Ads 468x60px

7 April 2012

တို့မေမေ


ဒီနေ့ သမီးမွေးနေ့မှာ အရင်ဆုံး သတိရမိတာ အမေ့ကိုပါ။သမီးအရွယ်ဆိုရင် အမေက သမီးတို့ မောင်နှမ ငါးယောက်ကို မွေးပြီးပြီပေါ့နော်။

ကောင်းနိုးရာရာလေးတွေ အမျိုးမျိုးချက်ကျွေးပြီး ကျောက်အရောင်းအ၀ယ်လုပ်ရင်းနဲ့ မိသားစု ထမင်းအိုးကို ဖြည့်ပေးခဲ့တဲ့ အမေ......

မမကြီးနဲ့ အတူတူ မိုးကုတ်၊မန္တလေး၊ရန်ကုန်၊တောင်ကြီး၊မုံရွာ အို... အစုံပါပဲ လှည့်သွားနေရတာ။ခရီးကပြန်လာရင်လည်း စုံနေအောင် ၀ယ်ခဲ့ပေးတတ်သေးတယ်။သမီးစာမေးပွဲ ဖြေတဲ့ အချိန်တွေတိုင်း အိမ်မှာ အမေမရှိတာ များတော့ စိတ်ကောက်ခဲ့မိတဲ့ သမီးကို ခွင့်လွှတ်ပေးပါနော်...
 
ငယ်တုန်းက နားမလည်တတ်သေးလို့ပါ။
 
ပစ္စည်းရောင်းရပြီးရင်လည်း ငွေစောင့်နေရတတ်တာမျိုးရှိတယ်လေ။ကြီးမှ နားလည်တာ။
၇တန်း-၈တန်းအရွယ်မှာ အမေရောဂါစဖြစ်တာသိရတော့ ငါတို့ကို ထားခဲ့တော့မှာလားဆိုတဲ့ အတွေးတွေနဲ့ ဆောက်တည်ရာမရခဲ့ပါဘူး။
 
သားအိမ်ကင်ဆာ.......ကုလို့ ပျောက်ပြီးပြန်တော့.......ဆီးအိမ်မှာ ကျောက်တည်ပြန်ပြီတဲ့။
 
လက်ဝတ်ရတနာတွေ သမီးတို့ မ၀တ်ရလည်း ကိစ္စမရှိပါဘူး အမေ.........
 
အမေ့အသက်လောက် ဘယ်ဟာက အဖိုးထိုက်တန်စရာရှိမှာလဲ။ဒါတွေကို ရောင်းချပြီး အမေ့ကို ဆေးကုခဲ့ရတာတွေအတွက် စိတ်မကောင်းဖြစ်စရာမရှိပါဘူး။သူငယ်ချင်းတွေက မေးကြတယ်။နင့်နာမည် ၀ိုင်းချစ် ဆိုတာ M.I.T ရောက်မှ ဒီနာမည်တွင်တာလားတဲ့။
 
မဟုတ်ပါဘူးဟ ငါ့အမေပေးခဲ့တဲ့ နာမည်ပါ လို့ အမြဲတမ်း ကြွားပြောလေးပြောခဲ့ရတာပေါ့။အမေ ပေးခဲ့တဲ့ နာမည်ပဲ ခေါ်ကြတာ များတယ်နော်။မှတ်မှတ်ရရဆိုလို့ M.I.T 2nd Batch က မမိုးနီ တစ်ယောက်ပဲ ခေါ်တာ မြသီတာ တဲ့။
6နှစ်တက်ရမယ့် အင်ဂျင်နီယာဘွဲ့ကို ဆယ်တန်းအောင်တဲ့ 1991 မှ ဘွဲ့ရ 2001 အထိ(ဖွင့်လိုက် ပိတ်လိုက်နဲ့)ဆယ်နှစ် သက်တမ်းလောက် တက္ကသိုလ်တက်ခဲ့ရတာ အမေသာ အားမပေးခဲ့ရင် အင်ဂျင်နီယာ ဖြစ်လာနိုင်စရာ ဘယ်ရှိမှာလဲ။

အဆောင်နေကျောင်းသူသမီးထွေးကို ထမင်းစားမကောင်းမှာစိုးလို့ ဆိုပြီး တစ်လနှစ်ခါလောက် ဟင်းမျိုးစုံလုပ်၊ပါဆယ်ထုပ်နဲ့ ပို့ပေးခဲ့တာ အမေ့လက်ရာကို သူငယ်ချင်းတွေနဲ့အတူတူ ဝေမျှလို့စားခဲ့ပါတယ်။
သမီးအပေါ်မှာ အများကြီးကျေးဇူးကြီးခဲ့တဲ့ အမေ............

