Ads 468x60px

26 February 2012

Breaking up is EASY ????



အဆက်ဖြတ်ရတာက လွယ်မလိုနဲ့ ခက်တယ်ကွာ ဟု အစမရှိ အဆုံးမရှိ ပြောလာသော ကျွန်တော့် သူငယ်ချင်းကို ကျွန်တော် မျက်လုံးပြူးသွားမိသည်။ ဘယ်လိုဖြစ်တာလဲ ဆိုင်းမဆင့် ဗုံမဆင့် . ။ ကျွန်တော် အူကြောင်ကြောင်နှင့် သူ့ကို ကြည့်နေတာ သိတော့ သကောင့်သားက မချိပြုံး ပြုံးလေသည်။ 

သူ့မှာ ရည်းစားရှိတာ သိသော်လည်း ကျွန်တော်တို့နှင့် တစ်ခါမှ မိတ်ဆက်မပေးဖူးပါ။ သူတို့ ဖြစ်နေတာ ကြာပြီဆိုသော်လည်း သူ့ရည်းစားကို တွေ့လည်း မတွေ့ဖူး။  နှစ်တွေတောင် ကြာလာပြီပဲ  ချစ်သူတွေကိုတော့ မကွဲစေချင်ပါ။  ထို့ကြောင့် ပြောမိသည်။

မင်းက ဘာလို့ ဖြတ်မှာလဲ. ညှိလို့ရအောင် ညှိကြပါဦးကွာ။ မညှိကြတော့ဘူးလား။
ထိုသို့ဆိုတော့ သူငယ်ချင်းက ဟေ့အေး။ ညှိစရာမလိုတော့ဘူးကွာ. ငါ စိတ်ပိုင်းဖြတ်ပြီးပြီ။ ငါတို့က ဘယ်လိုမှ ရှေ့ဆက်သွားလို့ မဖြစ်တော့ဘူး။ သူနဲ့ငါက ကြာလေ မဖြစ်နိုင်ဘူးဆိုတာ သိလာလေပဲ သူငယ်ချင်း။ 


မင်းနဲ့ သူနဲ့ ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ လို့ ကျွန်တော်မေးတော့
ဘယ်လိုပြောရမလဲ မသိဘူးကွာ. သူနဲ့ ငါက ဖြစ်နေတာ သုံးနှစ်လောက်တော့ရှိပြီ။ ကြားထဲမှာ ဖြစ်လိုက် ပြတ်လိုက် နဲ့ ဆိုတော့ ဘယ်လိုပြောရမလဲမသိဘူး။ ဒါပေမယ့် သူနဲ့ငါက သန့်သန့်ရှင်းရှင်းပါပဲ။ ဘာမှပြဿနာကြီးကြီး ဖြစ်ဖူးတာမျိုးတော့ မရှိဘူး။ ဒါပေမယ့် ကြာလာလေ သူနဲ့ငါက မဖြစ်နိုင်ဘူးဆိုတာ ငါသိလာလေပဲ။ အဲ့ဒါကြောင့် ငါ ဖြတ်ဖို့ စဉ်းစားတာ။ ဒါပေမယ့် ဘာအပြစ်မှလည်း မရှိဘူးဆိုတော့ အဲ့ဒီစကားက လွယ်လွယ်နဲ့ ထွက်မလာဘူးလေ။ 

အင်း ဒါလဲ ဟုတ်တာပဲလေ ဟု ကျွန်တော် တွေးမိသည်။ အပြစ်မရှိသူတစ်ယောက်ကို ဘာ အကြောင်း ပြချက်နဲ့ ဖြတ်ရမှာလဲ။ ဒါ        တော်တော်ခက်ပါသည်။ ကြားထဲမှာလဲ           ဖြတ်လိုက် ဆက်လိုက်နှင့်ဆိုတော့ သူတို့ ဆက်ဆံရေးက အကောင်းချည်းသက်သက်ဟုလည်း ပြောရန် ခက်နေပါသည်။ ဒါပေမယ့် လင်နဲ့မယား ဆိုတာတောင် ကတောက်ကဆဖြစ်တတ်သေးတာပဲလေ။ ရည်းစား ဘဝမှာ ခဏတာ စိတ်ဆိုး စိတ်ကောက်ပြီး ခဏတာမျှ အဆက်အသွယ်   ပြတ်သွားတာမျိုးပဲ ဖြစ်ပါလိမ့်မည်။

