Ads 468x60px

31 March 2012

အမှတ်တရအချိန်များ ၂

ပထမ တစ်ပိုင်းရဲ့အဆက်ပါ.. စာနည်းနည်းရေးပျင်းနေတဲ့အတွက်ကြောင့် ပုံတွေပဲ တင်ဖြစ်လိုက်ပါတယ်.. အဟီး

ဒီအတွဲက စိုင်းစိုင်းတို့သူငယ်ချင်းအတွဲ.. သူတို့တောင် မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်တော့မှာ.. သူတို့နှစ်ယောက်ရယ်.. စိုင်းစိုင်းရယ် နောက် သူငယ်ချင်းတစ်ယောက်ရယ် စုစုပေါင်းလေးယောက် ဆိုင်ကယ်နှစ်စီးနဲ့ ကျောက်ဆည်ကို ဆိုင်ကယ်စီးပြီး သွားခဲ့ကြတာ.. မနက် ၈ နာရီလောက်မှာပေါ့


 
ဒါက သူငယ်ချင်းသုံးယောက် ကျောင်းရှေ့မှာ အမှတ်တရ.. ရှူးဖိနပ်နဲ့ ပုဆိုးနဲ့ဆိုတော့ သူကြီးသားစတိုင်ဖမ်းတယ် ထင်မနေနဲ့ဦးနော့ .. ကျောင်းထဲကို ပုဆိုးနဲ့ပဲ ဝင်ရမှာဆိုတော့ ဘောင်းဘီပေါ်က ပုဆိုးထပ်သွားလိုက်တာ အဲ့ဒီပုံဖြစ်သွားတယ်။

 ဒါက ရှေ့သွားနောက်လိုက် သိပ်ညီတဲ့ သူငယ်ချင်းအတွဲပေါ့.. မန္တလေးရောက်တိုင်း ဒုက္ခပေးနေကျ.. စိုင်းစိုင်းရဲ့ အနွံတာ အခံရဆုံးသူတွေပေါ့ဗျာ.. ဟီး

ကျောင်းကြီးကို အပေါ်စီးကနေ တစ်ချက် အလွမ်းပြေ ရိုက်လိုက်သေးတယ်. အော် ကျောင်းကြီး ကျောင်းကြီး


ဒါက ကျောင်းနားလေးက စားနေကျထမင်းဆိုင် တော့ပ်ကန်းထရီးမှာ ထမင်းသွားစားတော့ ဆိုင်ရှင်က ကျောင်းသားဟောင်းတွေမို့ ဖရီး မေတ္တာနဲ့ တိုက်လိုက်တဲ့ ကြံရည်.. တစ်ယောက်တစ်ခွက်.. ရှယ်ပဲ.. ဟဲဟဲ


  

ဒါက ဇော်ဂျီမြစ်ကမ်းနဘေးက ထိုင်နေကျနေရာ.. ညနေတိုင်းလိုလိုပဲ သူငယ်ချင်းတွေ စု ထိုင်ဖြစ်တဲ့နေရာ

 

ကျောင်းကိစ္စတွေ ပြီးတော့ အင်္ကျီအပြာနဲ့ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ ဘုတ်အီးရဲ့ ရွာကိုသွားတယ်.. လမ်းမှာ နောက်သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကိုဝင်တယ် (အလယ်က ကလေးချီထားတဲ့ သူငယ်ချင်း) သူက စွမ်းတယ်ဗျ.. ကိုယ်သာ ရည်းစားမရသေးတာ သူက ကလေးတောင် နှစ်ယောက်ရနေပြီ.. မိုက်တယ်ကွာ.. အားကျလိုက်ထှာ.. 



ဘုတ်အီးတို့ ရွာကို အဝင် ရွာထိပ်က ဇော်ဂျီမြစ်ကူးတံတားလေး.. ဆိုင်ကယ်နဲ့ မဖြတ်ရဆိုတော့ ဘုတ်အီးက လမ်းဆင်းလျှောက်နေတာ.. :)
 
  
ညနေရီတရော  အရွက်တွေ မရှိတော့တဲ့အပင်ကြီး. ဘာပင်လဲတော့မသိဘူး.. လက်ဆော့ထားတာ ဆိုင်ကယ်နောက်ကယ်ရီယာခုံပေါ်ထိုင်ပြီး အငြိမ်မနေနိုင်တာလေ.. ဟီး

  

 ဒါက ခနက ပြောတဲ့ မြစ်ကူးတံတားပေါ်ကနေ ညနေဆည်းဆာကို လှမ်းရိုက်ထားတာ.. ရေဆင်းဆော့ချင်ပေမယ့် လူကြီးတွေက မဆင်းနဲ့တဲ့.. နယ်စိမ်းက လာတဲ့သူတွေ စိတ်မချလို့ ပေးမဆင်းဘူး.. ကောင်းပါတယ် ဘေးကင်းတာပေါ့နော့


ဒါကလဲ အဲ့ဒီ မြစ်ကူးတံတားလေးပေါ်ကပဲ လှမ်းရိုက်ထားတာ..


 ဒါက ရွာထဲရောက်နေပြီ.. ငရုတ်ခင်းနောက်ခံထားပြီး နောက်က တောင်တန်းကြီးလဲ မြင်ရအောင် ဂိုက်ပေးကြမ်းထားတာ.. သူငယ်ချင်းက အားပေးပါတယ် .. ဂျပန်ဝန်ထောက်ရုပ်နဲ့တဲ့.. ဟီး

ည အိမ်ရောက်တော့ ရေမိုးချိုး.. စကားပြောနဲ့ ဗိုက်တောင်တော်တော်ဆာနေပြီ.. မှောင်လဲ မှောင်နေပြီ.. ထမင်းစားရအောင်ဆိုတော့ ဝမ်းသာအားရနဲ့ ထမင်းစားဖို့ ထွက်အလာ.. သူငယ်ချင်းကဖမ်းရိုက်လိုက်တာ.. ကွက်တိပဲ.. ဗိုက်ကလေးကို ပွတ်မိရက်သား.. အစားအဲ့သလို မက်တာပါ.. ဟီး



