ပြီးခဲ့တဲ့ တနင်္ဂနွေက စိုင်းစိုင်းသူငယ်ချင်းရဲ့ မွေးနေ့။ မွေးနေ့မှန်းလဲ မသိတော့ ဒီလိုပဲ အိမ်မှာ အေးဆေး နေနေတာ။ သူငယ်ချင်းတွေက ကန်တော်ကြီးထဲမှာ စုံနေပြီ။ ကိုယ်တစ်ယောက်ပဲ ကျန်နေတာ။ သူကဖုန်းဆက် ခေါ်တော့မှ အိမ်ကနေ ချက်ချင်း ကားငှားပြီး လိုက်ရပါတယ်။ ( သူငယ်ချင်းကို ချစ်တာ မွေးနေ့တောင် မမှတ်မိဘူး .. ဟီး သူတစ်ယောက်တည်းမှ မဟုတ်ပါဘူး ဘယ်သူငယ်ချင်းမွေးနေ့ကိုမှ စိုင်းစိုင်းမမှတ်မိဘူး )
ကန်တော်ကြီးထဲမှာ
နေ့လည်စာစား ကိတ်မုန့်ခွဲ။ စိုင်းစိုင်းတို့ ထိုင်တဲ့ စားပွဲဝိုင်းက ကန်ဘောင်ဘေးမှာ။
လေလေးက အေးနဲ့ဆိုတော့ စကားပြောလို့ကောင်း ထိုင်လို့ကောင်း ရှုခင်းလဲကောင်းတာပေါ့။တနင်္ဂနွေဆိုတော့
ကန်တော်ကြီးထဲမှာ လူစည်ပါတယ် အထူးသဖြင့် အတွဲတွေပေါ့။ အတွဲတစ်တွဲ အကြင်နာတွေ သိပ်ပိုကဲပြနေလို့
စိုင်းစိုင်းတို့ သူငယ်ချင်းတစ်သိုက် ဝိုင်းအားပေးကြတာ အဲ့ဒီအတွဲခမျာ ကြာကြာမကဲနိုင်ဘဲ
ထပြေးရပါတယ်။ ဘယ့်နှယ် လူမြင်ကွင်းကြီးမှာဗျာ ယိုသူမရှက် မြင်သူရှက်ရပါတယ်။
ထားပါတော့လေ။
ပြောချင်တဲ့အကြောင်းကနေ လမ်းလွဲသွားတော့မယ်။ စိုင်းစိုင်းတို့ စားသောက်ပြီး ခဏနေတော့
နောက်သူငယ်ချင်းတစ်ယောက်က စိုင်းစိုင်း ဒီနေ့ အချိန်ရတယ်မဟုတ်လား တဲ့။ တနင်္ဂနွေနေ့ ပဲလေ.
သိပ်အားတာပေါ့ ဆိုတော့။ ငါတို့ သုခရိပ်မြုံကို သွားမလို့ လိုက်ခဲ့ ဆိုတော့ အိုကေ လို့
သဘောတူ လိုက်တယ်။
သုခရိပ်မြုံဆိုတာ
စိုင်းစိုင်းသိသလောက်ကတော့ မိဘမဲ့ ကလေးငယ်တွေကို စောင့်ရှောက်ပေးနေတဲ့ ဂေဟာတစ်ခု။ ရိုးရိုးသာမန်
မိဘမဲ့ကလေးတွေမဟုတ်ဘဲ HIV ပိုး ကူးစက်ခံထားရတဲ့ မိဘမဲ့ကလေးငယ် စောင့်ရှောက်ရေးဂေဟာ။
ကြားဖူးနေတာကတော့ တော်တော်ကြာပြီ ဘယ်နေရာမှာ ရှိမှန်း မသိတာကြောင့် တစ်ခါမှ သွားဖို့အကြောင်း
မဖန်ခဲ့ဘူး။
နေ့လည်
၂ နာရီလောက်မှာ စိုင်းစိုင်းတို့ သူငယ်ချင်း ၄ ယောက်နဲ့ တခြား မိတ်ဆွေ ၃ ယောက် စုစုပေါင်း
၇ ယောက် သုခရိပ်မြုံရှိရာ ဒဂုံအရှေ့ပိုင်းဘက်ကို ကားတစ်စီးနဲ့ ထွက်လာခဲ့ကြပါတယ်။ ကားသမားကလဲ
တစ်ခါမှ မရောက်ဖူးတော့ လမ်းကိုမေးစမ်းပြီးသွားရပါသေးတယ်။ သို့သော် သုခရိပ်မြုံကိုတော့
အဲ့ဒီဘက်ကလူတွေ အားလုံးကသိတဲ့ပုံပဲ။ လိုလိုလားလားပဲ လမ်းညွှန်ပေးကြပါတယ်။
၁
