုင်းက သိပ်ပူနေတာနဲ့။ တန်းစီနေရင်း မူးလဲသွားတဲ့သူ မရှိလို့တော်သေးတာပေါ့။
 

ကဲ ရှေ့လာမယ့်လထဲမှာတော့ အရင်တုန်းက ၁၅ သိန်းဖုန်းတွေကို ကြိုတင်ငွေဖြည့်ကတ်စနစ်ပြောင်းမယ်။ 
နောက် နယ်က ဖုန်းတွေကိုလဲ ရန်ကုန်၊ မန္တလေးစတဲ့ မြို့တွေကို ယူလာပြီး သုံးလို့ရပြီ။ ( ရွှေဥာဏ်တော် စူးပုံ ပြောပါတယ်။ မတ်လ အစောပိုင်းက ချပေးခဲ့တဲ့ ဖုန်းတွေက တခြား နယ်ကို ယူပြီးသုံးလို့ မရပါဘူး။ ကိုယ့်ဒေသတွင်းမှာပဲ သယ်ယူပြောဆိုလို့ရပါတယ်။ ဥပမာ မိုးကုတ်ဖုန်းက မိုးကုတ်မှာပဲ သုံးလို့ရပါတယ်။ မန္တလေးကို ယူလာပြီးသုံးလို့မရသေးပါဘူး။ သူတို့ပြောတာကတော့ သတ်မှတ်ထားတဲ့ ဖုန်းတွေ တစ်နေရာတည်းမှာပဲ စုပြုံ ရောက်မလာအောင်လို့ပေါ့။ ဒါပေမယ့် သိတယ်ဟုတ် ဒါက Stupid Reason ပါ။ ဒါပေမယ့် ခုတော့ သယ်ယူပြီး ပြောလို့ ရတော့မယ်ပေါ့။ ကောင်းပါတယ် )


ဒါပေမယ့် ကျွန်တော်ပြောချင်တာ တစ်ခုက ဖုန်းဆင်းမ်ကတ်ဆိုတာက ထုတ်ရ အဲ့လောက်မခက်ပါဘူး။ သူတို့မှာ အချိန်တွေ အများကြီး ရှိပါတယ်။ ဒီဖုန်းကတ်တွေကို activate လုပ်ထားဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ပထမနှစ် စီမံကိန်းအနေနဲ့ လေးသန်း ချထားပေးဖို့ စီမံထားတယ်။ ရောင်းချင်တာ ငမ်းငမ်းကိုတက်လို့၊ ဒါပေမယ့် ချထားပေးတော့ ကုန်သွားတယ်တဲ့။ အဓိပ္ပါယ်မရှိဘူးလို့ ခံစားရတယ်။ ဈေး မတက် တက်အောင် လုပ်ကြတာကိုပြောပါတယ်။ ဒါက မြန်မာ့ ဆက်သွယ်ရေးရဲ့ အပြစ်မဟုတ်တော့ဘူး။ ကြားက စီးပွားရေးသမားတွေ ကိုယ်စားလှယ်တွေဖြစ်သွားပြီ။

ဆိုင်လေးတွေဆီက ရတဲ့သတင်းကလဲ သိပ်တော့မကောင်းပါဘူး။ မြန်မာ့ဆက်သွယ်ရေးက ငါမသိတာ မရှိတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်က သူ့တို့ဆိုင်တွေကို ဈေးတက်ရဲရင် တက်ကြည့် အရေးယူမယ်လို့ ကြိမ်း သတဲ့။ အဲ့ဒါနဲ့ သူလဲ မရောင်းတော့ဘူးတဲ့။ သူတို့ဆိုင်လေးတွေ ကတ်ယူရတဲ့ပုံစံက ဒီလိုပါတဲ့။ ကတ် တစ်ရာ ယူရင် အမြတ် ရာခိုင်နှုန်းခွဲပေးမယ်ပေါ့။ ကတ်တစ်ရာမပြည့်ရင် တစ်ပြားမှ မရပါတဲ့။ ကတ်တစ်ရာက သိန်းနှစ်ရာ။ သိန်းနှစ်ရာ ရင်းပြီး ကုန်မကုန် အာမ ဘယ်သူခံပေးမလဲ။ ဖုန်းဆိုင်တွေ ဒီလောက် ပွထနေတာ။ အဲ့ဒီလို မလုပ်ရင် အမြတ်ခွဲမပေးဘူးဆိုတော့ သူတို့လဲ ဈေးတင်ပြီး ရောင်းရတော့တာပေါ့။ ဒါပေမယ့် သင်္ကြန် မတိုင်ခင်တုန်းကတော့ ပင်ရင်းဆိုင်တွေမှာကို ဈေးတက်ခဲ့တာကတော့ တော်တော့်ကို အရုပ်ဆိုးပါတယ်။ မြန်မာ့ဆက်သွယ်ရေးကပဲ ကတ်တွေကို လုံလောက်အောင် ထုတ်မပေးခဲ့တာလား။ လူတွေကပဲ ဥ ထားခဲ့တာလား တွေးစရာပါ။

