Ads 468x60px

21 March 2012

အမှတ်တရ အချိန်များ


                              ဒါက စိုင်းစိုင်းတက်ခဲ့တဲ့ ကျောင်း၊ ကျောက်ဆည် နည်းပညာတက္ကသိုလ်ပေါ့ဗျာ

 ဇော်ဂျီအထက်ဆည်ဟု စိုင်းစိုင်းတို့ ခေါ်ကြသော ဆည်တစ်နေရာ.. နွေဆိုတော့ ရေတွေ ခန်းပေါ့

တလောက စိုင်းစိုင်း မန္တလေးသို့ ကျောင်းကိစ္စနှင့်အတူ အလည်ရောက်ခဲ့သည်။ စိုင်းစိုင်းသည် ကျောက်ဆည်တွင် ခြောက်နှစ်တိတိ ကျောင်းတက်ခဲ့သည့်အတွက် မန္တလေးသည် စိုင်းစိုင်းအတွက် ကျောင်းတက်ကတည်းက အမြဲသွားနေကျ မစိမ်း။ မန္တလေးသည် စိုင်းစိုင်းအတွက် အမှတ်တရများစွာတည်ရှိရာဖြစ်သလို သူငယ်ချင်းရင်းချာများ စုစည်းရာလဲဖြစ်သည် 

ကျောင်းပြီးသွားတာ ကြာပြီဆိုသည့်တိုင် တစ်နှစ် တစ်ခေါက်လောက်တော့ အနည်းဆုံးရောက်ဖြစ်သည်။ မန္တလေး ကိုလည်း တစ်နှစ် နှစ်ခေါက်လောက်တော့ရောက်သည်။ ရောက်တိုင်းလဲ သူငယ်ချင်းတွေ ဆုံဖြစ်ကြသည်။ စိုင်းစိုင်း၏  သူငယ်ချင်းအတော်များများသည် မန္တလေးအနီးတဝိုက်မှ ဖြစ်သည့်အတွက် များသောအားဖြင့် မန္တလေးမှာပဲ ပြန်အခြေချ ကြသည်။ အချို့သော သူငယ်ချင်းများလောက်သာ နိုင်ငံခြား သို့မဟုတ် ရန်ကုန်သို့ တက်လာကြသည်။ 

ဒီအတွက် စိုင်းစိုင်းသာ မန္တလေးသို့ တက်မလာလျှင် သူငယ်ချင်းများ ဆုံကြရန် ခဲယဉ်းသည်။ ယခုတစ်ခေါက် မန္တလေးခရီးက အရင်အခေါက်တွေနှင့်မတူ။ ခရီးမစခင်မှာပင် အလွဲလေးနှင့်စသည်။ 

စိုင်းစိုင်းဖြတ်ထားသည့် ကားလက်မှတ်က ည ၉ နာရီကား။ သူငယ်ချင်းတွေကို ပလိပ်လမ်းဆုံမှာဆင်းမည်။ လမ်းဆုံ မရောက်ခင် ဖုန်းဆက်မည်။ လာကြိုဟု ဖုန်းကြိုဆက်ထားပြီးပြီ။ အောင်မင်္ဂလာ ကားဝင်းကို ၇ နာရီ မထိုးခင်မှာ ရောက်နှင့်သည်။ တစ်ယောက်တည်း အေးအေးဆေးဆေး ထိုင်စောင့်မည်ပေါ့။ ၇ နာရီကျော်တော့ စိတ်ထဲမှာ မှတ်ပုံတင် ပါမလာဘူးထင်သည်ဆိုပြီး အိတ်တွေထဲ လျှောက်နှိုက်ကြည့်တော့ ထင်သည့်အတိုင်းပါမလာ။ ဒုက္ခနှင့် လှလှတော့ တွေ့ကြပြီ။ မှတ်ပုံတင်က ရုံးမှာကျန်နေခဲ့ပြီ။ ကားတစ်စင်း ခပ်မြန်မြန်ငှားရသည်။

 ရုံးက ဆူးလေနားမှာဆိုတော့ သွားရမည့် ခရီးအတွက် အချိန်လောက်မလောက် မသေချာ၊ မတတ်နိုင် မှတ်ပုံတင်သည် အရေးကြီးသည်။ ပါမလာလျှင် ဘာဖြစ်မလဲ ကြိုပြောလို့မရ။ ကားကို အသွားအပြန် ၉၀၀၀ နှင့်ငှားပြီး ကားဝင်းကို ကိုးနာရီမထိုးခင်အရောက်မောင်းခိုင်းရသည်။ သို့သော်လည်း ရန်ကုန်မြို့၏ တိုးတက်လာသော ကားအစီးရေ နှင့် ကွန်ကရစ်လမ်းခင်းနေသော လမ်းပိုင်းများကြောင့် ကားပိတ်ချက်က ရက်စက်သည်။ ကိုးနာရီတော့ မမီ ကားဂိတ်ကိုလဲ ဖုန်းဆက်ရသေးသည်။ လာနေပြီဖြစ်ကြောင်းနှင့် အနည်းငယ်စောင့်ပေးပါရန်ပြောတော့ ဖုန်းဖြေကြားသူက ဆယ်မိနစ် စောင့်ပေးမည်ဖြစ်ကြောင်းပြောတော့မှ စိတ်အနည်းငယ်ချမ်းသာရာရသည်။ ကားပေါ်သို့ရောက်ပြီး ဆယ်မိနစ်လောက်နေမှ ကားထွက်သည်။ 

