Ads 468x60px

24 April 2012

ကျောက်စီပန်းချီ Gems Art

ကြုံတုန်းကြုံခိုက်လေး မိုးကုတ်က ကျောက်စီပန်းချီအကြောင်းလေး ပြောပြချင်ပါတယ်။ ဒီကျောက်ပန်းချီလုပ်ငန်းက ၁၉၉၈ - ၉၉ လောက်မှာ စတင်ခဲ့တာဖြစ်ပြီး တစ်ပိုင်တစ်နိုင်ကနေပြီးတော့ စီးပွားရေးလုပ်ငန်းအနေနဲ့လည်း လုပ်ကိုင်ကြပါတယ်။ စိုင်းစိုင်း ရှစ်တန်းဖြေပြီး ကိုးတန်းမတက်ခင် နွေရာသီကျောင်းပိတ်ရက် ၁၉၉၉ ခုနှစ်လောက်တုန်းက ကျောက်ပန်းချီကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဖူးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ မလုပ်ဖြစ်တော့တာ အခုထိပါပဲ။ 


စိုင်းစိုင်းကို ကျောက်ပန်းချီသင်ပေးခဲ့တဲ့ ဆရာကတော့ အခုထိ လုပ်နေတုန်းပါပဲ။ အခုချိန်မှာ မိုးကုတ်မြို့မှာ အကြီးဆုံးလို့တောင် ပြောလို့ရမယ်ထင်တယ်။ ပြီးခဲ့တဲ့လ မိုးကုတ်ပြန်တော့ ဆရာ့ဆီကို အလည်ရောက်တုန်း သူတို့ ကျောက်ပန်းချီစီနေတဲ့ ပုံတွေ ရိုက်ဖြစ်ခဲ့ပါတယ်။ 



စိုင်းစိုင်းလုပ်ခဲ့တာတွေက ခရစ်စမတ်ပုံတူကားလေးတွေ၊ နောက် ကာတွန်းပုံလေးတွေ၊ ပြီးတော့ မြန်မာ့ရိုးရာပုံလေးတွေပေါ့ ကိန္နရီ ကိန္နရာ မောင်နှံပုံလေးတွေ၊ နောက် တခြားပုံလေးတွေ တော်တော်များများလုပ်ခဲ့ဖူးတယ်။ ကျောက်ပန်းချီစီရတာ တော်တော် လက်ဝင်ပါတယ်။ ပထမ ကိုယ်ပုံတူဆွဲမယ့် ပန်းချီကားကို မိတ္တူဆွဲရတယ်၊ မိတ္တူဆွဲလို့အဆင်မပြေတဲ့ပုံတွေကိုဆို ဆရာက စက္ကူပါးလေးနဲ့ ကောက်ကြောင်းဆွဲပေးတယ်။ အဲ့ဒီ ကောက်ကြောင်းပုံ ဒါမှမဟုတ် မိတ္တူပုံကိုမှ ကျောက်ပန်းချီစီမယ့် ဘုတ်ပြားပေါ်ကို မင်ခံစက္ကူနဲ့ ထပ်ပြီး ကောက်ကြောင်းလိုက်ရတယ်။ ကောက်ကြောင်းတွေ စုံပြီဆိုရင်တော့ အဲ့ဒီကောက်ကြောင်းတွေကို မှတ်မီးလိုင်း လိုက်ဆွဲရပါတယ်။ (မှတ်မီးဆိုတာ မဟူရာကျောက်ပါ၊ အဲ့ဒီ မဟူရာကျောက်ကို အရွယ်စုံ ရအောင် ထောင်းပြီး အမှုန့်ချရပါတယ်။ တခြား ကျောက်တွေကိုလည်း အရိုင်းသုံးသင့် အရိုင်း ၊ ထောင်းသင့်ထောင်း၊ သွေးသင့် သွေး အဲ့ဒီလုပ်ရပါတယ် )


မှတ်မီးလိုင်းဆွဲဖို့အတွက် မင်ခံလိုင်းတွေကို ကော်နဲ့လိုင်းဆွဲပြီး မှတ်မီး  အပွင့်သေးသေးလေးတွေနဲ့ စီရပါတယ်။ အခုနောက်ပိုင်းမှာတော့ အမှုန့်တွေနဲ့ဆွဲပါတယ်။ သူက ပိုသပ်ရပ်ပြီး ပိုမြန်ပါတယ်။ အောက်မှာပြထားတဲ့ ပုံအတိုင်းပေါ့။ 




ဒါက မှတ်မီးနဲ့ လိုင်းဆွဲနေတာပါ.. ပုံထဲမှာ ပါတဲ့သူကတော့ စိုင်းစိုင်းရဲ့ ဆရာပေါ့ဗျာ