အခုတစ်မျိုးလုပ်ပြန်ပြီ။ နှစ်သိန်းခွဲနဲ့ရောင်းနေတဲ့ WCDMA က အင်တာနက်လိုင်းတစ်ခါတည်း ပါမယ်ဆိုပြီး မပါခဲ့ပါဘူး။ အမှန်အတိုင်းပြောရရင် WCDMA ဆိုတာ လိုင်းပိုကောင်းတယ်ဆိုတာကလဲ မဟုတ်ရပါဘူး။ WCDMA က frequency 2100MHz သုံးထားတဲ့အတွက် ရိုးရိုး GSM ထက်စာရင် ဧရိယာကျဉ်းပါတယ်။ အဲ့ဒီအတွက် နေရာတိုင်းမှာ 3G service မရနိုင်ပါဘူး။ သူသတ်မှတ်ဧရိယာ ကျော်သွားရင် ရိုးရိုး GSM အတိုင်းပဲ ပြန်ဖြစ်သွားမှာပါ။ အဲ့ဒီအတွက် ပိုကောင်းတယ်ဆိုတာ မဟုတ်ပါဘူး။ မှားပါတယ်။ နောက်ပြီးတော့ GSM တွေက ဟန်းဆက်အမြင့်မှာ သုံးခဲ့မယ်ဆိုရင်ပေါ့လေ.. network mode ကို ရွေးလို့ရပါတယ်။ Dual Mode မှာထားပေးမယ်ဆိုရင် 3G service ရတဲ့နေရာတွေမှာ 3G service ကို သုံးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကတ်ကလည်း service လျှောက်ထားရမှာပေါ့။ အဲ့ဒီအခါမှာ 3G ကို သုံးလို့ရပါတယ်။ အဲ့ဒါကြောင့် GSM နဲ့ WCDMA က အပြန်အလှန် အသုံးပြုလို့ရတယ်ပေါ့ဗျာ။ အဲ့ဒီအတွက် WCDMA က ပိုကောင်းတယ်ဆိုတာ မဟုတ်ပါဘူး။ တစ်ခုတော့ ရှိတာပေါ့လေ။ သူတို့က ညစ်ပတ်ပေတူးပြီး အင်တာနက်လိုင်းကို WCDMA မှာပဲပေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။

တကယ်လို့ စာဖတ်သူမိတ်ဆွေ ဒါမှမဟုတ် မိတ်ဆွေရဲ့ အသိသူငယ်ချင်းတွေများ ဖုန်းဝယ်ဖို့ စိတ်ကူးတယ်ပေါ့ဗျာ။ မဖြစ်မနေ ဝယ်ရတော့မယ်။ ဒါပေမယ့် စကားပြောရုံသီးသန့်ပဲ သုံးမယ်ဆိုရင် GSM ပဲဝယ်လိုက်ပါ။ WCDMA အတွက်နဲ့ ငါးသောင်းအပိုအကုန်မခံပါနဲ့။ ပြီးတော့ MPT ရဲ့ထုံးစံအရ ငွေရရင် ဘာမဆို လုပ်မှာ ဖြစ်တဲ့အတွက်ကြောင့် နောက်ပိုင်း ငွေလိုလာတဲ့အခါကျရင် GSM တွေကိုလဲ အင်တာနက် ဖွင့်ပေးမှာပါ။  အဲ့ဒါသေချာပါတယ်။ သူတို့တွေ လုပ်နေကျပဲလေ။

ငါးထောင်တန်ဖုန်းကိစ္စကို ဒေါက်တာမြတ်ဥာဏစိုး လွှတ်တော်မှာ မေးသွားတော့လည်း ဝေ့လည်
ကြောင်ပတ်နဲ့  ဖြေသွားတဲ့မေးခွန်းတွေက စိတ်ဆိုးချင်စရာပါပဲ။ ငါးထောင်တန်ရယ်လို့မှ မဟုတ်ဘူး။ သင့်တင့်တဲ့ တန်ဖိုးနဲ့ လူတိုင်း လူတိုင်းကိုင်နိုင်ဖို့ လိုတယ်လေ။ဖုန်းလိုင်းတွေကလဲ အခုရက်ပိုင်း ပိုပို ဆိုးလာပါတယ်။ ဟိုဘက်က ခေါ်ရင် ဒီဘက်က ကိုင်လိုက်တဲ့အခါမှာ ကျသွားတယ်။ ဒါပေမယ့် call duration ကို ကြည့်လိုက် မိနစ်ပိုင်း ဒါမှ မဟုတ် စက္ကန့်ပိုင်းလောက် ဝင်နေပြီ။ ဒါပေမယ့် ဟိုဘက်ကလူက call tone ကို လုံးဝ မကြားရဘူး။ call ဝင်လို့ဝင်မှန်းလဲ မသိဘူး။ နောက် ဖုန်းတွေ ပြောနေရင်းပြုတ်ပြုတ်ကျတယ်။ အရင်ကလဲ ဖြစ်နေကျဆိုပေမယ့် အခုပိုဆိုးလာတယ်။ အခု နယ်ကဖုန်းတွေပါ သယ်လို့ရတော့မယ်ဆို ပိုဆိုးလာဖို့ ကိန်းမြင်တယ်။

အားလုံးကို ပိုက်ဆံမကုန်စေချင်တဲ့
စိုင်းစိုင်း

24 April 2012

ကျောက်စီပန်းချီ Gems Art

ကြုံတုန်းကြုံခိုက်လေး မိုးကုတ်က ကျောက်စီပန်းချီအကြောင်းလေး ပြောပြချင်ပါတယ်။ ဒီကျောက်ပန်းချီလုပ်ငန်းက ၁၉၉၈ - ၉၉ လောက်မှာ စတင်ခဲ့တာဖြစ်ပြီး တစ်ပိုင်တစ်နိုင်ကနေပြီးတော့ စီးပွားရေးလုပ်ငန်းအနေနဲ့လည်း လုပ်ကိုင်ကြပါတယ်။ စိုင်းစိုင်း ရှစ်တန်းဖြေပြီး ကိုးတန်းမတက်ခင် နွေရာသီကျောင်းပိတ်ရက် ၁၉၉၉ ခုနှစ်လောက်တုန်းက ကျောက်ပန်းချီကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဖူးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ မလုပ်ဖြစ်တော့တာ အခုထိပါပဲ။ 