 ညစာကတော့ ရှယ်ပဲ.. ရန်ကုန်က ဟော်တယ်ကြီးတွေမှာ ကျွေးတဲ့ ညစာနဲ့တောင် မလဲနိုင်ဘူး.. ပဲနဲ့ကုလားပဲရွက်ဟင်းချိုချက်၊ နောက်  ဝက်သားချက်၊ ကြက်သားဟင်း၊  အစိမ်းကြော်၊ မျှစ်နဲ့ ချဉ်ပေါင်ကြော်၊ ငံပြာရည်ချက်နဲ့ သရက်သီးကင်း၊ ရှောက်ရွက်တို့စရာ၊ ငရုတ်သီးထောင်း.. အမယ်မင်း. ခုရေးရင်းနဲ့တောင် သွားရည်ပြန်ယိုလာပြီ.. စားလို့ကောင်းလိုက်တာနော်..  ပဲနဲ့ ကုလားပဲရွက်ဟင်းချိုက စိုင်းစိုင်းအကြိုက်ဆုံး ဖြစ်ခဲ့ပါရဲ့....

နောက်တစ်ပိုင်းမှာတော့ မနက်စာ ဘာကျွေးသလဲဆိုတာနဲ့ ဘယ်သွားခဲ့သေးသလဲဆိုတာ ထပ်ရေးပေးပါ့မယ်.... :)



21 March 2012

အမှတ်တရ အချိန်များ


                              ဒါက စိုင်းစိုင်းတက်ခဲ့တဲ့ ကျောင်း၊ ကျောက်ဆည် နည်းပညာတက္ကသိုလ်ပေါ့ဗျာ

 ဇော်ဂျီအထက်ဆည်ဟု စိုင်းစိုင်းတို့ ခေါ်ကြသော ဆည်တစ်နေရာ.. နွေဆိုတော့ ရေတွေ ခန်းပေါ့

တလောက စိုင်းစိုင်း မန္တလေးသို့ ကျောင်းကိစ္စနှင့်အတူ အလည်ရောက်ခဲ့သည်။ စိုင်းစိုင်းသည် ကျောက်ဆည်တွင် ခြောက်နှစ်တိတိ ကျောင်းတက်ခဲ့သည့်အတွက် မန္တလေးသည် စိုင်းစိုင်းအတွက် ကျောင်းတက်ကတည်းက အမြဲသွားနေကျ မစိမ်း။ မန္တလေးသည် စိုင်းစိုင်းအတွက် အမှတ်တရများစွာတည်ရှိရာဖြစ်သလို သူငယ်ချင်းရင်းချာများ စုစည်းရာလဲဖြစ်သည် 

ကျောင်းပြီးသွားတာ ကြာပြီဆိုသည့်တိုင် တစ်နှစ် တစ်ခေါက်လောက်တော့ အနည်းဆုံးရောက်ဖြစ်သည်။ မန္တလေး ကိုလည်း တစ်နှစ် နှစ်ခေါက်လောက်တော့ရောက်သည်။ ရောက်တိုင်းလဲ သူငယ်ချင်းတွေ ဆုံဖြစ်ကြသည်။ စိုင်းစိုင်း၏  သူငယ်ချင်းအတော်များများသည် မန္တလေးအနီးတဝိုက်မှ ဖြစ်သည့်အတွက် များသောအားဖြင့် မန္တလေးမှာပဲ ပြန်အခြေချ ကြသည်။ အချို့သော သူငယ်ချင်းများလောက်သာ နိုင်ငံခြား သို့မဟုတ် ရန်ကုန်သို့ တက်လာကြသည်။ 

ဒီအတွက် စိုင်းစိုင်းသာ မန္တလေးသို့ တက်မလာလျှင် သူငယ်ချင်းများ ဆုံကြရန် ခဲယဉ်းသည်။ ယခုတစ်ခေါက် မန္တလေးခရီးက အရင်အခေါက်တွေနှင့်မတူ။ ခရီးမစခင်မှာပင် အလွဲလေးနှင့်စသည်။ 

စိုင်းစိုင်းဖြတ်ထားသည့် ကားလက်မှတ်က ည ၉ နာရီကား။ သူငယ်ချင်းတွေကို ပလိပ်လမ်းဆုံမှာဆင်းမည်။ လမ်းဆုံ မရောက်ခင် ဖုန်းဆက်မည်။ လာကြိုဟု ဖုန်းကြိုဆက်ထားပြီးပြီ။ အောင်မင်္ဂလာ ကားဝင်းကို ၇ နာရီ မထိုးခင်မှာ ရောက်နှင့်သည်။ တစ်ယောက်တည်း အေးအေးဆေးဆေး ထိုင်စောင့်မည်ပေါ့။ ၇ နာရီကျော်တော့ စိတ်ထဲမှာ မှတ်ပုံတင် ပါမလာဘူးထင်သည်ဆိုပြီး အိတ်တွေထဲ လျှောက်နှိုက်ကြည့်တော့ ထင်သည့်အတိုင်းပါမလာ။ ဒုက္ခနှင့် လှလှတော့ တွေ့ကြပြီ။ မှတ်ပုံတင်က ရုံးမှာကျန်နေခဲ့ပြီ။ ကားတစ်စင်း ခပ်မြန်မြန်ငှားရသည်။

 ရုံးက ဆူးလေနားမှာဆိုတော့ သွားရမည့် ခရီးအတွက် အချိန်လောက်မလောက် မသေချာ၊ မတတ်နိုင် မှတ်ပုံတင်သည် အရေးကြီးသည်။ ပါမလာလျှင် ဘာဖြစ်မလဲ ကြိုပြောလို့မရ။ ကားကို အသွားအပြန် ၉၀၀၀ နှင့်ငှားပြီး ကားဝင်းကို ကိုးနာရီမထိုးခင်အရောက်မောင်းခိုင်းရသည်။ သို့သော်လည်း ရန်ကုန်မြို့၏ တိုးတက်လာသော ကားအစီးရေ နှင့် ကွန်ကရစ်လမ်းခင်းနေသော လမ်းပိုင်းများကြောင့် ကားပိတ်ချက်က ရက်စက်သည်။ ကိုးနာရီတော့ မမီ ကားဂိတ်ကိုလဲ ဖုန်းဆက်ရသေးသည်။ လာနေပြီဖြစ်ကြောင်းနှင့် အနည်းငယ်စောင့်ပေးပါရန်ပြောတော့ ဖုန်းဖြေကြားသူက ဆယ်မိနစ် စောင့်ပေးမည်ဖြစ်ကြောင်းပြောတော့မှ စိတ်အနည်းငယ်ချမ်းသာရာရသည်။ ကားပေါ်သို့ရောက်ပြီး ဆယ်မိနစ်လောက်နေမှ ကားထွက်သည်။ 