 သူတို့ဆွဲနေတဲ့ပုံက မဟာပိန္နဲနတ်ဘုရားပုံတူ။ ပုံက တော်တော်ကြီးပါတယ်။ ပုံထဲမှာ မြင်ရတဲ့အတိုင်းပါပဲ။
အဲ့ဒီလိုပန်းချီကား တစ်ကားလုံးကို လိုင်းဆွဲလို့ပြီးပြီဆိုရင်တော့ မူလပုံတွေမှာ ပါတဲ့အရောင်တွေနဲ့ အနီးစပ်ဆုံးတူတဲ့ ကျောက်တွေကို သုံးပြီး ပန်းချီစီရပါတယ်။ အနုအရင့်ကစ သေချာရွေးပြီး စီရပါတယ်။ ဒါမှ ပန်းချီကားက အသက်ဝင်မှာကိုး။


 ဒါက သူ့တပည့်မလေးတစ်ယောက် ကျောက်ပန်းချီစီနေတဲ့ပုံပါ။ ဟိန္ဒူနတ်ဘုရားပုံပါ။


စိုင်းစိုင်းလုပ်ခဲ့တဲ့ ပန်းချီကားလေးတွေက ဖန်စီကားလေးတွေများတော့ သိပ်မပင်ပန်းခဲ့ပါဘူး။ ပျော်စရာကောင်းခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဖန်စီကားလေးတွေက သိပ်မဆွဲကြတော့ဘူးလို့ထင်တယ်။ ပုံတူပန်းချီတွေနဲ့ တခြား ရိုးရာပုံတွေကိုပဲ ပိုစီကြတယ်။  စိုင်းစိုင်းလုပ်ခဲ့တာက သုံးလလောက်ပဲဆိုတော့ သိပ်လဲ မတတ်ခဲ့ပါဘူး။ ပုံတူပန်းချီတွေ ဆွဲရလောက်အောင်လဲ သင်ဖို့အတွက် အချိန်မရခဲ့ပါဘူး။  


ပုံတူပန်းချီကတော့ စီရတာ အချိန်ပိုကြာသလို ပိုလည်းလက်ဝင်ပါတယ်။ စိုင်းစိုင်းရောက်သွားတဲ့အချိန်တုန်းက ဆရာဆွဲနေတဲ့ ပန်းချီကားတွေကာ မြတ်စွာဘုရားပုံတော်တွေရယ် နောက် ဟိန္ဒူနတ်ဘုရားပုံတွေဆိုတာ သတိထားမိတယ်။ 


စိုင်းစိုင်းဆရာဆွဲတဲ့ ပန်းချီကားတွေက တခြားသူတွေယှဉ်ရင် ဈေးနည်းနည်းပိုတယ်လို့ သူငယ်ချင်းတွေက ပြောကြတယ်။ ဒါပေမယ့် ဆရာသုံးတဲ့ကျောက်တွေက တကယ့်သဘာဝကျောက်စစ်စစ်တွေပဲဆိုတာ သူတို့သိတဲ့အတွက် လက်ဆောင်ပေးဖို့ဆိုရင် ဒါမှမဟုတ် ပုံတူပန်းချီကားစီမယ်ဆိုရင် ဆရာ့ဆီပဲ လာကြတယ်လို့ဆိုပါတယ်။ ဟုတ်တော့ဟုတ်ပါတယ်။ ရန်ကုန်က တချို့ဆိုင်တွေမှာ ကျောက်စီပန်းချီကားတွေတွေ့ဖူးတယ်။ ကျောက်တွေရဲ့အရောင်က အရမ်းစိုနေလို့ အနီးကပ်ကြည့်မိတော့မှ ကျောက်တွေကို ဆေးဆိုးထားမှန်းသတိထားမိတယ်။ ဆေးဆိုးထားတဲ့ ကျောက်က ပိုလှတယ် ထင်ရပေမယ့် အတုအစစ်ခွဲတတ်တဲ့ သူတွေရဲ့ မျက်လုံးထဲမှာတော့ လှတယ်လို့ကို မထင်ဘူးဖြစ်နေတယ်။ 


အမေစု ပုံလေး ကျောက်ပန်းချီစီထားတာကို ဓါတ်ပုံရိုက်ထားတာ။ ဆရာက သူဆွဲပြီးတဲ့ပုံလေးတွေကို အဲ့လိုပဲ ဓါတ်ပုံ ရိုက်ရိုက်ထားတတ်တယ်။ စိုင်းစိုင်းက အဲ့ဒီဓါတ်ပုံကို ဓါတ်ပုံပြန်ရိုက်လာတာပါ။ တော်တော်တူတယ်နော်။ ကျက်သရေရှိလိုက်တာ