စိုင်းစိုင်းကို ကျောက်ပန်းချီသင်ပေးခဲ့တဲ့ ဆရာကတော့ အခုထိ လုပ်နေတုန်းပါပဲ။ အခုချိန်မှာ မိုးကုတ်မြို့မှာ အကြီးဆုံးလို့တောင် ပြောလို့ရမယ်ထင်တယ်။ ပြီးခဲ့တဲ့လ မိုးကုတ်ပြန်တော့ ဆရာ့ဆီကို အလည်ရောက်တုန်း သူတို့ ကျောက်ပန်းချီစီနေတဲ့ ပုံတွေ ရိုက်ဖြစ်ခဲ့ပါတယ်။ 



စိုင်းစိုင်းလုပ်ခဲ့တာတွေက ခရစ်စမတ်ပုံတူကားလေးတွေ၊ နောက် ကာတွန်းပုံလေးတွေ၊ ပြီးတော့ မြန်မာ့ရိုးရာပုံလေးတွေပေါ့ ကိန္နရီ ကိန္နရာ မောင်နှံပုံလေးတွေ၊ နောက် တခြားပုံလေးတွေ တော်တော်များများလုပ်ခဲ့ဖူးတယ်။ ကျောက်ပန်းချီစီရတာ တော်တော် လက်ဝင်ပါတယ်။ ပထမ ကိုယ်ပုံတူဆွဲမယ့် ပန်းချီကားကို မိတ္တူဆွဲရတယ်၊ မိတ္တူဆွဲလို့အဆင်မပြေတဲ့ပုံတွေကိုဆို ဆရာက စက္ကူပါးလေးနဲ့ ကောက်ကြောင်းဆွဲပေးတယ်။ အဲ့ဒီ ကောက်ကြောင်းပုံ ဒါမှမဟုတ် မိတ္တူပုံကိုမှ ကျောက်ပန်းချီစီမယ့် ဘုတ်ပြားပေါ်ကို မင်ခံစက္ကူနဲ့ ထပ်ပြီး ကောက်ကြောင်းလိုက်ရတယ်။ ကောက်ကြောင်းတွေ စုံပြီဆိုရင်တော့ အဲ့ဒီကောက်ကြောင်းတွေကို မှတ်မီးလိုင်း လိုက်ဆွဲရပါတယ်။ (မှတ်မီးဆိုတာ မဟူရာကျောက်ပါ၊ အဲ့ဒီ မဟူရာကျောက်ကို အရွယ်စုံ ရအောင် ထောင်းပြီး အမှုန့်ချရပါတယ်။ တခြား ကျောက်တွေကိုလည်း အရိုင်းသုံးသင့် အရိုင်း ၊ ထောင်းသင့်ထောင်း၊ သွေးသင့် သွေး အဲ့ဒီလုပ်ရပါတယ် )


မှတ်မီးလိုင်းဆွဲဖို့အတွက် မင်ခံလိုင်းတွေကို ကော်နဲ့လိုင်းဆွဲပြီး မှတ်မီး  အပွင့်သေးသေးလေးတွေနဲ့ စီရပါတယ်။ အခုနောက်ပိုင်းမှာတော့ အမှုန့်တွေနဲ့ဆွဲပါတယ်။ သူက ပိုသပ်ရပ်ပြီး ပိုမြန်ပါတယ်။ အောက်မှာပြထားတဲ့ ပုံအတိုင်းပေါ့။ 




ဒါက မှတ်မီးနဲ့ လိုင်းဆွဲနေတာပါ.. ပုံထဲမှာ ပါတဲ့သူကတော့ စိုင်းစိုင်းရဲ့ ဆရာပေါ့ဗျာ

 သူတို့ဆွဲနေတဲ့ပုံက မဟာပိန္နဲနတ်ဘုရားပုံတူ။ ပုံက တော်တော်ကြီးပါတယ်။ ပုံထဲမှာ မြင်ရတဲ့အတိုင်းပါပဲ။
အဲ့ဒီလိုပန်းချီကား တစ်ကားလုံးကို လိုင်းဆွဲလို့ပြီးပြီဆိုရင်တော့ မူလပုံတွေမှာ ပါတဲ့အရောင်တွေနဲ့ အနီးစပ်ဆုံးတူတဲ့ ကျောက်တွေကို သုံးပြီး ပန်းချီစီရပါတယ်။ အနုအရင့်ကစ သေချာရွေးပြီး စီရပါတယ်။ ဒါမှ ပန်းချီကားက အသက်ဝင်မှာကိုး။


 ဒါက သူ့တပည့်မလေးတစ်ယောက် ကျောက်ပန်းချီစီနေတဲ့ပုံပါ။ ဟိန္ဒူနတ်ဘုရားပုံပါ။


စိုင်းစိုင်းလုပ်ခဲ့တဲ့ ပန်းချီကားလေးတွေက ဖန်စီကားလေးတွေများတော့ သိပ်မပင်ပန်းခဲ့ပါဘူး။ ပျော်စရာကောင်းခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဖန်စီကားလေးတွေက သိပ်မဆွဲကြတော့ဘူးလို့ထင်တယ်။ ပုံတူပန်းချီတွေနဲ့ တခြား ရိုးရာပုံတွေကိုပဲ ပိုစီကြတယ်။  စိုင်းစိုင်းလုပ်ခဲ့တာက သုံးလလောက်ပဲဆိုတော့ သိပ်လဲ မတတ်ခဲ့ပါဘူး။ ပုံတူပန်းချီတွေ ဆွဲရလောက်အောင်လဲ သင်ဖို့အတွက် အချိန်မရခဲ့ပါဘူး။  


ပုံတူပန်းချီကတော့ စီရတာ အချိန်ပိုကြာသလို ပိုလည်းလက်ဝင်ပါတယ်။ စိုင်းစိုင်းရောက်သွားတဲ့အချိန်တုန်းက ဆရာဆွဲနေတဲ့ ပန်းချီကားတွေကာ မြတ်စွာဘုရားပုံတော်တွေရယ် နောက် ဟိန္ဒူနတ်ဘုရားပုံတွေဆိုတာ သတိထားမိတယ်။ 