ကားပေါ်တွင် ဖွင့်ထားသည့် အဲကွန်းက အနုတ်ဒီဂရီများ ရောက်နေပြီလား ထင်မိသည်။ အဲကွန်းအေးစိမ့်နေမှ ကားကောင်းသည်ဟု ထင်ကြသလားမသိ။ တော်တန်ရုံအအေးဖွင့်ထားတော်ရောပေါ့။ အနွေးထည် မပါသော စိုင်းစိုင်း အအေးဒဏ်ကို လူးလှိမ့်နေအောင် ခံလိုက်ရသည်။ ( ရန်ကုန်မှာ တော်တော်ပူနေပြီဖြစ်သည့်အတွက် မန္တလေးမှာလဲ အအေးပေါ့လောက်ပြီထင်ပြီး အနွေးထည် မယူလာမိသော ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရတော့မှာပေါ့ ) ၁၁၅ မိုင်ဂိတ်မှာ ထမင်းစားနားပြီး ပြန်အတက်မှာ ကားဒရိုင်ဘာကို အဲကွန်းအအေးလျှော့ပေးပါရန်တောင်းပန်တော့မှ နေသာ ထိုင်သာ ရှိသည်။ 

ညနေက သူငယ်ချင်းတွေကို ပလိပ်လမ်းဆုံမှာ ဆင်းမည်ဟု ဖုန်းဆက်ထားသည်။ သို့သော် ယခုသွားမည့် ကားသည် လမ်းဟောင်းမှ မသွား လမ်းသစ်သွားမည့် ကားဖြစ်သည့်အတွက် ပုလိပ်လမ်းဆုံသာ ဆိုရသည် ဘယ်နားမှာ ဆင်းရမည်ဆိုတာ စိုင်းစိုင်းမသိ။ ကိစ္စတော့ မရှိလောက်ပါ။ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်လုံး ဖုန်းလိုင်းတွေ မိအောင် လုပ်ပေးထားသည်တဲ့။ ဖုန်းဆက်လိုက်မှာပေါ့ဟု လျှော့တွေးလိုက်သည်။ 

ဆင်းရသည့် ပလိပ်လမ်းဆုံဆိုသော နေရာသည် မန္တလေး လေယာဉ်ကွင်းအသွားလမ်းနှင့် အမြန်လမ်းမ ဆုံသော နေရာဖြစ်သည်။ အနီးအနားတွင် လူနေအိမ်တစ်လုံးမှမရှိ။ ကိစ္စမရှိ။ သူငယ်ချင်းကို ဖုန်းဆက်လိုက်ဦးမည်။ သူ့အိမ်နှင့် နီးသည်ဟု သူပြောထားသည်ပဲ။ ဖုန်းကို ထုတ်လိုက်တော့ No Network Coverage .. သေပြီဆရာ သေပြီ။ ဘယ်လို လုပ်ရမလဲ။ ဟိုဟိုသည်သည် လျှောက်ကြည့်တော့ လမ်းဆုံထောင့်မှာ ဆိုင်ကယ်နှစ်စီး သုံးစီး ရပ်ထားတာကို တွေ့ရသည်။ ဆိုင်ကယ်တက်စီထင်ပါ့။ ဘယ်သွားမလဲ ညီလေး ဟု သူမေးတော့ ကျွန်တော်ဒုတိအကြိမ်မြောက် ဒုက္ခနဲ့ ထပ်တိုးသည်။ ကျွန်တော့် သူငယ်ချင်းအိမ်က ဘယ်နားမှာလဲ ကျွန်တော်မသိ။ တခြား သူငယ်ချင်းတွေအိမ်ကို ကျွန်တော် ရောက်ဖူးသည်။ သူ့အိမ်ကိုတော့ တစ်ခါမှ မရောက်ဖူးခဲ့။ ပလိပ်ဆိုတာထက်ကို ပိုမပြောပြတတ်တော့။ မငှားတော့ဘူးအကို လာကြိုမယ့်သူ ရှိတယ်ဟု ဖြီးလိုက်ရသည်။ မနက် ၅ နာရီခွဲကျော်မှာ မန္တလေး၏ မတ်လဆန်းသည် အနွေးထည် မပါသော ကျွန်တော့်ကို ကောင်းကောင်းနှိပ်စက်နိုင်ပါသေးသည်။ 

၁၅ မိနစ်လောက် ဒုက္ခ ခံအပြီးမှာတော့ မန္တလေး မြင်းခြံ ဘတ်စ်ကားကြီးတစ်စီး လမ်းမပေါ်သို့ရောက်လာသည်။ ကျွန်တော် ကားကို အားရဝမ်းသာ တားပြီး ပလိပ်မြို့ထဲရောက်မရောက် မေးရသည်။ ရောက်သည်ဆိုတော့ ဝမ်းသာလိုက်သည် ဖြစ်ခြင်း။ ၁၀ မိနစ်လောက် ကားစီးအပြီးမှာတော့ ကျွန်တော်သိသော ပလိပ်မြို့ထဲသို့ ရောက်လာပါပြီ။ ဖုန်းလိုင်းကတော့ မတက်သေး။ မြို့ထဲ ဟိုနားလျှောက် ဒီနားလျှောက်နှင့် ဖုန်းဆိုင်လိုက်ရှာရသည်။ ဖုန်းဆက်တော့ ကျွန်တော့် သူငယ်ချင်းဖုန်းက ဧရိယာပြင်ပဆိုသည့်အတွက် သူ့ဘေးအိမ်က ဖုန်းကို ဆက်ရသည်။ သူ့ကို စောင့်နေတုန်းမှာ ကားတစ်ချို့နှင့် ဆိုင်ကယ်တစ်ချို့ တံတားဦးဘက်သို့ တက်သွားသည်ကို သတိထားမိသည်။ ဒီမိုကရေစီ သီချင်းတွေကို sound box ကြီးတွေနှင့်ဖွင့်၊ ခွပ်ဒေါင်း စတစ်ကာတွေ အလံတွေတလူလူနှင့်ဆိုတော့မှ သတိရမိသည်။ အမေစု ဒီနေ့ မန္တလေးကို လာမှာပါလား။ ဖုန်းလိုင်းတွေ ပြတ်ကုန်တာ ဒါကြောင့်လား မသိဘူးဟု မဆီမဆိုင်တွေးမိသည်။