ဒါကလည်း နောက်တစ်ပုံပါ။ မူရင်းပုံတွေနဲ့ ယှဉ်ပြီး ပြထားတာကို ရိုက်လာခဲ့တာ။ မိသားစုပုံပါတယ်။ နောက် ထိုင်းဘုရင့်ပုံပါတယ်။

ဗိုလ်ချုပ်ပုံက တော်တော့်ကို တူတယ်လို့ ခံစားရတယ်။

ဒါက မြတ်စွာဘုရားပုံတော်မှာ သင်္ကန်းတော်ကို အညံ့ကျောက်တွေနဲ့ စီနေတာပါ ( အညံ့ကျောက်ဆိုတာ မကောင်းတဲ့ကျောက် မဟုတ်ဘူးနော်.. ကျောက်နာမည်ကိုက အညံ့တဲ့။ သူက အရောင်စုံနီးပါးကိုရှိတယ်။ ဟိုတီဗီမှာလာတဲ့ အင်တာဗျူးသမား တစ်ယောက်ကို သတိရမယ်တယ်။ နီလာဆိုပေမယ့် ကျောက်ကလေးတွေက အပြာရောင်လေးတွေနော်တဲ့.. ရယ်လိုက်ရတာ အူတွေကို လှိမ့်နေတာပဲ။ နီလာဆိုတာ အပြာရောင်မှန်း သူသိသင့်တာပေါ့နော့ )

ဒါကတော့ ဆရာ့ ပန်းချီခန်းပါ။ အော်ဒါတွေ မှာချင်တယ်ဆိုရင်လည်း စိုင်းစိုင်းဆီက တစ်ဆင့် မှာလို့ရပါတယ်နော့်။ အကျိုးဆောင်ခ တစ်ပြားမှ မယူပါဘူး။ စေတနာနဲ့ ကူညီပေးမှာပါ. :) 

ဒီအောက်ကပုံတွေကတော့ တခြား သူဆွဲထားတဲ့ပုံလေးတွေပါ။ 







ပုံတွေ စာတွေကို အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ ဖတ်ပေးကြည့်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ :)

12 comments:

မိုးသက် said...

အဲဒါလေးတွေအိမ်မှာ လုပ်တာ မြင်ဖူးတယ်ကိုစိုင်း . ။
အရင်တုန်းကတော့ အလုံးသေးတာလေးတွေကပ်ကြတယ်.။ ခုတော့ အမှုန်လေးတွေကြိတ်ပြီးတော့ကပ်ကြတယ်. ။ပို အနုစိတ်သွားတယ်.။ ပန်းခြင်းလေးတွေလည်းလုပ်ဖူးတယ်.။

မဒမ်ကိုး said...

စိတ်လဲဝင်စားတယ် မကြာခင်လဲမှာဖြစ်လိမ့်မယ်ထင်ပါတယ် စိုင်းရေ

ခင်မင်လျှက် အမကြီး

ဒိုးကန်

Lwan Thu Yin said...

I love these Gems Art. Last January I bought from yangon to give my Boss and it is cost about 4500 kyats per 8" x 6" one no. The bigger sizes are more beautiful. But also expensive. If I have a chance, I still want to buy some more. :)

Z@! said...

ကိုမိုးသက်ရေ..
ကျောက်ပန်းချီတွေနဲ့ တစ်ချိန်တည်းမှာပဲလေ. အဲ့ဒီ ကျောက်သစ်ပင်တို့ ကျောက်ပန်းခြင်းတို့ ပေါ်တာ ဒါပေမယ့် သူတို့တွေထက်စာရင် ကျောက်ပန်းချီက ပိုပြီး အမြင်တင့်တယ်ပြီး ဈေးကွက်ဝင်တယ်ဆိုတော့
နောက်ပိုင်းမှာ ကျောက်ပန်းချီလုပ်ငန်းပဲ ကျန်ရစ်ခဲ့တယ်။

အမဒိုးကန်ရေ..
ကျေးဇူးတင်ပါတယ်.. အမ မှာချင်တဲ့အခါကျတော့ စီဘောက်စ်ထဲမှာဖြစ်ဖြစ် မက်ဆေ့ခ်ျလေး ချန်ထားခဲ့ပေးပေါ့.. စိုင်းစိုင်းဆရာရဲ့ ညီက ရန်ကုန်မှာ ဆိုင်ဖွင့်ထားပါတယ်တဲ့ :)

လွမ်းသုရင်ရေ.
ကျေးဇူးတင်ပါတယ်ခင်ဗျ.. ကျောက်ပန်းချီတွေရဲ့ ဈေးနှုန်းကတော့ အသုံးပြုတဲ့ ကျောက်အမျိုးအစားနဲ့ အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းအနည်းအများ ကွာခြားတတ်ပါတယ်။

စံပယ်ချို said...