စိုင်းစိုင်းဆရာဆွဲတဲ့ ပန်းချီကားတွေက တခြားသူတွေယှဉ်ရင် ဈေးနည်းနည်းပိုတယ်လို့ သူငယ်ချင်းတွေက ပြောကြတယ်။ ဒါပေမယ့် ဆရာသုံးတဲ့ကျောက်တွေက တကယ့်သဘာဝကျောက်စစ်စစ်တွေပဲဆိုတာ သူတို့သိတဲ့အတွက် လက်ဆောင်ပေးဖို့ဆိုရင် ဒါမှမဟုတ် ပုံတူပန်းချီကားစီမယ်ဆိုရင် ဆရာ့ဆီပဲ လာကြတယ်လို့ဆိုပါတယ်။ ဟုတ်တော့ဟုတ်ပါတယ်။ ရန်ကုန်က တချို့ဆိုင်တွေမှာ ကျောက်စီပန်းချီကားတွေတွေ့ဖူးတယ်။ ကျောက်တွေရဲ့အရောင်က အရမ်းစိုနေလို့ အနီးကပ်ကြည့်မိတော့မှ ကျောက်တွေကို ဆေးဆိုးထားမှန်းသတိထားမိတယ်။ ဆေးဆိုးထားတဲ့ ကျောက်က ပိုလှတယ် ထင်ရပေမယ့် အတုအစစ်ခွဲတတ်တဲ့ သူတွေရဲ့ မျက်လုံးထဲမှာတော့ လှတယ်လို့ကို မထင်ဘူးဖြစ်နေတယ်။ 


အမေစု ပုံလေး ကျောက်ပန်းချီစီထားတာကို ဓါတ်ပုံရိုက်ထားတာ။ ဆရာက သူဆွဲပြီးတဲ့ပုံလေးတွေကို အဲ့လိုပဲ ဓါတ်ပုံ ရိုက်ရိုက်ထားတတ်တယ်။ စိုင်းစိုင်းက အဲ့ဒီဓါတ်ပုံကို ဓါတ်ပုံပြန်ရိုက်လာတာပါ။ တော်တော်တူတယ်နော်။ ကျက်သရေရှိလိုက်တာ

ဒါကလည်း နောက်တစ်ပုံပါ။ မူရင်းပုံတွေနဲ့ ယှဉ်ပြီး ပြထားတာကို ရိုက်လာခဲ့တာ။ မိသားစုပုံပါတယ်။ နောက် ထိုင်းဘုရင့်ပုံပါတယ်။

ဗိုလ်ချုပ်ပုံက တော်တော့်ကို တူတယ်လို့ ခံစားရတယ်။

ဒါက မြတ်စွာဘုရားပုံတော်မှာ သင်္ကန်းတော်ကို အညံ့ကျောက်တွေနဲ့ စီနေတာပါ ( အညံ့ကျောက်ဆိုတာ မကောင်းတဲ့ကျောက် မဟုတ်ဘူးနော်.. ကျောက်နာမည်ကိုက အညံ့တဲ့။ သူက အရောင်စုံနီးပါးကိုရှိတယ်။ ဟိုတီဗီမှာလာတဲ့ အင်တာဗျူးသမား တစ်ယောက်ကို သတိရမယ်တယ်။ နီလာဆိုပေမယ့် ကျောက်ကလေးတွေက အပြာရောင်လေးတွေနော်တဲ့.. ရယ်လိုက်ရတာ အူတွေကို လှိမ့်နေတာပဲ။ နီလာဆိုတာ အပြာရောင်မှန်း သူသိသင့်တာပေါ့နော့ )

ဒါကတော့ ဆရာ့ ပန်းချီခန်းပါ။ အော်ဒါတွေ မှာချင်တယ်ဆိုရင်လည်း စိုင်းစိုင်းဆီက တစ်ဆင့် မှာလို့ရပါတယ်နော့်။ အကျိုးဆောင်ခ တစ်ပြားမှ မယူပါဘူး။ စေတနာနဲ့ ကူညီပေးမှာပါ. :) 

ဒီအောက်ကပုံတွေကတော့ တခြား သူဆွဲထားတဲ့ပုံလေးတွေပါ။ 







ပုံတွေ စာတွေကို အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ ဖတ်ပေးကြည့်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ :)

22 April 2012

Whistle-Blower (ဝီစီမှုတ်သူတော့ မဟုတ်ပါ)



 ဟို တလောက ရုပ်ရှင်ဇာတ်ကားတစ်ကား ကြည့်ဖြစ်တယ်။ Whistle-Blower တဲ့။ ၂၀၁၀ လောက်ကထွက်တာ။ ၁၉၉၈ - ၉၉ ခုနှစ်ပိုင်းက ဘော့စနီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ထားတာ လို့ဆိုပါတယ်။

အဓိကဇာတ်ဆောင်က Kathryn Bolkovac လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ မင်းသမီး Rachel Weisz က သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းသဘောအရ သူက UN ရဲ့ Contractor တစ်ခုဖြစ်တဲ့ DynCorp ဆိုတဲ့ အဖွဲ့အစည်းကနေတစ်ဆင့် ဘော့စနီးယားကို အလုပ်လုပ်ဖို့ရောက်လာပါတယ်။ သူ့ရဲ့အဓိက အလုပ်က လူကုန်ကူးမှုရယ် ပြည့်တန်ဆာလုပ်ငန်းတွေကို စုံစမ်းထောက်လှမ်းဖို့ ဖြစ်လာပါတယ်။ 