နာရီ သာသာလောက် ကားစီးအပြီးမှာတော့ ကျွန်တော်တို့ သုခရိပ်မြုံ ကို ရောက်ခဲ့ပါတယ်။ ကလေးသူငယ်တွေရဲ့
အခွင့်အရေးကို ငဲ့ညှာသောအားဖြင့် ဓါတ်ပုံမရိုက်ဖို့အတွက် မေတ္တာရပ်ခံထားတဲ့ စာကို တွေ့တာကြောင့်
ဓါတ်ပုံတော့ မရိုက်ခဲ့ရပါဘူး။ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်မှာ ကလေးတွေကို စာသင်ပေးနေတာကို
တွေ့ရတယ်။ စာလိုက်လုပ်နေတဲ့ ကလေးတွေက ကျွန်တော်တို့တွေက တစ်ချက် တစ်ချက် ခိုးခိုးကြည့်တယ်။
ကလေးလေးတွေကို
အဆောင်လေးတွေ ခွဲပြီး ထားထားတာကို တွေ့ရတယ်။ ၅ နှစ်အောက် ကလေးတွေကို တစ်ဆောင်၊ နောက်
၅ နှစ်နဲ့ ၁၀ နှစ်ကြားကို တစ်ဆောင် အဲ့ဒီအထက်ကို တစ်ဆောင် အဲ့ဒီလို ထားထားတယ်။
သူတို့
မျက်လုံးတွေက လုံးဝကို အဖြူသက်သက်။ ဘာအစွန်းအထင်းမှ မရှိ။ တကယ့်ကို အဖြူသက်သက်တွေ။
သို့သော်လည်း သူတို့မှာ ရွေးချယ်ခွင့် မရှိခဲ့တဲ့အခါကျတော့ သူတို့ မိဘတွေဆီက ဒီရောဂါပိုးကို
လက်ဆင့်ကမ်း သယ်ဆောင် ထားနေရတယ်။ ဒါပမယ့် သူတို့တွေက လုံးဝ အဖြူထည်လေးတွေဆိုတာ သူတို့
မျက်လုံးတွေမှာ အထင်းသား ပေါ်နေတယ်။
သုခရိပ်မြုံလို
နားခိုစရာ နေရာ မရှိရင် သူတို့လေးတွေ ဘယ်လို နေကြမလဲ မတွေးဝံ့စရာပဲ။ သာမန် မိဘမဲ့ကလေးတစ်ယောက်အတွက်
နားခိုစရာက သူ့ဆွေမျိုးနီးစပ်ရာ တစ်ခုခု ဖြစ်နိုင်သေးပေမယ့် ဒီလို ကလေးလေးတွေကိုကျတော့
ဘယ်ဆွေမျိုး ကမှ ဒုက္ခခံပြီး မကျွေးမွေးချင်ကြဘူးလေ။ တခြား မိဘမဲ့ စောင့်ရှောက်ရေးတွေမှာ
ထားပြန်ရင်လဲ မလွယ်ဘူးပဲ။
သူတို့တွေကို
ကြည့်ပြီးတော့ အဲ့ဒီက ဆရာမလေး ပြောတာကို ကျွန်တော် ကြားတစ်ချက် မကြား တစ်ချက်ပဲ။ ကလေး
၅၆ ယောက်ကို ARV ဆေးနဲ့ ခုခံအား ကျမသွားအောင် ထိန်းထားပေးတယ်ဆိုတာပဲ မှတ်မိတယ်။ တစ်နေ့တာအတွက်
ကုန်ကျစရိတ်ကို ၇၀၀၀၀ လို့ ဝှိုက်ဘုတ်မှာရေးထားတာတွေ့တယ်။ သုခရိပ်မြုံမှာ တာဝန်ထမ်းဆောင်နေတဲ့
ဝန်ထမ်းတွေကိုလဲ တကယ့်ကို လေးစားပါမိတယ်။ တော်ရုံစိတ်နဲ့ ဒီလိုကလေးငယ်တွေကို
ပြုစုစောင့်ရှောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ကျွေးချိန်တန်ကျွေးရတယ်၊ ဆေးချိန်ဆို
ဆေး တိုက်ရတယ်၊ အနာတွေကို ဆေးထည့်ပေးရတယ်။ ကလေးထိန်းရတယ်။ တကယ် မလွယ်တာပဲ။
ကျွန်တော်တို့ပြန်ခါနီးမှာ
ခပ်သွက်သွက်ပုစိညှောက်တောက် လေးတစ်ယောက် (မိန်းကလေး) က တာ့တာလို့ နှုတ်ဆက်တယ်။ နှစ်နှစ်
