အခန်းလေးထဲမှာ
ကျွန်တော် သယ်လာတဲ့ အထုပ်အပိုးတွေကို ချပြီး ကျွန်တော် ခဏနားနေမိတယ်။ မကျဉ်းမကျယ် အခန်းလေးဟာ
လူသုံးယောက်နေဖို့ ကျယ်တယ်လို့ ပြောလို့မရပေမယ့် ကျဉ်းလဲ မကျဉ်းပါဘူး.. အနေတော်ပဲလို့
ကျွန်တော်ထင်တယ်။ ကျန်တဲ့ သူငယ်ချင်းနှစ်ယောက်က နောက်နေ့ တွေမှာမှ ပြောင်းလာမှာဆိုတော့
လောလောဆယ် ကျွန်တော် တစ်ယောက်တည်း။
အခန်းလေးက
ရှင်းလင်းနေတယ်။ အရင်နေသွားခဲ့တဲ့လူက သူအပြန်မှာ သေချာပြန်ပြီး သန့်ရှင်းရေးလုပ်သွားပုံပဲ။
မီးချောင်းတွေကိုတော့ သူဖြုတ်ယူမသွားဘူးပဲ။ ကျွန်တော် နံရံပေါ်မှာရှိတဲ့ မီးခလုတ်တစ်ခုကို
စမ်းဖွင့်ကြည့်လိုက်တယ်။ မီးချောင်းတစ်ချောင်း လင်းသွားတယ်။ မီးလာနေတာပဲ ဆိုတဲ့အသိနဲ့အတူ
ကျွန်တော် အိတ်ထဲက လက်ပ်တော့ကို ဖွင့်ပြီး သီချင်းခပ်ကျယ်ကျယ်လေး ဖွင့်လိုက်တယ်။ တစ်ယောက်တည်းဖြစ်နေတယ်ဆိုတဲ့
ခံစားချက်ကို ခဏလောက်ဖြစ်ဖြစ် ကျွန်တော် မေ့ထားလို့ ရတန်ကောင်းပါရဲ့။
ပစ္စည်းတွေ
ဟိုချ သည်ချ လုပ်ပြီးတော့ နေ့လည် ၁၂ နာရီလောက်ရှိသွားပြီ။ ကျွန်တော်တို့ ခုငှားနေတဲ့
တိုက်ခန်းရဲ့ ဟိုဘက် ဘလောက်မှာ ထမင်းဆိုင်တစ်ဆိုင် ဖွင့်ထားတာ ကျွန်တော်တွေ့တယ်။ ရေမိုးချိုးပြီး
ထမင်း သွားစားဦးမှပဲ။ ရေမိုးချိုး အဝတ်အစားလေးလဲပြီးတော့ အခန်းကို သော့ခတ်ပြီး ကျွန်တော်
အောက်ကိုဆင်းလာခဲ့တယ်။
ဟင်းတွေတော်တော်စုံစုံလင်လင်ရတာပဲ
ဆိုင်လေးက။ ကျွန်တော် ဝက်သားပုံးရည်ကြီးချက် တစ်ပွဲနဲ့ အသီးအရွက်ကြော်တစ်ပွဲမှာလိုက်တယ်။
ထမင်းစားနေတုန်းမှာပဲ
ဟာ အကို တစ်ယောက်တည်းလား ဆိုတဲ့ အသံနဲ့အတူ ကျွန်တော့်ဘေးကို လာထိုင်တဲ့လူတစ်ယောက်။
အင်္ဂလိပ်စာသင်တန်းတုန်းက အတူတက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်။ ဒီဆိုင်က ဟင်းလာဝယ်တာတဲ့။
တွေ့ရင်ပြောနေကျစကားတွေဖြစ်တဲ့ နေကောင်းလား အဆင်ပြေလား ဘာတွေလုပ်နေလဲဆိုတာတွေ မေးပြောပြီး
သူပြန်သွားတယ်။ မပြန်ခင်လေးမှာ ကျွန်တော့်ကို သူပြောလိုက်တဲ့ စကားကြောင့် ကျွန်တော်
နည်းနည်းတောင် နင်ချင်သလို ဖြစ်သွားတယ်။