လူကုန်ကူးမှုတွေနောက်ကို လိုက်ရင်း လိုက်ရင်းနဲ့ သူတဖြည်းဖြည်း သိလာရတာက ဒီလုပ်ငန်းကြီးရဲ့ နောက်မှာ UN က လူတွေ ကိုယ်တိုင် ပါဝင်နေတယ်ဆိုတာပါပဲ။ သူသိလာတာတွေ တဖြည်းဖြည်း များလာတဲ့အခါမှာ ပထမအဆင့်အနေနဲ့ သူ့ကို အမေရိကားကို ပြန်ဖို့စီစဉ်တယ်။ သူလက်မခံတဲ့အခါမှာ သူ့ဆီကို ခြိမ်းခြောက်တဲ့ မက်ဆေ့ခ်ျတွေပို့တယ်။ ပြီးတော့ သူအမှုဖွင့်ဖို့ စီစဉ်ထားတဲ့ အဖြစ်အပျက်တွေကို ပိတ်ပစ်တယ်။ အခက်အခဲ မျိုးစုံတွေ့ကြုံရပါတယ်။

ဒီဇာတ်ကားထဲမှာ အမျိုးသမီးတစ်ယောက်ကနေ Kathryn ကိုပြောသွားတဲ့ စကားတစ်ခွန်းက
ငါတို့နိုင်ငံမှာ ရှိတဲ့ ယောက်ျားဦးရေ တစ်ဝက်လောက်ဟာ စစ်ပွဲကြီးထဲမှာ ပျောက်ဆုံးသွားခဲ့ရပြီ။ ဒီမိန်းကလေးတွေ ဒီကိုရောက်လာတယ်ဆိုတာ ဘယ်သူတွေအတွက်ဖြစ်မယ်လို့ မင်းထင်သလဲ  တဲ့။

ဘော့စနီးယားဆိုတာက အခုချိန်ထိ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အထိန်းအကွပ်အောက်မှာ ရှိနေရတုန်း။ အဲ့ဒီအဖြစ်အပျက်တွေ ဖြစ်ခဲ့တဲ့ ၉၈-၉၉ ခုနှစ်တွေတုန်းက အခြေအနေတွေ ဘယ်လောက်တောင် ဆိုးဝါးလိုက်မလဲ။ ညမထွက်ရအမိန့်တွေ၊ နောက် မငြိမ်သက်မှုတွေ အများကြီးပဲ။ ညပိုင်းထွက်ရတယ် ဆိုတဲ့ လူတွေဟာ နိုင်ငံတကာ အဖွဲ့အစည်းက လူတွေရယ် နောက် ဌာနတစ်ချို့လောက်က လူတွေလောက်ပဲ။

တကယ်လဲ ဘော့စနီးယားကို လူကုန်ကူးခံရတဲ့ ကောင်မလေးတွေရဲ့ ဖောက်သည်က နိုင်ငံတကာ အဖွဲ့အစည်းက လူတွေအများဆုံးပါပဲ။ ကောင်မလေးတွေမှာ ၁၅ - ၁၆ လောက်ပဲ ရှိဦးမယ်။ သူတို့ မလုပ်ချင်တာတွေကို လုပ်ဖို့အတွက် ဖိအားပေးခံရတယ်။ ငြင်းဆန်တဲ့ ကောင်မလေးတွေကို အများရှေ့မှာ ညှဉ်းပန်းနှိပ်စက်ပြီး အနိုင်ကျင့်တာတွေ အပြစ်ပေးတာတွေ လုပ်တယ်။ အဲ့ဒီလိုအချိန်မျိုးမှာ ဒီ ဖောက်သည်ကြီးများက စီးကရက်တွေဖွာပြီး အရသာခံကြည့်နေကြတယ်ပေါ့ဗျာ။

တကယ်ဆို သူတို့တွေက ကာကွယ်ပေးရမယ့် လူတွေကို သူတို့ကိုယ်တိုင်က ရောင်းဝယ်ပြီး ပျော်ပါးနေတော့ ဒီ ကောင်မလေးတွေရဲ့ဘဝက လုံးဝ ကူရာမဲ့ပါပဲ။ သူတို့ကို အကူအညီပေးမယ့် သူနဲ့ တွေ့နေတာတောင် သူတို့ရဲ့ အခက်အခဲတွေကို ဖွင့်ပြောဖို့အတွက် သတ္တိမရှိကြတော့ဘူး။

သူရှာတွေ့ထားတာတွေ သိထားတာတွေကို ဘော့စနီးယားက UN အကြီးအကဲနဲ့ DynCorp အဖွဲ့အစည်းကို အကြောင်းကြားလိုက်တဲ့အခါမှာတော့ သူ့ကို အလုပ်ဖြုတ်လိုက်ကြပါတယ်။

သူ့ကို အလုပ်ဖြုတ်လိုက်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး UN ရဲ့ အကြီးအကဲပြောသွားတဲ့ စကားကလဲ မှတ်သားစရာပါပဲ။

UN is very fragile . and these girls are just war whores. တဲ့။ ဟိုက်ရှားပါး........ ရေလည် လေးစားသွားပြီနော်..

ဒီဇာတ်ကားကြည့်အပြီးမှာ တွေးမိတာ တချို့ပေါ့ဗျာ.။
ငွေကြေးအရနည်းလို့လား... UN လိုအဖွဲ့အစည်းက ဝင်ငွေကောင်းပါတယ်။
 ကျွန်တော်တို့ ယောက်ျားတွေကပဲ ကာမဘီလူး သိပ်စီးနေကြလို့လား။ ကိုယ်လုပ်ရမယ့် အလုပ်တာဝန်ထက် ကိုယ့် အသွေးအသား ဆန္ဒတွေနောက်ကို တကောက်ကောက် လိုက်နေကြတာ တော်တော် အကျည်းတန်ပါတယ်။