ကားပေါ်တွင် ဖွင့်ထားသည့် အဲကွန်းက အနုတ်ဒီဂရီများ ရောက်နေပြီလား ထင်မိသည်။ အဲကွန်းအေးစိမ့်နေမှ ကားကောင်းသည်ဟု ထင်ကြသလားမသိ။ တော်တန်ရုံအအေးဖွင့်ထားတော်ရောပေါ့။ အနွေးထည် မပါသော စိုင်းစိုင်း အအေးဒဏ်ကို လူးလှိမ့်နေအောင် ခံလိုက်ရသည်။ ( ရန်ကုန်မှာ တော်တော်ပူနေပြီဖြစ်သည့်အတွက် မန္တလေးမှာလဲ အအေးပေါ့လောက်ပြီထင်ပြီး အနွေးထည် မယူလာမိသော ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရတော့မှာပေါ့ ) ၁၁၅ မိုင်ဂိတ်မှာ ထမင်းစားနားပြီး ပြန်အတက်မှာ ကားဒရိုင်ဘာကို အဲကွန်းအအေးလျှော့ပေးပါရန်တောင်းပန်တော့မှ နေသာ ထိုင်သာ ရှိသည်။ 

ညနေက သူငယ်ချင်းတွေကို ပလိပ်လမ်းဆုံမှာ ဆင်းမည်ဟု ဖုန်းဆက်ထားသည်။ သို့သော် ယခုသွားမည့် ကားသည် လမ်းဟောင်းမှ မသွား လမ်းသစ်သွားမည့် ကားဖြစ်သည့်အတွက် ပုလိပ်လမ်းဆုံသာ ဆိုရသည် ဘယ်နားမှာ ဆင်းရမည်ဆိုတာ စိုင်းစိုင်းမသိ။ ကိစ္စတော့ မရှိလောက်ပါ။ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်လုံး ဖုန်းလိုင်းတွေ မိအောင် လုပ်ပေးထားသည်တဲ့။ ဖုန်းဆက်လိုက်မှာပေါ့ဟု လျှော့တွေးလိုက်သည်။ 

ဆင်းရသည့် ပလိပ်လမ်းဆုံဆိုသော နေရာသည် မန္တလေး လေယာဉ်ကွင်းအသွားလမ်းနှင့် အမြန်လမ်းမ ဆုံသော နေရာဖြစ်သည်။ အနီးအနားတွင် လူနေအိမ်တစ်လုံးမှမရှိ။ ကိစ္စမရှိ။ သူငယ်ချင်းကို ဖုန်းဆက်လိုက်ဦးမည်။ သူ့အိမ်နှင့် နီးသည်ဟု သူပြောထားသည်ပဲ။ ဖုန်းကို ထုတ်လိုက်တော့ No Network Coverage .. သေပြီဆရာ သေပြီ။ ဘယ်လို လုပ်ရမလဲ။ ဟိုဟိုသည်သည် လျှောက်ကြည့်တော့ လမ်းဆုံထောင့်မှာ ဆိုင်ကယ်နှစ်စီး သုံးစီး ရပ်ထားတာကို တွေ့ရသည်။ ဆိုင်ကယ်တက်စီထင်ပါ့။ ဘယ်သွားမလဲ ညီလေး ဟု သူမေးတော့ ကျွန်တော်ဒုတိအကြိမ်မြောက် ဒုက္ခနဲ့ ထပ်တိုးသည်။ ကျွန်တော့် သူငယ်ချင်းအိမ်က ဘယ်နားမှာလဲ ကျွန်တော်မသိ။ တခြား သူငယ်ချင်းတွေအိမ်ကို ကျွန်တော် ရောက်ဖူးသည်။ သူ့အိမ်ကိုတော့ တစ်ခါမှ မရောက်ဖူးခဲ့။ ပလိပ်ဆိုတာထက်ကို ပိုမပြောပြတတ်တော့။ မငှားတော့ဘူးအကို လာကြိုမယ့်သူ ရှိတယ်ဟု ဖြီးလိုက်ရသည်။ မနက် ၅ နာရီခွဲကျော်မှာ မန္တလေး၏ မတ်လဆန်းသည် အနွေးထည် မပါသော ကျွန်တော့်ကို ကောင်းကောင်းနှိပ်စက်နိုင်ပါသေးသည်။ 