( နောက်ပိုင်းမှာ သိရသည်က အမေစုလာမည်ဆိုလို့ ဖုန်းလိုင်းတွေ ကျခြင်းမဟုတ်ပါတဲ့။ စက်ပစ္စည်း တစ်ခု ချို့ယွင်းသွားခြင်းကြောင့် လိုင်းများပြတ်တောက်ကုန်ခြင်း ဖြစ်ပါကြောင်း သိရသည်။ ဟုတ်မှာပါ။ စီဒီအမ်အေတွေက ဘာမှ မဖြစ်ဘဲ ဂျီအက်စ်အမ်ဖုန်းလိုင်းတွေသာ ပြတ်တောက်ကုန်ခြင်းဖြစ်သည်။ သို့ရာတွင် အင်တာနက်လိုင်းများ နှေးကွေးသည်ကတော့ ဘာကြောင့်မှန်းမသိ။ ပက်ပက်စက်စက် လိပ်တက်နေသော အမြန်နှုန်းများနှင့်ဖြစ်ပါသည်။ )

သူငယ်ချင်းလာကြိုတော့ လက်ဘက်ရည်ဆိုင်ခဏထိုင် မုန့်စားရင်း တခြားသူငယ်ချင်းတွေကို ကျွန်တော် ရောက်ပြီဆိုသည့်အကြောင်း လှမ်းအကြောင်းကြားရသည်။ နံနက် ၈ နာရီအတိမှာ သူတို့နှင့် ဆုံကြရန် ချိန်းသည်။ ပြီးမှ ကျောက်ဆည်သွားမည်။ ကျောင်းကိစ္စတွေလုပ်ရမည်။ ပြီးလျှင် ကျွန်တော်တို့ ခဏ နားကြမည်ပေါ့။ လောလောဆယ်တော့ ကျွန်တော့်သူငယ်ချင်းအိမ်မှာ ခဏသွားနားသည်။ ဆိုင်ကယ်မစီးရတာ ကြာနေပြီဖြစ်သော ကျွန်တော့်အတွက် ဆိုင်ကယ် စီးရခြင်းက လွတ်လပ်ပေါ့ပါးမှုတစ်မျိုးကို ပြန်လည်ခံစားရစေသည်။ ရန်ကုန်မှာလို လိုင်းကားတွေကို တိုးစီးနေရသော အချိန်များနှင့်တော့ တခြားစီပေါ့။ လေအေးအေးများက မျက်နှာကို တိုးဝှေ့ကျီစယ်ပြီး ဆံပင်ထဲမှာ လူးလွန့်သွားကြသည်။ အညာရှုခင်းကလဲ ကျွန်တော့်အတွက် ခံစားမှုအသစ်။ ကျောင်းတက်ခဲ့စဉ်တုန်းကလို ခံစားမှုမျိုး လွတ်လပ်မှုမျိုးကို ကျွန်တော် ပြန်ခံစားရသည်။ 


 မနက်စာ စားနေတဲ့ နွားနှစ်ကောင်.. သူငယ်ချင်းအိမ်မှာ ရိုက်ထားတာပါ.. ဘာရယ်မဟုတ် အညာ အမှတ်တရပေါ့ဗျာ..


ဒီနေရာမှာပေါ့ဗျာ စိုင်းစိုင်းစောင့်လိုက်ရတာ ဖုန်းလိုင်းကလဲ မမိ၊ ချမ်းကလဲ ချမ်း.. နံနက်မလင်းခင် မှောင်မှောင်မည်းမည်းထဲ တစ်ယောက်တည်း .. လူနေအိမ်တွေနဲ့လဲ ဝေး... ဟူး
 ဒါက သူငယ်ချင်းအိမ်ကို သွားတဲ့ လမ်းတစ်လျှောက်.. တမာပင်တွေ ထနောင်းပင်တွေ အညာဘက်မှာ ပေါက်တဲ့အပင်တွေက လမ်းဘေး ဝဲယာမှာ စီလို့.. မနက်စောစောဆိုတော့ လူလဲရှင်းပြီး မြင်ကွင်းက ရှင်းနေတာ

ဒုတိယပိုင်း ဆက်ပါဦးမည်။

19 March 2012

ရင်နာခဲ့ရတဲ့နေ့ (တဂ့်ပို့စ်)



ကိုမေမြို့မိုးရဲ့ တဂ့်ပို့စ်လေးပါ



ပြီးခဲ့တဲ့ ၁၄ ရက်နေ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ရေပိုင်နက် အငြင်းပွားမှုကို စီရင်ချက်ချတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် အဲ့ဒီအကြောင်းကို ကျွန်တော်တောင် မေ့တေ့တေ့ဖြစ်နေပြီ။ ဒီကိစ္စကို နိုင်ငံတကာခုံရုံးကို တင်ထားတယ် ဆိုတဲ့အကြောင်းကို တစ်ခါလားပဲ ဖတ်လိုက်ရတယ်။ အဲ့ဒီနောက်ပိုင်း ဒီကိစ္စက လုံးဝ သတင်းစာမျက်နှာတွေပေါ်က လုံးဝ ပျောက်သွားတာဟာ စီရင်ချက်ချတဲ့ နေ့အထိဆိုပါတော့။ သတိရတဲ့သူတွေကတော့ သတိရကြပေမယ့် ကျွန်တော်က သတင်းမှ မဖတ်ဖြစ်ရင် ဘာမှ မသိတဲ့သူဆိုတော့ သတိမရဘူးဖြစ်နေတယ်။ ( မီဒီယာတွေကလည်း ဒီနေ့မှာ စီရင်ချက် ချမယ်ဆိုတာကို သိပုံမရဘူးနဲ့တူတယ်။ သိတယ်ဆိုရင်တော့ စီရင်ချက်မချခင်မှာ သတင်းလေး ဘာလေး ရေးကြမှာပါ။) 