တစ်ဖက်က ပြန်တွေးကြည့်တော့လည်း လူဆိုတာက လောဘသားကောင်တွေပဲလေ.. လွယ်လွယ်ရရင် လိုချင်တာပဲပေါ့။ များများရလေ ပိုကောင်းလေပဲပေါ့။ ဒီကောင်မလေးတွေက ကိုယ့်အမျိုးအဆွေမှ မဟုတ်ဘဲ ပြီးတော့ သူတို့လုပ်တာကို လူတွေ မသိနိုင်လောက်ဘူးထင်လို့လည်း လုပ်တာဖြစ်မယ်။

ဒါပေမယ့် ကိုယ်ချင်းစာတရားလေးတော့ ရှိသင့်တယ်။
သူတို့ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့်သူ ရောက်လာတဲ့အခါကျတော့ အများနဲ့တစ်ယောက် ဝိုင်းဖိကြတယ်။ မလုပ်ရင် မလုပ်နဲ့။ ငါတို့ လုပ်နေတာကိုလဲ ဝင်မရှုပ်နဲ့.. မင်း အလုပ်မပြုတ်စေရဘူးဆိုတဲ့ အထာမျိုးပေါ့။ ဒီလို အဖြစ်အပျက်မျိုးဟာ UN လိုအဖွဲ့အစည်းထဲအထိတောင် ရောက်နေတာလား။ တော်တော်ဆိုးဝါးတာပဲ။

ဒီအဖြစ်အပျက်တွေကို BBC ကနေတစ်ဆင့် တစ်ကမ္ဘာလုံးသိအောင် သူဖွင့်ပြောခဲ့တဲ့အချိန်အထိ UN ကတော့ ဒီလိုအဖြစ်အပျက်တွေ မရှိခဲ့ပါဘူးလို့ ငြင်းနေတုန်းပါပဲ။ Kathryn ကတော့ သူ ဖော်ထုတ်ခဲ့တာတွေ အတွက် အလုပ်ဖြုတ်ခံရတဲ့အပြင် တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေမှာလည်း အလုပ်လုပ်ကိုင်ခွင့် မရတော့ပါဘူး။ ဒါပေမယ့် တစ်ခုကံကောင်းတာက သူ DynCorp ကို တရားစွဲတာ နိုင်သွားတယ် ဆိုတာပါပဲ။

အင်္ဂလိပ်လို အသေးစိတ်ဖတ်ချင်ရင်တော့ ဒီလင့်တွေမှာ ကြည့်ပါ (၁)
လင့် (၂)

နောက်ဆုံး တွေးမိတာ တစ်ခုက နိုင်ငံတကာက အကူအညီဆိုတိုင်း ကောင်းတာတွေချည်း ဖြစ်မလာနိုင်ဘူး ဆိုတာပါပဲ။ ပေါ့စေလိုလို့ ကြောင်ဆေးထိုးကာမှ ဆေးအတွက်နဲ့ လေးရတဲ့ အဖြစ်မျိုး မကြုံချင်လို့ပါ။ ဟိုး တလောတုန်းက မြန်မာနိုင်ငံတွင်းက INGO တစ်ခုက Country Director ဆိုလား။ တရုတ်ပြည်ဘက်ကို ကလေးတွေကို လူကုန်ကူးခဲ့တယ်ဆိုတဲ့ သတင်းထွက်လာခဲ့သေးတာပဲ။ လူကုန်ကူးမှုရပ်ဖို့ဆိုတာ ပိုစတာလေး ကပ်ရုံနဲ့ ပြီးသွားမယ့် ပြဿနာမဟုတ်လေတော့လဲ ခက်သား။ လူတွေ ကိုယ်ချင်းစာ တရား ပိုရှိလာမည့်နေ့ကျလျှင်တော့ ဒီကိစ္စတွေ လျော့နည်းပပျောက်သွားမှာပါဟု တွေးရုံမှတစ်ပါး...

18 April 2012

ထို့ကြောင့် နောင်တဟု ခေါ်သည်။




ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ ဖြစ်နေမှန်းမသိအောင် ကျွန်တော့်စိတ်တွေ ရှုပ်ထွေးနေသည်။ ဘာဆိုဘာမှလဲ မလုပ်ချင်။ ဘယ်ကိုမှလဲ မသွားချင်။ ခါတိုင်းလုပ်နေကျ အလုပ်တွေကိုပင် အာရုံမစိုက်နိုင်။ ကျွန်တော့် စိတ်ထဲမှာ မတင်မကျ ဖြစ်နေသည်။ လွန်ခဲ့သော နှစ်ပတ်ကျော် သုံးပတ်ခန့်က ကျွန်တော်လုပ်ခဲ့မိသော ကိစ္စတစ်ခုကို ကျွန်တော် ဘာကြောင့် မမှတ်မိရတာလဲ။ မမှတ်မိတာမှ ဘာတစ်ခုကိုမှ မသိ။ ကျွန်တော့် သူ့ကို ဖုန်းခေါ်ခဲ့တာကို ကျွန်တော် ဘာကြောင့် မမှတ်မိရတာလဲ။ သူ့ကို ဘာတွေ ပြောခဲ့တာလဲဆိုတာကို ဘာလို့ မမှတ်မိရတာလဲ။ 

ဖုန်းထဲမှာ ရှိနေသော SMS များကို လျှောက်မဖွမိချိန်ထိ သူ့ကို ဖုန်းခေါ်မိခဲ့မှန်း ကျွန်တော် ဘာကြောင့် မမှတ်မိရတာလဲ။ ကျွန်တော့် ဦးနှောက်ထဲမှာ ရှိသော မှတ်ဥာဏ်အခန်းငယ်များက အဲ့ဒီလောက်တောင် ပျက်စီးယိုယွင်း နေခဲ့ပြီလား။ ကျွန်တော် စဉ်းစားမရစွာဘဲ အိပ်ရာပေါ် ပစ်လှဲလိုက်မိသည်။ မျက်နှာကျက်ဖြူဖြူကို ကျွန်တော် အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေမိသည်။   

