Ads 468x60px

10 February 2012

ဖုန်းအိပ်မက်

ဒီနေ့ အိမ်မှာ သူငယ်ချင်းတွေ စုံတယ်။ အတူတူ ငှားနေတဲ့သူငယ်ချင်းတွေပြောတာ။ ခါတိုင်းရက်တွေက ကျွန်တော်တို့ သုံးယောက် မဆုံဖြစ်ကြဘူး။ များသောအားဖြင့် ကျွန်တော်တစ်ယောက်တည်း အိမ်မှာရှိနေတာများတယ်။ တစ်ယောက်က သူ့အလုပ်နဲ့နီးတဲ့ သူ့သူငယ်ချင်းဆီမှာ၊ နောက်တစ်ယောက်က သူ့ညီဝမ်းကွဲဆီမှာရှိနေတာများတယ်။ အဲ့ဒီတော့က အိမ်ငှားနေတာ သူငယ်ချင်းသုံးယောက်ဆိုပေမယ့် ကျွန်တော်တစ်ယောက်တည်းရှိတဲ့ နေ့တွေက ခပ်များများရယ်။ ထားပါတော့ ကျွန်တော်ပြောချင်တဲ့အကြောင်းက တခြား။

သူငယ်ချင်းသုံးယောက် ဆုံနေလို့ စကားတွေ ပြောဖြစ်မယ်လို့ထင်ရင်တော့ မှားပြီ။ တစ်ယောက်က အိမ်ရှေ့ ဝရန်တာမှာ သူ့ကောင်မလေးနဲ့ ဖုန်းပြောနေတယ်။ နောက်တစ်ယောက်က အိမ်နောက်ဖေးမှာ အလုပ်က ဖုန်းလာလို့ ပြောနေတယ်။ ကျွန်တော်ကကျတော့ အိမ်အလယ်ခန်းမှာ ဒီစာကို ရေးနေတယ်။ လူလေး သုံးယောက်ရှိတာ နှစ်ယောက်က ဖုန်းပြောနေကြတယ်လေ။ အင်း .. ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာက ဒီမှာ စပါတယ်။



ဖုန်း။ လက်ကိုင်ဖုန်း။ တစ်နေရာစီမှာ ရှိနေတဲ့ လူနှစ်ယောက်ကို ကြားခံ ဆက်သွယ်ပေးတဲ့ အသုံးအဆောင် ပစ္စည်းတစ်ခု။ ဒီပစ္စည်းက ဇိမ်ခံပစ္စည်း တစ်ခု မဟုတ်သလို ကြွားဝါစရာ ပစ္စည်းတစ်ခုလဲ မဟုတ်ဘူး။ ဖုန်းရဲ့ အဓိက လုပ်ငန်းဆောင်တာက ကြားခံ မီဒီယာ တစ်ခုပဲမဟုတ်လား။ ဖုန်းရှိတဲ့ အတွက်ကြောင့် သတင်းအချက်အလက် စီးဆင်းမှုတွေ မြန်ဆန်ချောမွေ့ပြီး အဆင်ပြေတယ်။ လူကိုယ်တိုင် သွားစရာမလိုဘဲ ကိစ္စတော်တော်များများကို ဖုန်းနဲ့ပဲ ဖြေရှင်းလို့ရတယ်။ ဘယ်လောက်ကောင်းလဲ။ အရင်တုန်းကတော့ ဖုန်းဆိုတာ လူတိုင်းအတွက်မဟုတ်ခဲ့ဘူးပဲ။

ဖုန်းကိုင်နိုင်တဲ့ လူတန်းစားဆိုတာ သတ်သတ် ဖြစ်နေသလိုပဲ။ ဈေးက ကြီးတာကိုး။ သိန်းလေးဆယ် ငါးဆယ်လောက်အထိ ပေးရတဲ့ ဖုန်းဆိုတာ အခြေခံလူတန်းစား မပြောနဲ့ လူလတ်တန်းစားတွေတောင် မမှန်းနိုင်တဲ့ ပစ္စည်းတစ်ခု ဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်း ၁၅ သိန်း ဖြစ်လာတော့လဲ စိုင်းစိုင်းအတွက် ဖုန်းဆိုတာက ဝေးနေတုန်းပါပဲ။ နောက် ၅ သိန်းဖြစ်သွားတော့လဲ စိုင်းစိုင်းကတော့ ဖုန်းမကိုင်နိုင်သေးပါဘူး။ စိုင်းစိုင်းရတဲ့လခကို မူးစု မတ်စု စုပြီး ဝယ်ဖို့လဲ စိတ်မကူးခဲ့ဘူး။ တခြား အိမ်နီးချင်းနိုင်ငံတွေမှာ ဖုန်းတစ်လုံး ဘာမှ မပေးရတဲ့အချိန်မှာ အဲ့ဒီငါးသိန်းကို ဖုန်းဝယ် မသုံးချင်ခဲ့ဘူး။ မရှိတာလဲ ပါပါတယ်လေ။