ကိုမေမြို့မိုးက တဂ့်ထားတယ် ဆိုတဲ့အကြောင်း ကျွန်တော့် စီဘောက်စ်မှာ လာရေးထားမှတော့မှ ကျွန်တော် ဒီသတင်းကို သိရပါတယ်။ အဲ့ဒီတော့ သူ့ပို့စ်ကိုလဲဖတ်၊ တခြားနိုင်ငံခြား သတင်းဆိုက်တွေကိုလဲ ဖတ်ပြီး သူတို့တွေ ဘာပြောထားတယ် ဘယ်လိုတွေးကြတယ်ဆိုတာ လိုက်ကြည့်မိတယ်။ ဖေ့စ်ဘုတ်မှာလဲ ဒီအကြောင်းတွေ ပလူပျံနေတယ်။ ကိုသစ်ထူးလွင်ရဲ့ ဆိုက်မှာလဲ ဒီကိစ္စမှာ မြန်မာနိုင်ငံဟာ မရှုံးသင့်ဘဲ ရှုံးရတယ်ဆိုတဲ့အကြောင်းတွေ ရေးထားတာကို တွေ့ရတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က အနိုင်ရတယ်လို့ ရေးကြတဲ့ သတင်းဌာနတွေ ရှိသလိုပဲ ဒီဆုံးဖြတ်မှုဟာ တရားမျှတတယ်လို့ ရေးတဲ့ဌာနတွေကလဲ ရေးကြတယ်။ 

နိုင်တာရှုံးတာကို ခဏလောက်ထားလိုက်ရအောင်။ ကျွန်တော်တို့ဘက်က အမှုလိုက်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က အမှုလိုက်သူတွေကို ယှဉ်ကြည့်ကြရအောင်။ မြန်မာဘက်က ဒေါက်တာထွန်းရှိန်၊ ဗိုလ်မှူးကြီး မင်းသိမ်းတင့်၊ ဒေါ်လှမျိုးနွယ်၊ ဒေါ်ခင်ဦးလှိုင် နဲ့  ဦးကျော်ဆန်း (ပြန်ကြားရေးက ဦးကျော်ဆန်းဟုတ်မဟုတ် မသိရ) ဒီလေးယောက်ပဲ သေချာသိရတယ်။ တခြားနိုင်ငံက ပညာရှင်တွေကို ခေါ်ပြီး အမှုကို ရင်ဆိုင်တယ်ဆိုတာ မသိရဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်က အမေရိကန်က နာမည်ကြီး Holey Foag ရှေ့နေအဖွဲ့ကို ငှားတယ် လို့ သိရတယ်။ အဆိုပါအဖွဲ့နဲ့ မိတ်ဘက် အခြားအဖွဲ့များမှ ရှေ့နေများ ဥပဒေရေးရာ ပါမောက္ခများကလည်း အဆိုပါ ကိစ္စမှာ ဝင်ရောက် ကူညီကြတယ်လို့ ဆိုပါတယ်။ ( ပါမှာပေါ့ အမေရိကန်က ConocoPhillips ဆိုတဲ့ကုမ္ပဏီနဲ့ သူတို့က ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့အရောင်းအဝယ် စာချုပ် ချုပ်ထားတာကိုး) 

အောင်မလေးဟ လို့တောင် မ တ နိုင်တော့ဘူးဖြစ်သွားတယ်။ ကိုယ့်ဘက်က ဘယ်သူတွေက အကျိုးဆောင်ပြီး ရှေ့နေလိုက်ပေးခဲ့တယ်လို့တောင် မသိရသေးတဲ့အချိန်မှာ ဟိုဘက်က အင်အားက မနည်းမနောပါလား။ ထားလိုက်ပါတော့ တရားရင်ဆိုင်ပါတယ်ဆိုမှတော့ အကောင်းဆုံးဖြစ်အောင်တော့ လုပ်ကြခဲ့မှာပါလေ။ 

ကျွန်တော်တို့တတွေ ဒီကိစ္စကို အဆုံးအဖြတ်ပေးတဲ့ ခုံရုံးက ထပ်ပြီးကြည့်ကြမယ်။ ကုလသမဂ္ဂ နိုင်ငံတကာ ခုံရုံးဆိုမှတော့ တရားသူကြီးတွေရဲ့ သမာသမတ်ကျမှုကို အာမခံနိုင်တယ်လို့တော့ ကျွန်တော်ထင်တယ်။ သူတို့ရဲ့ တရား စီရင်ချက်အပြီးမှာ တရားသူကြီးတစ်ဦးရဲ့ အပြောအရဆိုရင် နှစ်နိုင်ငံစလုံးမှာ ပေးလိုက်ရတာတွေရှိသလို ရလိုက်တာလဲ ကိုယ်စီရှိပါတယ်တဲ့။ သဘောကတော့ ဘယ်နိုင်ငံဘက်ကို အနိုင်ပေးလိုက်တယ်ဆိုပြီးမှ ဆုံးဖြတ်လိုက်တာမျိုးမဟုတ်ဘဲ နှစ်နိုင်ငံလုံးအတွက် သာတူညီမျှ ရှိမယ့် အဖြေတစ်ခုကို စီရင်ချက်တစ်ခုကို သူတို့ ချမှတ်ခဲ့တယ်ဆိုတဲ့ သဘောပါ။ အဲ့ဒီအကြောင်းတွေကို ဒီနေရာတွေမှာ စုံစုံလင်လင် ဖတ်ရှုနိုင်ပါတယ်။ 