 ထောင့်တစ်နေရာတွင်တော့ ပင့်ကူအိမ်တစ်အိမ်ကို ကျွန်တော်တွေ့သည်။ ပင့်ကူအိမ်ထဲမှာ တဖျပ်ဖျပ် လှုပ်ခါနေသည့် ပိုးကောင် တစ်ကောင်ကို ပင့်ကူမျှင်များနှင့် ရစ်ပတ်နေသော ပင့်ကူ……။ အိုး .. ကျွန်တော်သည်လည်း သံယောဇဉ် ကြိုးမျှင်တွင် အရစ်ပတ်ခံနေရသော သားကောင်လေးဖြစ်နေပြီလား။

ကျွန်တော် အမြင်အာရုံလွှာတွေကို ခဏပိတ်လိုက်သည်။ ဟင့်အင်း.. ဒီအဖြစ်ကိုတော့ အရောက်မခံနိုင်။ ဒီထောင်ချောက် ဒီလှောင်အိမ်ကနေ လွတ်မြောက်ဖို့ ကျွန်တော် ရွေးချယ်ခဲ့ပြီးပြီပဲ။ ဘာလို့လမ်းဟောင်းကို ပြန်သွားမှာလဲ။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ကျွန်တော်ကွဲကွဲပြားပြားသိလို့ ရွေးချယ်ခဲ့ပြီးပြီလေ။ 

ဒါပေမယ့် အဲ့ဒီညက ကျွန်တော် သူ့ဖုန်းနံပါတ်ကို ဘယ်လိုလုပ် နှိပ်မိသွားတာလဲ။ 

ဘာတွေများ ပြောခဲ့မိသည်လဲ။ ပြန်စဉ်းစားမရလောက်အောင် ကျွန်တော့် ဦးနှောက်ရဲ့ ဘယ်အခန်းထဲမှာ ထိုအကြောင်းအရာတွေက ပိတ်မိနေခဲ့တာလဲ။ စိတ်မောစွာနှင့် သက်ပြင်းချမိသည်။ 

ထိုညက မှတ်မိသမျှအကြောင်းတွေကို ပြန်ပြောရမည်ဆိုလျှင် ကျွန်တော်တို့ ကျောင်းတုန်းက သူငယ်ချင်းတတွေ Mr.Bar B Q မှာ ညစာ စားရင်း ကျွန်တော် ဘီယာသောက်ခဲ့သည်။ ဘယ်နှခွက်သောက်မိသလဲ မမှတ်မိပေမယ့် တော်တော်များမည်ဆိုတာတော့ ကျွန်တော်သိသည်။ အိမ်ကို ဘယ်အချိန်ပြန်ရောက်ခဲ့သလဲဆိုတာတောင် မမှတ်မိ။ ည တစ်ရေးနိုးလို့ ရေထသောက်ချိန်မှာတော့ ခေါင်းတွေက တော်တော်ကိုက်နေပြီ။ ဒါဆို ဘယ်လောက်များသလဲ ခန့်မှန်းလို့ ရမည်ဟုထင်သည်။ နောက်တစ်နေ့မနက် အိပ်ရာထချိန်မှာတော့ ခေါင်းတစ်ခုလုံးကို ကျောက်ခဲပေါင်း အလုံးတစ်ရာနှင့် ဝိုင်းထုထားသလို နာကျင်ကိုက်ခဲနေသည်။ 

ခေါင်းအကိုက်သက်သာအောင်လို့ ဘလက်ကော်ဖီခါးခါးတစ်ခွက်ဖျော်သည်။ သံပုရာသီးတစ်စိတ် ညှစ်ထည့် သကြားများများထည့်ပြီး သောက်သည့်တိုင် ခေါင်းကိုက်က သက်သာမသွား။ ခေါင်းကိုက်သည်က နောက်တစ်နေ့အထိ မသက်သာ။ ( အရက်သောက်ပြီးလျှင် အချိုလေးနှင့် ပြန်ထိန်းရသည်ဟု သူ ပြောဖူးသည်ကိုတော့ ထိုနေ့မနက်က သတိရမိသည်။ သို့သော် သူ့ကို ညက ဖုန်းဆက်ခဲ့မှန်း လုံးဝ သတိမရသည်က ကျွန်တော့် ရွှေဥာဏ်တော် စူးရောက်ခြင်း ဖြစ်ပါသည်။ )

လူမှန်းသူမှန်းမသိအောင် မူးခြင်း၏ အကျိုးဆက်အနေဖြင့် ကျွန်တော် ထိုနေ့ညက ဘာတွေပြောခဲ့သည်ဆိုတာကို ကျွန်တော် သတိမရတော့။ ဘယ်လောက်တောင် ကောင်းလိုက်ပါသလဲ။ အသုံးမကျသည့် ကိုယ့်ကိုယ်ကို အပြစ်တင်ရုံမှ လွဲ၍ ကျွန်တော် ဘာမှ မတတ်နိုင်။ သူ့ကို ကျွန်တော်တို့၏ အရေးမပါသော ပတ်သက်မှုအကြောင်းတွေကို ထပ်ခါတလဲလဲ မပြောမိဖို့ ဆုတောင်းရုံမှ တစ်ပါး ကျွန်တော်ဘာမှ မတတ်နိုင်။ ပြောခဲ့မိသည်ဆိုလျှင်ရော ဘာလုပ်နိုင်မှာလဲ။ ကြမ်းကျွံလျှင် နှုတ်ရပေမယ့် စကားကျွံခဲ့ပြီဆိုလျှင် ပြင်ဖို့ရာ မတတ်နိုင်တော့ပြီ မဟုတ်လား။