ပြီးခဲ့တဲ့ နှစ်က မြန်မာ့ဆက်သွယ်ရေးက တန်ဖိုးနည်းဖုန်းတွေ ( နှစ်သိန်းခွဲ သို့မဟုတ် သုံးသိန်း) ချပေးမယ်၊ သန်းသုံးဆယ် စီမံကိန်းလုပ်နေတယ်ဆိုတော့ စိုင်းစိုင်းတွေးမိပါတယ်။ အဲ့ဒါက တန်ဖိုးနည်းဖုန်းတဲ့လား။ နှစ်သိန်းခွဲ ဆိုတဲ့ပမာဏကို မတတ်နိုင်တဲ့အထဲမှာ စိုင်းစိုင်းပါနေတုန်းပဲ။ စိုင်းစိုင်းတင်မကဘူး မြန်မာပြည်မှာ ရှိနေတဲ့ လူ အများစုက အဲ့ဒီပမာဏကို မတတ်နိုင်ကြသေးဘူး။ ဒီတန်ဖိုးနည်းဖုန်း စီမံကိန်းကတော့ အောင်မြင်တော့မှာပဲ ဝက်ဝက်ကွဲလို့ စိုင်းစိုင်း တွေးမိတယ်။ ဘယ့်နှယ် တန်ဖိုးနည်းလဲ ဆိုသေးရဲ့ လူအများစု မတတ်နိုင်တဲ့ ဈေးကြီးနဲ့။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် The Voice Weekly Journal Vol.7 / No. 51 မှာ လက်ရှိလုပ်နေတဲ့ ဂျီအက်စ်အမ် သန်းသုံးဆယ် ငါးနှစ်စီမံကိန်းကို အခြားသော စီမံကိန်းပုံစံနှစ်ခုနဲ့ နှိုင်းယှဉ်ပြထားတာကို စိုင်းစိုင်း ဖတ်မိတော့ ကွဲပဟ လို့ တွက်မိတယ်။ လက်ရှိလုပ်နေတဲ့ သန်းသုံးဆယ်စီမံကိန်းကို သူက Master Plan မရှိဘူးလို့ ဒဲ့ဆိုထားသကိုး။ ပြီးတော့ လတ်တလောလိုအပ်သက်သက်ကိုပဲ ကွက်ပြီး ဖြေရှင်းထားတယ်လို့ ဆိုထားတယ်။ အဲ့ဒီစကားနောက်မှာ အဓိပ္ပါယ် အများကြီးပါမယ်လို့ စိုင်းစိုင်းထင်တယ်။ ဖုန်းလိုအပ်ချက်ကို ပြောတာလား တခြား လိုအပ်ချက်ကို ပြောတာလား စဉ်းစားကြည့်ပါလေ။ စေ့စေ့တွေးတော့ ရေးရေးလေးပေါ်သတဲ့။ အဲ့ဒီသတင်းက သိပ်ပြီးတော့ လှုပ်လှုပ်ခတ်ခတ် မဖြစ်ခဲ့ပေမယ့် လူတချို့ကတော့ သတိထားမိသွားတာပေါ့။