မိုးမခ နဲ့ ဖေ့ဘုတ်က ကိုဇော်နိုင်ဝင်းတို့ရေးထားတာလေးတွေက  ပြည့်ပြည့်စုံစုံရှိပါတယ်။ သူတို့ပြောတာတွေ ယထာဘူတ ကျတယ်လို့ ထင်ပါတယ်။ နောက်ဆက်တွဲ ရှင်းလင်းချက်အနေနဲ့ မိုးမခမှာ ရေးထားတာလေးကိုတော့ ကျွန်တော် အရမ်းသဘောကျလို့ ဒီတိုင်းပဲ ကူးပြီး တင်ပေးလိုက်ပါတယ်။

နောက်ဆက်တွဲ ရှင်းလင်းချက်။ ။ ရေပိုင်နက် အငြင်းပွားမှုဆုံးဖြတ်ချက်ဟာ နှစ်ဖက်မနစ်နာဘာဘူးလို့မင်းကဆိုရင် ဘာကြောင့် နိုင်ငံတ ကာ သတင်းတချို့မှာ “ဘင်္ဂလားနိုင်တယ်” လို့ ရေးလဲလို့မေးကြတယ်။ အဲ့ဟာကိုရှင်းရရင် ကိုယ့်တိုင်းပြည်ကိုခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ အသုံးမကျလို့လို့ပြောရမယ်။ မင်းကလည်း တစ်ခါလာလည်း ဒီဘူတာပဲသွားဆိုက်တယ်လို့ မဆိုချင်နဲ့။ အဲ့ဘူတာက အရေးကြီးလို့ကို ဆိုက် ရတာ။ နောက်ဆုံး တရားရုံးဆုံးဖြတ်ချက် ကြားနားပွဲကို ဘင်္ဂလားက နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်တက်တယ်။ ဆုံးဖြတ်ချက်ပြီးတော့လည်း သတင်းစာတွေနဲ့တွေ့ပြီး သူ့အမြင်၊ တရားရုံးဆုံးဖြတ်ချက်အကြောင်း လည်လည်ပတ်ပတ် ရဲရဲဝင့်ဝင့်နဲ့ပြောတယ် (ပြောနိုင်တယ်)။ အဲ့သလို ပြောတဲ့နေရာမှာ အမှန်ကိုအခြေခံပြီးပြောရပေမဲ့ ကိုယ့်ပြည်တွင်းနိုင်ငံရေးလိုအပ်ချက်အရ လက်ရှိအာဏာရပါတီဂုဏ်တက်အောင် ပြောရ တယ်။ အဲ့သလိုပြောရတာကြောင့် ခုဖြစ်နေတဲ့ “ဘင်္ဂလားနိုင်တယ်” ဆိုတဲ့သတင်းတွေ တက်ရခြင်းဖြစ်တယ်။
ကိုယ်နိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီးတက်တယ်လို့ လက်လှမ်းမီသမျှသတင်းမှာ မတွေ့ရ။ (EU က sanction က ခရီးသွားလာခွင့်ကို ကင်းလွှတ်ခွင့်ပေးပြီး ဖြစ်။) တက်လည်း ပြီးရင် သတင်းစာတွေနဲ့ တွေ့ဆုံပြောလေ့မရှိ၊ ပြောနိုင်တဲ့အရည်အချင်းလည်း မရှိ။ ငါတို့ ကြံဖန် ဂုဏ်တက်အောင်လုပ်ရင်ရပါ့လားဆိုတဲ့ စဉ်းစားနိုင်တဲ့အသိဉာဏ်လည်း (အစိုးရတစ်ဖွဲ့လုံးမှာ) မရှိ။
တကယ် အရည်အချင်းရှိလို့ ဒီကိစ္စအစ၊ အဆုံး တာဝန်ခံလုပ်ပေခဲ့တဲ့ ဥပဒေပညာရှင်တွေ၊ တတ်သိပညာရှင်တွေကလည်း သူတို့အမြင် အဘောထားကို ချက်ချင်း ပွင့်ပွင့်လင်းလင်း မထုတ်ပြန်နိုင်၊ လုပ်ပိုင်ခွင့်မရှိ၊ လုပ်ရဲတဲ့သတ္တိလည်း မရှိ။ နောက်ခဏကြာရင်တော့ ပြည်တွင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပါလိမ့်မယ်။
အဲ့တော့ “ဘင်္ဂလားနိုင်တယ်” ဆိုတဲ့ သတင်းဘာကြောင့်ဖြစ်ရတယ်ဆိုတာ ရှင်းမယ်ထင်ပါတယ်။

အဲ့ဒီစာပိုဒ်လေးကို ဖတ်အပြီးမှာ ကျွန်တော်ထပ်ပြီးပြောချင်တာက လက်ရှိမြန်မာအစိုးရအနေနဲ့ ပြည်သူလူထုနဲ့ မီဒီယာတွေအပေါ်မှာ ပိုပြီးပွင့်လင်းမှု ရှိသင့်ပြီဆိုတာပါပဲ။ ပါသွားတဲ့ ဦးကျော်ဆန်းဆိုတဲ့ပုဂ္ဂိုလ်က ပြန်ကြားရေးက ဦးကျော်ဆန်းဆိုရင်တော့ ပြည်သူ့မေတ္တာကို ထပ်ပြီးခံယူပါ ဦးကျော်ဆန်းရေလို့ပဲ ပြောချင်ပါတယ်။ ငါလည်းချစ်သည် ဧရာဝတီလို့ ဟိုတစ်ခါက ငိုခဲ့သလို ထပ်ပြီး သိပ်သိပ်ချစ်သည် ဘင်္ဂါလီ လို့ ငိုမပြခဲ့ဘူးလား။ 