တစ်ယောက်တည်း
ပျင်းစရာကြီးဗျာ။ နောက်တစ်ခေါက်တွေ့ရင် အတွဲလေးနဲ့ မြင်ချင်တယ်နော့ တဲ့
တစ်ယောက်တည်းနေရတာ ပျင်းစရာကောင်းသလား။ ကျွန်တော်တစ်ခါမှ
မတွေးခဲ့ဖူးဘူး။ အတွဲလေးရှိမှ ဘဝက ပျော်စရာကောင်းတော့တာလား။ ကျွန်တော်သူ့ကို ဘာမှ ပြန်မပြောမိဘူး။
ပြုံးရုံပဲ ပြုံးနေလိုက်တယ်။ မချိပြုံးဖြစ်နေမလားတော့ ကျွန်တော် မသိဘူး။
အခန်းထဲပြန်ရောက်တော့
ကျွန်တော် ကော်ဖီသောက်ဖို့အတွက် ရေနွေးတည်တယ်။ ပြီးတော့ သီချင်းလေးဖွင့် စာလေးဖတ်၊
ရေနွေးဆူတော့ ကော်ဖီဖျော်သောက်။ ကော်ဖီသောက်နေရင်းနဲ့ ကျွန်တော် ခဏက သူငယ်ချင်းပြောသွားတာ
သတိရမိလိုက်တယ်။ သူက ပေါ့ပေါ့ပါးပါးလေး စနောက်ပြီး ပြောသွားတာဆိုပေမယ့် ကျွန်တော့်
စိတ်ထဲ အဲ့ဒီအကြောင်းက ကျန်နေခဲ့တယ်။
ကျွန်တော်
တစ်ယောက်တည်းမဟုတ်ခဲ့တဲ့ အချိန်က ဘယ်တုန်းကလဲ။ ကျွန်တော်တောင် အဲ့ဒီအကြောင်းကို မေ့ပြီး
ဘာသိဘာသာ နေခဲ့တာ တော်တော်ကြာနေပြီ။
သူငယ်ချင်းတွေက ပြောရင်တောင် ဟိုလိုလို သည်လိုလိုနဲ့
ယောင်ဝါးချပြီး ဟာသလုပ်နေခဲ့တာလေ။
ရည်းစားထားဖို့
လွယ်ပါတယ်။ အခုလိုချင် အခုရတဲ့ ဒီခေတ်ထဲမှာ အစားထိုးရတာ လွယ်ပါတယ်။ ဒါပေမယ့် အစားထိုးထားတဲ့
အရာတစ်ခုဟာ အစားထိုးပစ္စည်းပါပဲ။ သမီးရည်းစား ဆက်ဆံရေးမကျ သူငယ်ချင်းမကတဲ့ ဆက်ဆံရေးတချို့
ရှိခဲ့ဖူးပေမယ့် အဲ့ဒါတွေက ကျွန်တော့်စိတ်မှာ အရေးမပါဘူးလို့ ထင်တဲ့နေ့ကျတော့ ကျွန်တော်
ပစ်ချခဲ့တယ်။ အဲ့ဒါတွေက စိတ်ပျက်ဖို့ကောင်းနေပြီ။
လိုချင်တာတစ်ခုပဲ
ရှေ့တန်းတင်ကြတဲ့အခါမှာ ခံစားချက်တွေက အသက်မပါတော့ဘူး။ ဆက်ဆံရေးတွေက အတုအယောင်ဆန်လာတယ်။
ဒီလိုအချိန်မှာ ခံစားချက်ကို ရှေ့တန်းတင်မိတဲ့သူက အရူးပဲဖြစ်မယ်။
ရူးဖူးခဲ့တယ်။
သေဖူးပြီးပြီ။ ကျွန်တော် ထပ်မမိုက်မဲချင်တော့ဘူး။ တချို့သူငယ်ချင်းတွေက ပြောကြတယ်။
မင်းက မချစ်တတ်တာလား တဲ့။ တကယ်တမ်း အမှန်တရားက ကျွန်တော်က အရမ်းကို ချစ်တတ်လွန်းနေခဲ့တာပါ။
အဲ့ဒီအတွက် ထပ်ချစ်ရမှာကို ကျွန်တော် ကြောက်ပါတယ်။ တစ်ယောက်ထဲ နေလာခဲ့တာ တော်တော်ကြာပြီဆိုတော့