နောက် ဇန်နဝါရီလ သုံးရက်နေ့က Park Royal မှာ လုပ်ခဲ့တဲ့ သီတင်းစာရှင်းလင်းပွဲ အပြီးမှာတော့ Facebook မှာ သတင်းတွေ ပလူပျံတက်လာပါတော့တယ်။ ရွှေပြည်တံခွန်ဆိုတဲ့ ကုမ္မဏီက ဆက်သွယ်ရေး ကွန်ရက်တစ်ခု တည်ထောင်ပြီး 3G UMTS ဆင်းမ်ကတ်တစ်ခုကို   ငွေကျပ်ငါးထောင်နဲ့    ရောင်းချပေးမယ်ဆိုတဲ့အကြောင်းတွေ၊ ခေါ်ဆိုခ ၂၅၊ ၃၀ ဆိုတဲ့ သတင်းတွေက လူတိုင်း ပါးစပ်ဖျားမှာ ပြောနေကြတဲ့ အကြောင်းဖြစ်လာတယ်။ အဲ့ဒါနဲ့ မရှေးမနှောင်းမှာပဲ မြန်မာ့ဆက်သွယ်ရေးက အဲ့ဒီကိစ္စဟာ နည်းပညာအရရော ဥပဒေအရပါ မဖြစ်နိုင်ဘူးလို့ ဆိုလိုက်တော့ လူတွေရဲ့ မျှော်လင့်ချက်က မှေးမှိန်သလိုဖြစ်သွားပေမယ့် ဖြစ်ခဲ့ရင်ကောင်းမယ်ကွာဆိုတဲ့ အတွေးကတော့ လူတိုင်းမှာ ရှိနေတုန်း။

နောက်တစ်ရက်ကျပြန်တော့ ရွှေပြည်တံခွန်က ဒီကိစ္စကို မဖြစ်ဖြစ်အောင်လုပ်သွားမယ်ဆိုပြီး Traders Hotel မှာ သတင်းစာရှင်းလင်းပွဲထပ်လုပ်တော့ ပွဲကြီးပွဲကောင်းတော့ စပြီလို့ တွေးမိတယ်။

မဖြစ်နိုင်ပါဘူး ပြောတဲ့လူနဲ့ ဖြစ်အောင် လုပ်မယ်ဆိုတဲ့သူ ဘယ်သူနိုင်မလဲ စိုင်းစိုင်းစိတ်ဝင်စားပါတယ်။ အဲ့ဒီမှာ ရွှေပြည်တံခွန်က ထုတ်ပြန်သွားတဲ့ သတင်းကို စိုင်းစိုင်းတော့ တော်တော့်ကို သဘောကျလို့ သိမ်းထားတယ်။ အမှတ်စဉ် ၂ မှာပြောသွားတဲ့အချက်ကို သဘောကျလွန်းလို့ဗျာ။ မြန်မာ့ဆက်သွယ်ရေးက လူကြီးမင်းများက တည်ဆဲဥပဒေအရ မဖြစ်နိုင်ဘူးဆိုပြီး ငြင်းထားတဲ့အချက်ကို သူက ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပြန်ကိုးကားပြီး နှက်လိုက်တာ မြန်မာ့ဆက်သွယ်ရေးမှ လူကြီးမင်းများမှာ မဟာအရှက်တော် ဗြန်းဗြန်းကွဲတော်မူတာပေါ့ဗျာ။ တိုင်းပြည်မှာ အရေးပါ အရာရောက်တဲ့ ရာထူးတွေကို ရယူထားပြီးကာမှ အသုံးမဝင်တော့တဲ့ ဥပဒေကို ပြင်ဖို့မကြိုးစားဘဲ မဖြစ်နိုင်ဘူးလို့ ဖင်ပိတ်ငြင်းတော်မူတာကိုးနော့။

အဲ့ဒီသတင်းထွက်ပြီး နောက်နေ့တွေလဲကျရော စိုင်းစိုင်းသိရသလောက်ကတော့ မြန်မာ့ဆက်သွယ်ရေးမှ လူကြီးမင်းများ ပျားတုပ်တယ်ဆိုပါကောလား။ ညလုံးပေါက် အစည်းအဝေးထိုင်ကြတယ်ဆိုပဲ။ ဘာတွေ ဆွေးနွေးတယ် အတိအကျ မသိရပေမယ့် ရွှေပြည်တံခွန်အတွက်တော့ သတင်းကောင်းဟုတ်ဟန်မတူဘူး။