မင်း သေချာပြန်စဉ်းစားပါဦးကွာ ဟု ကျွန်တော် ပြောတော့ ကျွန်တော့်သူငယ်ချင်းက.
ဟေ့အေး စဉ်းစားစရာ မလိုတော့ဘူး.. ငါပြောပြီးသွားပြီ . . တဲ့။ ကောင်းရောဗျာ။ 

ဟေ့ကောင် မင်းဟာက ဘယ်လိုကြီးတုန်း။ ပြောရခက်တယ်လဲ ဆိုသေးရဲ့ ပြောလဲ ပြောပြီးသွားပြီ။ ဘာလဲဟ။ ငါတို့ကို အာရုံနောက်အောင်တော့ မလုပ်ပါနဲ့ကွာ ဟု ကျွန်တော် ပြန်ပြောမိသည်။

နောက်တခြားသူငယ်ချင်းတစ်ယောက်ကသိချင်ဇောဖြင့်. 
မင်းက    ဖြတ်ရခက်တယ် လဲပြောသေးတယ် ခုကျ ဖြတ်ပြီးသွားပြီတဲ့။ မင်းဟာက ဘယ်လိုတုန်း။ ဘယ်လိုဖြတ်လိုက်တာတုန်း                                ရှင်းအောင် ပြောပါဦး ဟု ဆိုတော့ သကောင့်သားက

မနေ့က သူနဲ့ငါ ဖုန်းပြောဖြစ်တယ်ကွာ။ သူကလဲ အလုပ်ရှုပ်နေတာ တော်တော်ကြာပြီ။ ငါကလဲ ငါ့အလုပ်နဲ့ ငါ မအားဆိုတော့ ဖုန်းမပြောဖြစ်တာ တော်တော်ကြာနေပြီ။ အဲ့မှာ ပြောရင်းပြောရင်းနဲ့ သူက နင်ငါ့ကို ဖုန်းမဆက်တာ တော်တော်ကြာနေပြီနော် လို့ပြောတယ်။ ငါကလဲ အေး ဟုတ်တယ်ပေါ့။ နင်အားတဲ့ အချိန်နဲ့ ငါအားတဲ့ အချိန်က မတူဖြစ်နေတော့ ငါလဲ မဆက်ဖြစ်ဘူးလို့ပဲဖြေလိုက်တယ်။ အဲ့ဒီမှာ သူက ဘာလဲ နင် သံသယတွေ ဝင်နေတုန်းပဲလား လို့ ငါ့ကိုမေးတာ. ငါ့ပါးစပ်ကနေ.. သံသယဝင်စရာမရှိပါဘူး.. သံသယ ဝင်စရာ အခြေအနေမှ မရှိတာ။ ဆုံးဖြတ်ထားတဲ့ အခြေအနေပဲ ရှိတယ်လို့ ပြောလိုက်မိတယ်။ အဲ့ဒီမှာ သူဘက် က ခဏ တိတ်သွားတယ်။ ပြီးတော့ ဒါဆို နင်ဖုန်းမဆက်တာ နင့်ဆုံးဖြတ်ချက်အတိုင်းပဲပေါ့ဆိုပြီးပြောလာတယ် နောက် နင့်ဆုံးဖြတ်ချက်က ဘာတွေလဲ ဆိုပြီးမေးတယ်ကွာ.. အဲ့ဒီမှာအဲ့ဒီစကားက ဘယ်လိုထွက်သွားမှန်းကို မသိလိုက်ဘူး .. ငါတို့နှစ်ယောက် ဒီလောက်နဲ့ပဲ ရပ်သင့်ပြီထင်တယ်လို့ဆိုတော့ သူ့ဘက်က ချက်ချင်း ဖုန်းချသွားတာပဲ။