သုံးနှစ် လောက်ပဲ ရှိဦးမယ်။သူက သူ့ကိုယ်သူ ဝိုင်းစုခိုင်သိန်းတဲ့။
အဲ့ဒီကနေ
အပြန်မှာ ခေါင်းထဲမှာ အတွေးတွေ တန်းစီပြီး ဝင်လာပါတယ်။ ကလေးတွေကတော့ ရွေးချယ်ပိုင်ခွင့်
မရှိခဲ့လို့ ဒီရောဂါပိုးနဲ့ လူ့ဘဝထဲမှာ ကျန်နေခဲ့ကြပြီ။
သူတို့ရဲ့ မိဘတွေတုန်းကတော့ ရွေးချယ်ခွင့်တွေ ရှိခဲ့ကြမှာပါ။ ဒါပေမယ့် တစ်ဘက်က ပြန်တွေးကြည့်
မိတဲ့အခါ ဒီကလေးတွေတောင် ရလာပြီးမှဆိုတော့ ရွေးချယ်ခွင့်ဆိုတာကို ယုံကြည်မှုဆိုတဲ့ အရာက
ကာဆီးထားလို့လား ဒါမှ မဟုတ် ကျန်းမာရေးဗဟုသုတ နည်းလို့လား လို့ပြန်တွေးမိပြန်တယ်။ လင်မယားချင်း
ဆိုရင် ဘယ်သူက ရွေးချယ်ခွင့်ဆိုတာကို တွေးမိမှာလဲ။
နေ့လည်က
ကန်ပေါ်ပေါ်မှာ ကဲနေတဲ့ အတွဲကိုလဲ မဆီမဆိုင် ပြေးမြင်မိတယ်။ ဘုရား ဘုရား မလွယ်ကြောပါလားနော်။
မိန်းခလေးတွေ ဟင့်အင်းနော် ဆိုတာကို ကောင်းကောင်း ဆောင်ထားဖို့တော့ လိုလိမ့်မယ်။
အဲ့ဒီလိုနဲ့
ဟိုလိုလျှောက်တွေး ဒီလိုလျှောက်တွေး တွေးကြည့်မိတာ တရားခံ မဟုတ်သည့်တိုင် တာဝန်အရှိဆုံးလူဟာ
ဖခင်ဖြစ်သူ ဖြစ်ဖို့ ရာခိုင်နှုန်းအများဆုံးလို့ပဲထင်မိတယ်ဗျာ။ အသွားမတော် တစ်လှမ်းတဲ့
အဲ့ဒီတစ်လှမ်းက ကိုယ့်ဘဝတင်မကဘူး မိသားစုဘဝပါ ပျက်စေနိုင်တယ်ဆိုတာ သတိမှ ထားမိကြပါလေစ။
အဲ့ဒါကြောင့် ကိုသက်တန့်ပြောသလို ဘယ်သွားသွား အဖော်ဆောင်ထားမှ တော်ကာကျမယ်။
သုခရိပ်မြုံကို
ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းချင်တယ်ဆိုရင် လိပ်စာကတော့ အမှတ် (၉၇၉၊ ၉၈၂)၊ တပင်ရွှေထီးလမ်း၊
(၁၁) ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ပါ။ ဖုန်းနံပါတ်ကတော့ ၀၁-၅၈၁၉၅၅ ပါခင်ဗျ။
(စကားချပ်။ ။ ကလေးတွေအပြင် မသန်စွမ်းတော့တဲ့ မမာတော့တဲ့ သက်ကြီးရွယ်အိုတွေကိုလဲ
စောင့်ရှောက်ထားပါတယ်တဲ့။)
အငြိမ် မနေနိုင်တဲ့ စိုင်းစိုင်း
2 comments:
လက်ခုပ်က နှစ်ဖက်တီးမှ မြည်တယ်ဆိုပေမဲ့
ဒီကောင်ကြတော့ တစ်ဖက်တည်းနဲ့ အသံမြည်တယ်..
ဘာပဲဖြစ်ဖြစ် ဦးလေးပြောတာ ဆောင်ထားတာ အကောင်းဆုံးပါပဲ..
ဦလေးလည်း အငြိမ်မနေဘူးဆိုတော့ ဆောင်ထား :D
သတ္တ၀ါတွေ အနာရောဂါ ကင်းရှင်းကြပါစေ
ဘာပဲပြောပြော အသိနဲ့သတိ ရှိကြပါဆိုတာကလွဲရင်
ကျန်တာတော့မပြောတတ်တော့ပါဘူး
Post a Comment