ဒီအခြေအနေမှာ အသားကျနေခဲ့ပြီ။
မနက်အိပ်ရာထ
ထမင်း ဟင်းချက်၊ ချိုင့်ထည့်၊ ရုံးသွား၊ ပြန်လာ၊ လုပ်စရာရှိတာလုပ် ညအိပ်။ ဒီလိုနဲ့
လည်ပတ်ခဲ့တဲ့ အချိန်တွေ ဒါတွေက ရိုးအီမသွားနိုင်မယ့် နေ့စဉ်လုပ်ဆောင်မှုတွေပဲ။ ကျွန်တော်အားရင်
သူငယ်ချင်းတွေနဲ့ သွားတွေ့မယ်၊ လက်ဘက်ရည်ဆိုင်ထိုင်မယ်၊ အလုပ်ထဲက အကြောင်းတွေ ပြောမယ်။
ညနေခင်း နေအေးရင် ဘုရားသွားမယ်။
တစ်ခါတစ်လေ
စိတ်ကူးပေါက်ရင် ဘီယာဆိုင်လေး ဘာလေး ထိုင်မယ်၊ ကေတီဗီမှာ သွားဟဲမယ်။ အဲ့ဒီထက် ပိုမယ်ဆိုရင်
ကလပ်သွားပြီး ဆူညံနေတဲ့ သံစဉ်တွေထဲ လိုက်ကခုန်လိုက်မယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့
အိမ်ပြန်ချိန်မှာတော့ တစ်ယောက်တည်း။ ဒါပေမယ့် အဲ့ဒါကို ကျွန်တော် သဘောကျပါတယ်။
အရင်တုန်းက
ရှိခဲ့ဖူးတာ ဖြစ်ခဲ့ဖူးတာတွေက အရင်တုန်းက အတိတ်မှာ ထားရစ်ခဲ့ပြီ။ ကျန်ရစ်ခဲ့ပြီ။ အဲ့ဒီအတိတ်တွေကို
လွမ်းဆွတ် သတိရပြီး ကျွန်တော် ပူဆွေးနေမှာ မဟုတ်တော့ဘူး။ အခုအချိန်မှာ တစ်ယောက်တည်းဆိုပေမယ့်
ကျွန်တော် နေပျော်တယ်။ ဒါပေမယ့် ကြိုမသိနိုင်တဲ့ အနာဂါတ်အတွက် ကျွန်တော် ဘာတွေ ထပ်ဖြစ်မလဲ…
မသိဘူး။ တွေးပြီးမှလဲ ပူမနေချင်တော့ဘူး..။
တစ်ခုပါပဲ။
ကျွန်တော် ပျော်ပျော်ရွှင်ရွှင်ပဲ နေသွားချင်တယ်။ နောင်တတွေ မရှိဘဲနဲ့ပေါ့။
4 comments:
ရေးထားတာလေး သဘောကျတယ်........
စိုင်းစိုင်းက စာရေးကောင်းတယ်နော် :D
အရေးအသားလေးတွေကောင်းတယ်အစ်ကို. မျက်စိထဲမြင်အောင်.စာကို ဆင် နိုင်တယ်...။ ဆက်ရေးပါဦး အားပေးနေတယ်.။
ဒါနဲ့ Word Verification ကြီးဖြုတ်လိုက်ပါလား..။အဆင်ပြေသွားတာပေါ့.။
တစ်ယောက်ထဲတော့အကြာကြီးမနေပါနဲ့အေး))
ကန်ဒီရေ.. သဘောကျတယ်ဆိုတော့ ရေးရကျိုးနပ်တာပေါ့. ကျေးဇူးတင်ပါတယ် နောက်လည်း အားပေးပါဦးနော့
ကိုမေမြို့မိုးရေ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကိုတဂ့်ထားတဲ့ ပို့စ်ကိုလဲ ရေးပေးပါ့မယ်ခင်ဗျ
အမဒိုးကန်ရေ.. ကြာမလား မကြာဘူးလားဆိုတာကတော့ ပြောရခက်ကြောင်းပါခင်ဗျ. ဟီး :P
Post a Comment