၁၅ မိနစ်လောက် ဒုက္ခ ခံအပြီးမှာတော့ မန္တလေး မြင်းခြံ ဘတ်စ်ကားကြီးတစ်စီး လမ်းမပေါ်သို့ရောက်လာသည်။ ကျွန်တော် ကားကို အားရဝမ်းသာ တားပြီး ပလိပ်မြို့ထဲရောက်မရောက် မေးရသည်။ ရောက်သည်ဆိုတော့ ဝမ်းသာလိုက်သည် ဖြစ်ခြင်း။ ၁၀ မိနစ်လောက် ကားစီးအပြီးမှာတော့ ကျွန်တော်သိသော ပလိပ်မြို့ထဲသို့ ရောက်လာပါပြီ။ ဖုန်းလိုင်းကတော့ မတက်သေး။ မြို့ထဲ ဟိုနားလျှောက် ဒီနားလျှောက်နှင့် ဖုန်းဆိုင်လိုက်ရှာရသည်။ ဖုန်းဆက်တော့ ကျွန်တော့် သူငယ်ချင်းဖုန်းက ဧရိယာပြင်ပဆိုသည့်အတွက် သူ့ဘေးအိမ်က ဖုန်းကို ဆက်ရသည်။ သူ့ကို စောင့်နေတုန်းမှာ ကားတစ်ချို့နှင့် ဆိုင်ကယ်တစ်ချို့ တံတားဦးဘက်သို့ တက်သွားသည်ကို သတိထားမိသည်။ ဒီမိုကရေစီ သီချင်းတွေကို sound box ကြီးတွေနှင့်ဖွင့်၊ ခွပ်ဒေါင်း စတစ်ကာတွေ အလံတွေတလူလူနှင့်ဆိုတော့မှ သတိရမိသည်။ အမေစု ဒီနေ့ မန္တလေးကို လာမှာပါလား။ ဖုန်းလိုင်းတွေ ပြတ်ကုန်တာ ဒါကြောင့်လား မသိဘူးဟု မဆီမဆိုင်တွေးမိသည်။

( နောက်ပိုင်းမှာ သိရသည်က အမေစုလာမည်ဆိုလို့ ဖုန်းလိုင်းတွေ ကျခြင်းမဟုတ်ပါတဲ့။ စက်ပစ္စည်း တစ်ခု ချို့ယွင်းသွားခြင်းကြောင့် လိုင်းများပြတ်တောက်ကုန်ခြင်း ဖြစ်ပါကြောင်း သိရသည်။ ဟုတ်မှာပါ။ စီဒီအမ်အေတွေက ဘာမှ မဖြစ်ဘဲ ဂျီအက်စ်အမ်ဖုန်းလိုင်းတွေသာ ပြတ်တောက်ကုန်ခြင်းဖြစ်သည်။ သို့ရာတွင် အင်တာနက်လိုင်းများ နှေးကွေးသည်ကတော့ ဘာကြောင့်မှန်းမသိ။ ပက်ပက်စက်စက် လိပ်တက်နေသော အမြန်နှုန်းများနှင့်ဖြစ်ပါသည်။ )

သူငယ်ချင်းလာကြိုတော့ လက်ဘက်ရည်ဆိုင်ခဏထိုင် မုန့်စားရင်း တခြားသူငယ်ချင်းတွေကို ကျွန်တော် ရောက်ပြီဆိုသည့်အကြောင်း လှမ်းအကြောင်းကြားရသည်။ နံနက် ၈ နာရီအတိမှာ သူတို့နှင့် ဆုံကြရန် ချိန်းသည်။ ပြီးမှ ကျောက်ဆည်သွားမည်။ ကျောင်းကိစ္စတွေလုပ်ရမည်။ ပြီးလျှင် ကျွန်တော်တို့ ခဏ နားကြမည်ပေါ့။ လောလောဆယ်တော့ ကျွန်တော့်သူငယ်ချင်းအိမ်မှာ ခဏသွားနားသည်။ ဆိုင်ကယ်မစီးရတာ ကြာနေပြီဖြစ်သော ကျွန်တော့်အတွက် ဆိုင်ကယ် စီးရခြင်းက လွတ်လပ်ပေါ့ပါးမှုတစ်မျိုးကို ပြန်လည်ခံစားရစေသည်။ ရန်ကုန်မှာလို လိုင်းကားတွေကို တိုးစီးနေရသော အချိန်များနှင့်တော့ တခြားစီပေါ့။ လေအေးအေးများက မျက်နှာကို တိုးဝှေ့ကျီစယ်ပြီး ဆံပင်ထဲမှာ လူးလွန့်သွားကြသည်။ အညာရှုခင်းကလဲ ကျွန်တော့်အတွက် ခံစားမှုအသစ်။ ကျောင်းတက်ခဲ့စဉ်တုန်းကလို ခံစားမှုမျိုး လွတ်လပ်မှုမျိုးကို ကျွန်တော် ပြန်ခံစားရသည်။ 


 မနက်စာ စားနေတဲ့ နွားနှစ်ကောင်.. သူငယ်ချင်းအိမ်မှာ ရိုက်ထားတာပါ.. ဘာရယ်မဟုတ် အညာ အမှတ်တရပေါ့ဗျာ..