စိတ်ဝင်းစာတယ် ၀ယ်ဖြစ်ခဲ့ရင်တော့အကြောင်းကြားပါ့မယ် ၀ယ်ချင်တယ် လက်ဆောင်ပေးချင်လို့ပါ

သစ်နက်ဆူး said...

စိုင်းစိုင်းရေ
စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြိုးစားပါ...
ကျောက်စီပန်းချီလုပ်ငန်းက ထိုင်းနိုင်ငံ၊မယ့်ဆော့မြို့ က
ကွမ်တုံကျောက်စီလုပ်ငန်း နဲ့ ပိန်စွန်ကျောက်စီလုပ်ငန်းကနေ မြန်မာတွေ လုပ်ကိုင်ကြရင်း ပညာပျံ့ နှံ့ သွားတာပါ..
အခုနောက်ပိုင်း ကွမ်တုံရုံက ဆေးဆိုးကျောက်တွေ သုံးတာများပါတယ်..
ကိုယ်က ကွမ်တုံမှာ ၅နှစ်လောက်လုပ်ခဲ့တာပါ..
ပုံတူပန်းချီလိုင်းကို တာဝန်ယူရတာပါ..
ကျောက်စီတာက မှန်ပေါ်မှာစီတာနဲ့  သစ်သားပေါ်မှာစီတာ ၂မျိုးရှိပါတယ်..
မှန်ပေါ်မှာ ပုံတူကိုင်တာကပိုခက်ပါတယ်..
နောက်လဲ လာလည်ပါဦးမယ်...
ဝါသနာတူသူတွေ ဆွေးနွေးရတာပေါ့...။

စုချစ် said...

စိတ်ဝင်စားတယ်... ကိုစိုင်းစိုင်းရေ...
အခြေအနေပေးတဲ့ တစ်နေ့တော့ ကျောက်စီလေးနဲ့ ပန်းချီချယ်ဖို့ ကြိုးစားအုံးမယ်...
း)

ကိုရင် said...

ရောက်တယ် ညီလေး..
ကြိုးလည်း ကြိုးစား..ပြန်လည်း မျှပါ..ဗဟုသုတ ရတယ်ကွ..

by d way,,အကိုက ကျောက်စီနေတဲ့ ကုလားမလေးကို စိုင်းစိုင်း ထင်နေတာ :D

Z@! said...

ဟာဂျာ..
ကိုရင်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ :D

လာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ :)

မဒမ်ကိုး said...

စိုင်းစိုင်းရေ ဗိုလ်ချူပ်ဈေးကဆိုင်လိပ်စာကိုတောင်းထားပေးပါနော်
အမ သိပ်မကြာခင်မှာ ဓာတ်ပုံတစ်ပုံပို့လိုက်ပါမယ် အမဘောစ့်ရဲ့ မိသားစုပုံပါ .
လက်ဆောင်ပေးဖို့အတွက် ပါ . ပုံကိုလဲတတ်နိုင်သလောက်တူစေချင်ပြီး တော်တော်လှစေချင်ပါတယ် လက်ဆောင်ပေးလို့သူတို့ကြိုက်ရင် နိုင်ငံခြားမှာကြော်ညာပြီးသားလဲဖြစ်သွားမှာဘဲ အပ်ရင်ဘယ်လောက်ကြာမလဲဆိုတာရယ် ဘယ်လောက်ဆိုဒ်တွေရှိတတ်လဲဆိုတာရယ် သိချင်ပါတယ် အမကိုကျေးဇူးပြုပြီးစုံစမ်းပေးပါနော်
စိုင်းစိုင်းကြော်ငြာကောင်းတယ်ဟေ့း))


ခင်မင်လျှက်

အမကြီးးဒိုးကန်

Z@! said...

ဗိုလ်ချုပ်ဈေးက ဆိုင်လိပ်စာက အမှတ် ၈၀ အရှေ့စီရုံ ပါတဲ့။ အလယ်ပေါက်ကဝင်လာရင် ညာဘက်ခြမ်းမှာ ရှိပါတယ်လို့ ပြောပါတယ်.. ဓါတ်ပုံကိုကြည့်ပြီးတော့မှ ဘယ်ဆိုက်ဆိုရင် ဘယ်ဈေးလို့ ပြောလို့ရပါမယ်တဲ့။ သုံးရမယ့် ကျောက်အမျိုးအစားပေါ်မူတည်တာပေါ့။ အနီများများပါရင်တော့ ဈေးပိုကြီးတတ်တယ်။

Unknown said...

ကျောက်​ပန်းချီကိုစိတ်​ဝင်​စားတယ်​ ကိုယ်​တိုင်​လည်းတတ်​ချင်​လိုက်​တာ