ဟမ်.. အဲ့ဒါက ပြောဖို့ခက်တယ်လို့ပြောလို့ ရလို့လား။ ဒီလောက်ထိ လွယ်နေတာကွာလို့ ကျွန်တော် ပြောတော့ သူငယ်ချင်းက

ဟေ့ကောင် မင်းမကြုံဖူးသေးလို့ပါ။ ငါ သူ့ကို ဘယ်လိုပြောရမလဲဆိုတာ အကြိမ်ကြိမ် စဉ်းစားတယ်။ ဒါပေမယ့် တကယ်တမ်းပြောဖြစ်တဲ့အခါကျတော့ ပြောဖို့ စီထားတဲ့ စကားလုံးတွေနဲ့ ပြောဖြစ်တဲ့ စကားတွေက တခြားစီဖြစ်နေတာ။

ဖြစ်နိုင်ပါသည်။ ကျွန်တော်တို့တတွေက သူများ၏ အချစ်ကို ရဖို့ ကြိုးစားချိန်မှာတော့ စကားလုံး လှလှပပတွေ သုံးကောင်း သုံးနိုင်ကြပါလိမ့်မယ်။ သို့သော် အဆက်ဖြတ်မည့်အချိန်တွင်တော့ ထွက်လာမည့် စကားလုံးများသည် လှလှပပ မဖြစ်နိုင်တော့ပါ။ အနူးညံ့ဆုံး စကားမျိုး ရှာသုံးလျှင်တောင် တစ်ဖက်လူ ခံစားရမှာ ဆိုတာကတော့ အသေအချာပင်။ ( ဘယ် ယောက်ျား မိန်းမ မဆို အတူတူပင်ဖြစ်ပါလိမ့်မည်။ ) ကျွန်တော် တွေးမိသည့် အနူးညံ့ဆုံးဆိုသည့် စကားလုံးကတော့ ငါတို့တွေ လမ်းခွဲကြရအောင် ဖြစ်ပါသည်။ ကျွန်တော့် သူငယ်ချင်းပြောခဲ့သည့် စကားမှာ ထိုစကားလုံး မဟုတ်သည့်တိုင် ထိုအဓိပ္ပါယ်သက်ရောက်ပါသည်။ သို့သော်လည်း တစ်ဘက်သူမှာ ခံစားရမှာကတော့ အမှန်ပါ။

ကျွန်တော့်သူငယ်ချင်းကရော.. ဘယ်လိုလဲ မခံစားရဘူးလား ကျွန်တော်သိချင်ပါသည်။ ထိုအမေး အတွက် သူ့အဖြေက 

အေး သူ့ကို စဖြတ်ဖို့ စဉ်းစားတဲ့ လွန်ခဲ့တဲ့ နှစ်လကတည်းက ခံစားခဲ့ပြီးပြီပဲ။ အခုတော့ မခံစားရဘူးလို့ တော့ မဟုတ်ဘူးပေါ့ကွာ။ ဒါပေမယ့် ငါ့ပေါ်မှာ ပိုးထားတဲ့ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ကျသွားသလို ပိုခံစားရတယ်

အင်း သူ့အဖြေနှင့်သူတော့ ဟုတ်နေပါပြီ။ သူလွှတ်ချခဲ့သည့် ဝန်ထုပ်ဝန်ပိုးဆိုသည့်အရာသည် တစ်ဘက်သားအပေါ်မှာ ရောက်မသွားနိုင်ဘူးလား။ ထိုစကားအတွက် သူ့အဖြေကလဲ

အင်း.. ခဏတော့ ဖြစ်ကောင်းဖြစ်မှာပေါ့လေ. သူက ငါ့ထက်တောင် အသည်းမာသေးတာပဲတဲ့။ သူက ငါ့ထက်တောင် လက်တွေ့ကျသေးတာ။ အရင်တုန်းက ပြတ်ခဲ့တုန်းကလဲ သူက ပြုံးပြုံးပျော်ပျော်ပဲ။ သူကတောင် ပိုပျော်နေမလားပဲ။
ဖြစ်နိုင်ပါ့မလား။ ကျွန်တော် သိပ်မတွေးတတ်ပါ။ အသည်းမာသောသူများ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် ဒီလောက် လွယ်လွယ်နဲ့ ပြီးပါ့မလား။ 