နောက်တစ်ခုက မိုးမခက ပြောသလိုပါပဲ။ ဒီတရားစီရင်ရေးမှာ ဝင်ရောက်လျှောက်လဲခဲ့တဲ့ ပုဂ္ဂိုလ်တွေတောင်မှ ဒီသတင်းကို မထုတ်ပြန်ရဲကြဘူးလား။ ထုတ်ပိုင်ခွင့်မရှိဘူးလား။ မီဒီယာတွေက မိုက်လေး၊ ရီကော်ဒါလေး ထိုးပေးတိုင်း လက်ကလေး ကာ ကာပြီး အဝေးကို ပြေးခဲ့ကြတာလား။  အရှိအရှိအတိုင်းပေါ့။ စီရင်ရေးဆုံးဖြတ်ချက်ကို မင်းဘယ်သူ့မှ မပြောနဲ့ ငါတို့ကိုပဲ ပြော။ ငါတို့ပဲ သတင်းထုတ်ပြန်မယ်လို့ ညွှန်ကြားချက်တွေများရှိခဲ့မလား။ ရှိကောင်းရှိနိုင်ပါတယ်။ အဲ့ဒါကြောင့်လဲ နိုင်ငံတကာက ဆိုက်တွေမှာ ဘင်္ဂလားက နိုင်ငံခြားရေးဝန်ကြီးပြောဆိုထားတာတွေကိုပဲ တွေ့ရပြီး မြန်မာဘက်က ဘာစကားတစ်လုံးမှ ပြောထားတာကို မတွေ့ရဘူး။ ဝန်ကြီးများ၊ လူကြီးမင်းများအနေနဲ့ အခုခေတ်ဟာ အင်တာနက်ခေတ်ပါဆိုတာကို မေ့နေကြပြီလား။ အခုဖြစ် အခုအင်တာနက်ပေါ် ရောက်နေတဲ့ခေတ်ပါ။ ကိုယ့်ဘက်က မီဒီယာကို ကောင်းကောင်းအသုံးချတတ်ဖို့လိုပါတယ်။

 မီဒီယာကြောင့် ရွှေဖြစ်နိုင်သလို မီဒီယာကြောင့်လဲ သေနိုင်ပါတယ်။ လူကြီးမင်းများအနေနဲ့ မပြောတတ် မဆိုတတ်ဘူး မပြောရဲ မဆိုရဲဘူးဆိုရင်လဲ ပြောတတ်ဆိုတတ်ပြောရဲဆိုရဲတဲ့သူတွေကို နေရာပေးသင့်တာပေါ့။ ကိုယ်ကိုယ်တိုင်ပြောချင်သပဆိုရင်တော့ ဆရာခေါ်သင်ပေါ့။ ပြီးပြီးရောလဲ မပြောနဲ့ပေါ့။ သံတမန် နည်းလမ်းကျကျ ပြောတတ်ဆိုတတ်အောင်တော့ သင်ကြပေါ့။ အဲ့ဒီလိုမှ မဟုတ်ရင် အဓိပ္ပါယ် အကောက်လွဲပြီး ပြဿနာတွေ ထပ်ဖြစ်နေဦးမယ်။ 

 ရှုပ်ပါတယ်လေ အားလုံးရှင်းသွားအောင် တစ်ခွန်းတည်းပဲပြောမယ်။ ပညာတတ်တွေကို နေရာပေးပါ။ ဒါပဲ။ 

ကိုမေမြို့မိုးမေးသွားတဲ့ မေးခွန်းသုံးခုကို ဆက်ဖြေပါ့မယ်။

(၁) ဘင်္ဂလားဒေ့ရှ်အနိုင်ရသွားတဲ့ရေပိုင်နက်ကိစ္စကိုဘယ်လို မြင်သလဲ..။
ဒီအဖြေကတော့ အထက်မှာ ရေးခဲ့ပြီးတဲ့အတိုင်းပါပဲ လူကြီးတွေ အသုံးမကျလို့ ရှုံးတယ်ဆိုတဲ့ စကားသံဖြစ်သွားခဲ့တာပါ။ အမှန်ကတော့ ဒီဆုံးဖြတ်ချက်အတိုင်းဆိုရင် ရတာရှိသလို ပေးလိုက်ရတာတွေလဲ ရှိခဲ့တော့ ဘယ်သူမှ မနိုင်ပါဘူးလို့ပြောချင်ပါတယ်။ ဟိုဘက်ကလူတွေက မီဒီယာကို ကောင်းကောင်းအသုံးချလိုက်နိုင်လို့ ဒီလိုဖြစ်သွားရတာပါ။

         (၂) မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရသလဲ..။
ဖြစ်နိုင်ရင်တော့ ကိုယ်ကတော့ လိုချင်တာပေါ့။ ဘင်္ဂလားတွေ ကျွန်းရသွားတဲ့ကိစ္စကိုတော့ လုံးဝ မကျေနပ်ဘူးဗျာ

        (၃) တိုင်းပြည်ကိုချစ်တဲ့ပြည်သူတစ်ယောက်အနေနဲ့.ဘယ်လို လုပ်သင့်သလဲ..။
အဲ ဒီမေးခွန်းကတော့ တော်တော့ကို ဖြေရခက်တယ်ခင်ဗျ။ ခုမှတော့ ဘာလုပ်လို့ရတော့မှာလဲလို့ပဲ ပြောရမလိုဖြစ်နေပြီ။  ဖြစ်ပြီးသွားတဲ့ ကိစ္စတစ်ခုအတွက် ကျွန်တော်တို့အနေနဲ့ ဘာမှ ထပ်လုပ်လို့တော့ မရနိုင်တော့ဘူး။ ဒါက နိုင်ငံတကာခုံရုံးက စီရင်ချက်ချပေးလိုက်တဲ့ ကိစ္စတစ်ခုဆိုတော့ ထပ်ပြီး စောဒက တက်နေလို့လဲ မရတော့ဘူး။ တစ်ခုပဲ နောင် ဒါမျိုးတွေ ဖြစ်မလာအောင် ကျွန်တော်တို့ဘက်က ကြိုတင်ပြင်ဆင်ထားရမှာပေါ့။ ကိုယ့်ဘက်က ကိုယ်တတ်နိုင်တဲ့အပိုင်းမှာ ဝင်ပြီး ကူညီပေးကြရမှာပေါ့။ လူကြီးတွေကလဲ ကျိတ်ပြီး မဖြေရှင်းကြနဲ့။ လူထုကို အသိပေး။ ဒါဆိုရင် တတ်သိနားလည်တဲ့သူတွေက ဝင်ပြီး အကူအညီပေးနိုင်ကြမှာပါ။