သူ့ကို ဖုန်းဆက်မိခဲ့သည်ဆိုသည့်အကြောင်းကို လွန်ခဲ့သော ရက်ပိုင်းက SMS box ကို မမွှေခဲ့မီအချိန်ပိုင်းအထိ ကျွန်တော် မသိခဲ့ရိုးအမှန်။ အိမ်ကိစ္စတွေ၊ အလုပ်ကိစ္စတွေနှင့် ကျောင်းကိစ္စတွေကို လုံးပန်းနေခဲ့သည်မို့ ထိုအကြောင်းက တဖြည်းဖြည်း မှေးမှိန်သွားခဲ့ခြင်းဖြစ်ပါလိမ့်မည်။ အခုချိန်မှာတော့ ဘာတွေပြောခဲ့သည်ဆိုတာကို မမှတ်မိသည့်အတွက် ကျွန်တော့်စိတ်တွေ စိုးထိတ်နေမိသည်။ 

သူ့ဆီကိုပဲ ဖုန်းပြန်ဆက်ပြီး မေးရင်ကောင်းမလား ကျွန်တော်တွေးမိသည်။ ဟိုနေ့ညက ကျွန်တော် ဘာပြောခဲ့လဲ လို့ သူ့ကို ပြန်မေးရမှာ သူ့အတွက် တော်တော့်ကို ကသိကအောက်နိုင်မည်မှန်း ကျွန်တော်သိပါသည်။ စိတ်လည်း ဆိုးမည် ဟု ကျွန်တော်ထင်သည်။ ( ထင်ရုံတင်မဟုတ်ပါ.. အသေအချာ ဆိုးပါလိမ့်မည် ) သို့သော် ကျွန်တော့်ထက် အသက်ကြီးပြီး လူကြီးဆန်သော သူသည် ထိုနေ့ညက ကျွန်တော် မူးပြီး ပြောမှန်းလဲ သိပါလိမ့်မည်။ သို့အတွက် စိတ်ဆိုးချင်မှလည်း ဆိုးပါလိမ့်မည်။ အား..………….. တွေးရင်း တွေးရင် ကျွန်တော် စိတ်တွေ ပိုရှုပ်လာသည်။ ဘာလုပ်ရမှာလဲ။

လမ်းခွဲဖို့ ပြောတုန်းက ပြောခဲ့ပြီးမှ ဖုန်းတွေ ခဏခဏ ပြန်ဆက်နေသော ကျွန်တော့ကို သူဘယ်လိုထင်မလဲ။
မဖြစ်နိုင်တော့ဟု ဆုံးဖြတ်ပြီး ပြောခဲ့သော စကားများအဆုံးတွင် သူ့ဘက်က ဘယ်လိုခံစားရမလဲ ကျွန်တော် သိပ်မစဉ်းစားခဲ့ပါ။ ကျွန်တော့်ထက် သူ့ကို ပိုချစ်နိုင်သော သူ့အလိုကို လိုက်နိုင်သော သူ၏ လက်ထဲမှာ သူနေပျော်မည်ဟု ကျွန်တော်ထင်သည့်အတွက် ကျွန်တော့် ခြေလှမ်းတွေကို နောက်ပြန်လှည့်ခဲ့ခြင်းဖြစ်သည့်အတွက် လမ်းခွဲခဲ့ရခြင်းသည် ကျွန်တော်တို့အတွက် အကောင်းဆုံး ရွေးချယ်မှုဟု ကျွန်တော်ယူဆပါသည်။ လေထဲတွင် ဆောက်ခဲ့သော တိုက်အိမ်များ ပြိုလဲသည်မှာ ဓမ္မတာဖြစ်ပါသည်။ အချစ်ထက် အရေးကြီးသော အရာများ များစွာရှိသည်ဟု ခံယူထားသူမှာ သူ ဖြစ်ပါသည်။ ကျွန်တော့်ထက် အသက်အနည်းငယ်ကြီးသလို ရင့်ကျက်သော သူ သည် သိပ်ခံစားရမည်ဟု ကျွန်တော် မထင်ပါ။ 

သူ့ သူငယ်ချင်းတစ်ယောက် ပြောဖူးတာကို သတိရမိပါသည်။ ( ကျွန်တော်က သူ့ထက် ငယ်သည်ဆိုတာကို သိတော့ ပြောတာ ဖြစ်ပါလိမ့်မည် ) အခုခေတ်ကလေးတွေက သံယောဇဉ် သိပ်မထားတတ်ကြဘူး။ ဟော တစ်ယောက် ဟောတစ်ယောက် ပြောင်းသွားတာများ မြန်လွန်းလို့ တဲ့။ အဲ့ဒီလို ကောင်လေးတစ်ယောက်လို့ ပဲ ထင်ချင် ထင်ပါစေတော့။ 

ကျွန်တော် သူ့ကို ဖုန်းထပ်မဆက်ချင်တော့။ မဆက်ရဲတော့တာဆိုလျှင် ပိုမှန်ပါလိမ့်မည်။ အခုလက်ရှိ အခြေအနမှာ ကျွန်တော် နေပျော်ပါသည်။ (နည်းနည်း ဟာတာတာဖြစ်နေတာကလဲ နောက်ဆို အသားကျသွားမှာပါဟု မျှော်လင့်ရပါသည်။ ) သူသည်လည်း နေပျော်ပါလိမ့်မည်။ ကျွန်တော် သူ့ကို သတိရလျှင် သူ့ Facebook Page ကို သွားကြည့်ရင်း အလွမ်းဖြေနိုင်ပါသည်။ သူ ကျွန်တော့်ကို သတိရလျှင်လည်း ကျွန်တော့် Page ကို ဝင်ကြည့်လို့ရသည်ပဲ။

သူ့ကို ဖုန်းပြန်ဆက်သင့် မဆက်သင့်ကတော့ ကျွန်တော် ဝေခွဲလို့ မရဖြစ်နေတုန်း………………။

တစ်ခုတော့ တွေးမိသည်။ နောက်ဆို အရက်ဘီယာ သောက်လို့ မဖြစ်တော့ဘူး…. ဆိုတာပင် ။