မင်းသူ့ကိုရော တကယ်ချစ်ခဲ့ရဲ့လား ဟု ကျွန်တော် ထပ်မေးမိသည်။ သူကျွန်တော့်ကို တစ်ချက် လှည့်ကြည့်ပြီး ခပ်တိုးတိုးပြောသည်။

မချစ်ခဲ့ဘဲနဲ့တော့ ငါသူ့အချစ်ကို ရအောင် ကြိုးစားခဲ့မှာ မဟုတ်ဘူး သူငယ်ချင်း။ ဒါပေမယ့် အချစ်ဆိုတာ တစ်ခါတစ်လေကျတော့ အဲ့လောက်ကြီးလဲ မဟုတ်ပါဘူးကွာ။ ဒါပေမယ့်ကွာ သူနဲ့ ငါနဲ့က ဘယ်လိုမှ မဖြစ်နိုင်ဘူးကွ။ တော်ပြီကွာ. လောလောဆယ် ဒီအကြောင်းတွေ ငါ မပြောချင်သေးဘူး။


ဒီလိုဆိုတော့လဲ ကျွန်တော်တို့တတွေက အလိုက်သိရမည်ပေါ့။ ကျွန်တော်တို့တတွေ ဟိုပြော ဒီပြော လျှောက်ပြောနေချိန်မှာတော့ ဒီကောင် တစ်ယောက်တည်း တွေးလို့ ငေးလို့နေပါသည်။ ကျွန်တော်ကတော့ တစ်ခုပဲ စဉ်းစားမိသည်။ ကျွန်တော်ဖတ်ခဲ့ဖူးသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။ ကိုသီဟလုလင်၏ ဆိုက်မှာ တင်ထားတာကို တွေ့ခဲ့ဖူးခြင်းဖြစ်ပါသည်။ ပြန်လည်ကူးပြခြင်းဖြစ်ပါသည်။


မခံစားနိုင်လို့ . . . ကျွန်တော်တို့ဟာ နာကျင်မှုက ရှောင်ပြေးတတ်ကြတယ် . . .
မခံစားနိုင်လို့ . . . ဝမ်းနည်းမှုကနေ ထွက်သွားတတ်ကြတယ် . . .
မခံစားနိုင်လို့ . . . မြတ်နိုးတဲ့ တစ်စုံတရာကို ထားသွားတတ်ကြတယ် . . .
မခံစားနိုင်လို့ . . . ချစ်ရက်နဲ့ မုန်းချင်ယောင် ဆောင်ခဲ့ကြတယ် . . .
မခံစားနိုင်လို့ . . . တစ်ယောက်နဲ့ တစ်ယောက် ဝေးခဲ့ကြတယ် . . .

အဆုံးသတ်ကျတော့ . . .  မခံစားနိုင်လို့ . . . လို့ ပြောကြပေမယ့် . . .
တကယ်တမ်းမှာတော့ . . . ပိုခံစားနေလိုက်ရတာ ကိုယ်ဖြစ်နေတတ်တယ် . . .

အငြိမ် မနေနိုင်တဲ့ စိုင်းစိုင်း

2 comments:

မဒမ်ကိုး said...

အင်းးးးးဘယ်လိုပဲဖြစ်ဖြစ်တော့ မဆော့ကစားဖို့ဘဲလိုပါတယ်
ရင်နဲ့ရင်းရင်တော့ ဘယ်နှလုံးသားမဆို နာကျင်ကြရမှာပါ

Z@! said...

ဟုတ်ပါတယ် အမရေ..

ဒါနဲ့ စကားမစပ် အမနဲ့ ကိုရင်တို့ကိုတော့ အားကျတယ်ဂျ
နောက် တခြားတခြားသော လိုက်ဖက်ညီသော ကြင်နာယုယကြသော အတွဲတွေကိုလဲ အားကျသဗျ :P