ထင်တဲ့အတိုင်းပါပဲလေ ဖေဖော်ဝါရီလ ၅ ရက်နေ့ထုတ် Street View ဂျာနယ်ထဲမှာ မြန်မာ့ဆက်သွယ်ရေးက ဆက်သွယ်ရေးဥပဒေကို ပြန်ပြင်ပြီး ရေးဆွဲနေပါတယ်တဲ့။ အဲ့ဒါရေးဆွဲအပြီးမှာတော့ Second Mobile Operator အနေနဲ့ ဆောင်ရွက်ဖို့ လျှောက်ထားတဲ့ ကုမ္မဏီတွေထဲက ရွှေပြည်တံခွန်ထက် ငွေကြေးအရင်းအနှီးခိုင်မာပြီး Sim Card အလကား ပေးဖို့ လုပ်ထားတဲ့ နိုင်ငံခြားကုမ္မဏီသုံးခုကို လုပ်ကိုင်ခွင့်ပြုသွားမယ်လို့ ဆိုထားပါရောလား။

စိုင်းစိုင်းအနေနဲ့ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလားကို မသိတော့ဘူးလို့ပဲ ဆိုလိုက်ချင်တယ်။ အဲ့ဒီဆက်သွယ်ရေး ဥပဒေက ဘယ်တော့မှ ရေးလို့ ပြီးမှာလဲ ဘယ်သူမှ မသိဘူးလေ။ ဘယ်ပညာရှင်တွေဆီက အကြံဥာဏ်ကိုယူပြီး ဥပဒေကို ရေးဆွဲမှာလဲ။

နည်းပညာပိုင်းတင်မကတော့ဘူးလေ ခုဒီအပိုင်းက။ စီးပွားရေး ပညာရှင်တွေဆီက အကြံဥာဏ်ကိုလဲ ယူရမှာပဲ။ အဲ့ဒါတွေကိုလဲ ရှင်းရှင်းလင်းလင်း မသိရပါလား။ ရင်လေးပါတယ်။ လေးတာမှ ပိဿာချိန် တစ်ရာလောက် ရှိတဲ့ ကျောက်ခဲကို ရင်မှာဆွဲထားသလိုကို လေးတာပါခင်ဗျ။ လွန်တယ် မထင်ကြပါနဲ့နော်။ ပွင့်လင်းမြင်သာမှု ရှိမှ ပြည်သူတွေအတွက် တကယ် လုပ်မလုပ် သိရမယ့်ကိစ္စကို အဲ့လို မူလကျီလုပ်ပြီး နေနေလို့ကတော့ ဆက်သွယ်ရေးက ပြည်သူ့မေတ္တာကို ဆက်လက်ပြီး ခံယူနေရမှာ အသေအချာပါ။

Sim Card အလကားသာ ရမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ။ သို့သော်လည်း အချိန် တိတိကျကျလေးသိရရင်တော့ ပိုကောင်းမှာပေါ့လေ။ ရွှေပြည်တံခွန်က ပြောသွားတဲ့ စကားလေးတစ်ခွန်းကိုတော့ သဘောကျလို့ မဆုံးပါ။ ပြည်သူတွေကို ၅၀၀၀ တန်ဖုန်းကိုင်စေချင်တဲ့ စေတနာဟာ မြန်မာ့ဆက်သွယ်ရေးရဲ့ ပြည်သူတွေအပေါ် ထားတဲ့ စေတနာအပေါ်မူတည်ပါတယ်တဲ့။ စေတနာ ထားမယ့်နေ့ကို စောင့်မျှော်ရင်း……..။

3 comments:

ဘိုဖြူ said...

တစ်နေ့နေ့ပေါ့ဗျာ

mstint said...

ဇက်တူးရေ တစ်နေ့တော့ဆန္ဒလေးတွေပြည့်လာမှာပေါ့နော်။
ပို့စ်ဟောင်းလေးတွေမွှေနောက်ဖတ်သွားပါတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Z@! said...

အဲ့ဒီနေ့ရောက်ရင်တော့လား သူညားတွေလို ဂွီဂွီဂွမ်ဂွမ်နဲ့ အပြတ် လန်းပစ်လိုက်ဦးမယ်။ ဟမ်းဟမ်း မောင်စိုင်း အားတင်းထားပါတယ်ဂျ။
တီတင့်နဲ့ ဘိုဖြူတို့ကို ကျေးဇူးတင်ပါတယ်။

ခင်မင်တဲ့
Z@!