ဒီနေရာမှာပေါ့ဗျာ စိုင်းစိုင်းစောင့်လိုက်ရတာ ဖုန်းလိုင်းကလဲ မမိ၊ ချမ်းကလဲ ချမ်း.. နံနက်မလင်းခင် မှောင်မှောင်မည်းမည်းထဲ တစ်ယောက်တည်း .. လူနေအိမ်တွေနဲ့လဲ ဝေး... ဟူး
 ဒါက သူငယ်ချင်းအိမ်ကို သွားတဲ့ လမ်းတစ်လျှောက်.. တမာပင်တွေ ထနောင်းပင်တွေ အညာဘက်မှာ ပေါက်တဲ့အပင်တွေက လမ်းဘေး ဝဲယာမှာ စီလို့.. မနက်စောစောဆိုတော့ လူလဲရှင်းပြီး မြင်ကွင်းက ရှင်းနေတာ

ဒုတိယပိုင်း ဆက်ပါဦးမည်။

6 comments:

စံပယ်ချို said...

သူငယ်ချင်းအိမ်ကိုသွားတဲ့လမ်းလေးက
အရမ်းကိုသာယာတာပါပဲနော်
လွမ်းမိပါတယ်ပုံလေးတွေကိုကြည့်ပြီး

Z@! said...

ဟုတ်ကဲ့.. နောက်အချိန်ရရင် ဓါတ်ပုံတွေချည်း သီးသန့် တင်ပေးပါဦးမယ်.. အဲ့ဒီအချိန်ကျရင်လဲ အားပေးပါဦးနော်..

:)

မိုးသက် said...

ကိုစိုင်းတို့ကျောင်းပုံကိုစာမဖတ်ပဲနဲ့ မြင်ဖူးပါတယ်မှတ်
နေတာ..။ မြင်ဖူးဆို. ကျွန်တော်ဂန္ဒ၀င်ဆည်းဆာ
လေး ကျောင်းပဲ. ။ သူက အဲဒီကျောင်းအပေါက်ဝ
နားက စကားဝါဆောင်မှာနေခဲ့တာ..။ဟိုတစ်လောကပဲ
ဘွဲ့ယူတယ်.။အဲဒီကျောင်းကို ခနခနရောက်ဖြစ်ပါတယ်.။
သတိတောင်ရမိသေးတယ်.။ ကျေးဇူးပါပဲအစ်ကို.။

Z@! said...

စကားဝါဆောင်က ကျွန်တော်တို့လဲ ခဏတိုင်းရောက်ဖြစ်တယ်ဗျ.. မိန်းကလေး သူငယ်ချင်းတွေတော်တော်များများ အဲ့ဒီအဆောင်မှာ နေကြတယ်ဗျ.. ကျောင်းတုန်းက အချိန်တွေကတော့ ပြန်မရနိုင်တော့ပါဘူး.. ကျောင်းပြီးခဲ့တာလဲ ကြာပြီဆိုတော့....

ဒါပေမယ့် ဒီနေ့ည မန်းလေး ပြန်တက်လိုက်ဦးမယ် ကျောင်းကိုလဲ ထပ်ရောက်ဖြစ်ဦးမယ်ဗျ.. ဟီး အလွမ်းပြေပေါ့

Tina Kyi said...

မောင်လေးက မှားဆင်းတာကိုး ၊ ရွက်သစ် ပလိပ်လမ်းဆုံဆင်းရင် တန်းပီးပလိပ်မြို့ ပေါက်ဝ ရောက်တယ် ကွဲ့

Z@! said...

ဟုတ်ပါ့အမရယ်.. မှားဆင်းတာလေ.. ခါတိုင်းက လမ်းဟောင်းပဲ သွားနေကျလေ.. လမ်းသစ်က သွားတော့ ဘယ်နားဆင်းရမှန်းမသိတော့ဘူး.. တိုးဂိတ်နားလေးမှာ ဆင်းဆိုတာနဲ့ ဆင်းလိုက်တာ.. ကံကောင်းလို့ပေါ့.. မြင်းခြံကားရှိပေလို့.. အဟီး