14 March 2012

တစ်ယောက်တည်း ဒါပေမယ့်


အခန်းလေးထဲမှာ ကျွန်တော် သယ်လာတဲ့ အထုပ်အပိုးတွေကို ချပြီး ကျွန်တော် ခဏနားနေမိတယ်။ မကျဉ်းမကျယ် အခန်းလေးဟာ လူသုံးယောက်နေဖို့ ကျယ်တယ်လို့ ပြောလို့မရပေမယ့် ကျဉ်းလဲ မကျဉ်းပါဘူး.. အနေတော်ပဲလို့ ကျွန်တော်ထင်တယ်။ ကျန်တဲ့ သူငယ်ချင်းနှစ်ယောက်က နောက်နေ့ တွေမှာမှ ပြောင်းလာမှာဆိုတော့ လောလောဆယ် ကျွန်တော် တစ်ယောက်တည်း။ 

အခန်းလေးက ရှင်းလင်းနေတယ်။ အရင်နေသွားခဲ့တဲ့လူက သူအပြန်မှာ သေချာပြန်ပြီး သန့်ရှင်းရေးလုပ်သွားပုံပဲ။ မီးချောင်းတွေကိုတော့ သူဖြုတ်ယူမသွားဘူးပဲ။ ကျွန်တော် နံရံပေါ်မှာရှိတဲ့ မီးခလုတ်တစ်ခုကို စမ်းဖွင့်ကြည့်လိုက်တယ်။ မီးချောင်းတစ်ချောင်း လင်းသွားတယ်။ မီးလာနေတာပဲ ဆိုတဲ့အသိနဲ့အတူ ကျွန်တော် အိတ်ထဲက လက်ပ်တော့ကို ဖွင့်ပြီး သီချင်းခပ်ကျယ်ကျယ်လေး ဖွင့်လိုက်တယ်။ တစ်ယောက်တည်းဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကို ခဏလောက်ဖြစ်ဖြစ် ကျွန်တော် မေ့ထားလို့ ရတန်ကောင်းပါရဲ့။

12 March 2012

သူမနှင့် ကျွန်တော်




ဝေးသွားတဲ့အခါ သတိရပါ...
သတိရတဲ့အခါ တမ်းတပါ...
တမ်းတတဲ့အခါ လွမ်းဆွတ်လာမည်..
လွမ်းဆွတ်တဲ့အခါ ငေးကြည့်ပါ
ငေးကြည့်တဲ့အခါ မြင်ယောင်ပါလိမ့်မည်.......

မြင်ယောင်လာတဲ့အခါ လွမ်းဆွတ်လာမည်..
လွမ်းဆွတ်လာတဲ့အခါ တမ်းတမိလိမ့်မည်....
တမ်းတမိတဲ့အခါ သတိရမိလိမ့်မည်.....
သတိရမိတဲ့အခါ ဝေးသွားခဲ့ပြီ....

နှစ်တွေ ဘယ်လိုပင်ပြောင်းပြောင်း
အဟောင်းတွေ ဘယ်လိုပင်သစ်သစ်

သူမသည် သူမဖြစ်သွားခဲ့ပြီး
ကျွန်တော်သည် ကျွန်တော် ဖြစ်လာခဲ့သည်..

သူမနှင့်ကျွန်တော်သည်
"သူမနှင့်ကျွန်တော်" ဟု ဖြစ်မလာခဲ့ပါ...

8 March 2012

ကကြီး ခခွေး ပညာရေးမှ...



ဟိုတလောက စိုင်းစိုင်းသူငယ်ချင်းတစ်ယောက် သူ့ကျောင်းမှာ recommendation သွားတောင်းတယ်။ ဂျီတီစီ ကျောင်းပါ။ ဘယ်ကျောင်းလဲဆိုတာတော့ မပြောတော့ဘူး။ အဲ့ဒီမှာ recommendation က ဘာလုပ်ဖို့လဲလို့မေးတော့ စိုင်းစိုင်း သူငယ်ချင်းက AIT  စကောလာရှစ်လျှောက်ဖို့လာတောင်းတာပါလို့ဖြေလိုက်တယ်။

( ဟိုတလောက နော်ဝေ အစိုးရ ကနေ မြန်မာပြည်က ကျောင်းသားတွေကို မဟာတန်းအတွက် စကောလာရှစ်ပေးမယ်ဆိုပြီး ကြေငြာခဲ့တယ်လေ။ တစ်နှစ် ကို အယောက်လေးဆယ် သုံးနှစ်ဆက်တိုက်ခေါ်မယ်တဲ့၊ ကြေငြာချက် ထုတ်ထားတာ တစ်လလောက်တော့ ရှိနေပြီ။ ဒါပေမယ့် ခုထိ ဘာမှ မထူးသေးဘူး ဘယ်နေ့မှာ လျှောက်လွှာ လက်ခံမယ်၊ ဘယ်အချိန်ဖောင်ပိတ်မယ် စတဲ့ အချက်တွေ မထုတ်သေးဘူး )

အဲ့ဒီမှာ မော်ကွန်းထိန်းက သားက အဲ့ဒီစကောလားရှစ်ကို လျှောက်ကြည့်တာလား၊ ရမှဖြစ်မှာလားလို့မေးတယ်တဲ့ ကျွန်တော် တော်တော်အံ့သြသွားတယ်။ ဒီလိုမေးခွန်းကို မေးတာ ဘာအကြောင်းကြောင့်လဲ။ စဉ်းစားလို့မရဘူး။ 

စကောလားရှစ် ကို မလိုချင်ဘဲနဲ့ အပျော်သဘောလိုက်လျှောက်နေတဲ့သူတွေ ရှိနေသလား တွေးမိတယ်။ ကျွန်တော့်သူငယ်ချင်းက အဲ့ဒီ recommendation တောင်းဖို့အတွက် အလုပ်ကနေတောင် ခွင့်ယူပြီးသွားခဲ့ရတာ။ အလုပ်ပျက်ခံ အချိန်ကုန်ခံပြီး လာယူတဲ့လူကို အဲ့ဒီမေးခွန်းမေးလိုက်တာဟာ သာမန်သဘောပဲ ဖြစ်မှာပါလို့ ဖြေတွေး တွေးလိုက်ပါတယ်။