သမီးဝါသနာပါတာ Architecture ။အမေက သူနားလည်သလို ပြောတာ ဦးထုပ်အ၀ါတွေဆောင်းပြီး အလုပ်လုပ်ရတဲ့ အရာရှိကြီး
ဖြစ်စေချင်တာတဲ့လေ။အမေ စိတ်ချမ်းသာဖို့ အတွက်ကော နောက်ပြီး ၀ါသနာပါသော်လည်း စရိတ်စကကြီးလှတဲ့ Architecture သမီး မရွေးခဲ့ပါဘူး။သမီးအတွက်နဲ့ ၀န်ပိုတွေ ပိနေမှာ စိုးလို့ပါ။
 
ဒါပေမယ့်လည်း အမေဖြစ်စေချင်တဲ့ အရာရှိကြီး မလုပ်ပေးနိုင်တဲ့အတွက်ရော အမေသိပ်ပြီး သဘောမကျတဲ့ သမက်လောင်းကိုရွေးချယ်မိခဲ့တဲ့ သမီးရဲ့ အပြစ်တွေကို အမေ နားလည်ခွင့်လွှတ်ပေးပါနော်။

အင်္ဂလိပ်ဆေးနံ့နဲ့ ဗမာလိမ်းဆေးနံ့တွေ ရောပြွမ်းနေတဲ့ အမေ့ရဲ့ အခန်းလေးထဲမှာ ခလေးဘ၀ကစပြီး အိမ်ထောင်မကျခင်အထိ
အမေ့ကျောကို နောက်ကနေသိုင်းဖက်ပြီး အိပ်ခဲ့ရတဲ့ အရသာမျိုး ဒီတစ်သက်မှာ သမီးမရနိုင်တော့ပါဘူး။

(26.3.2001)မင်္ဂလာဆွမ်းကျွေးပြီး လူကြီးမိဘတွေ ကန်တော့ကြတော့ အမေ မျက်ရည်ကျနေပါပြီ။
ခေါင်းမမော့ရဲခဲ့ပါဘူး အမေ။အမေ သမီးအတွက်နဲ့ မျက်ရည်ကျနေရပြီနော်။အမေ့ စိတ်ထဲမှာ သမီးထက် အသက်(12)နှစ်ကြီးတာ၊
အသက်မွေးဝမ်းကျောင်းမတူတာ(သွားဆရာဝန် နဲ့အင်ဂျင်နီယာ)၊စကားကို ရေလည်ပတ်စေ့ မပြောတတ်တဲ့ အမေ့သားမက်လောင်းကိုကြည့်ပြီး လိုအပ်ချက်တွေများနေမှာပါ။သူဌေးသားကို ယူရင် အမေ့ သမီးကို နှိမ်လိမ့်မယ် အမေ။မမကြီးက သျှောင်နောက်ဆံထုံးပါသွားရပြီကော။ အမေနေမကောင်းတဲ့အခါတိုင်းမှာ သမီးက အနီးကပ်စောင့်ရှောက်နိုင်ပါရစေ။

အမေ မငိုပါနဲ့ သမီးအတတ်နိုင်ဆုံးကောင်းအောင် ကြိုးစားပြီးနေထိုင်သွားပါ့မယ်။ယုံကြည်ပေးပါ လို့ စိတ်ထဲမှာ တတွတ်တွတ် ရွတ်နေမိခဲ့ပါတယ်။သူလည်းပဲ သမီးကို ဘ၀ကြင်ဖော်လိုတစ်မျိုး၊ညီမလေးလိုတစ်မျိုး စောင့်ရှောက်နေပါတယ်။ကုသိုလ်တွေလည်းတတ်နိုင်သမျှ အတူတူလုပ်နေကြပါတယ် အမေ။

Architect သူငယ်ချင်းတွေ သူတို့အမြင်နဲ့ သိပ်သဘောကျမှာ မဟုတ်သော်လည်း သမီးတို့ကိုယ်တိုင် သေချာစဉ်းစားပြီး ဆောက်ခဲ့တဲ့နေပျော်တဲ့ အိမ်လေးတစ်လုံး ဆောက်လုပ်လို့ ပြီးစီးသွားပါပြီ။
အမေ စိတ်အေးပါတော့..........။

စာဖတ်တာနဲ့အိမ်မှုကိစ္စ၀ါသနာပါတာ၊ဇာထိုးပန်းထိုးနဲ့ စက်ချုပ်တာ၊သူတစ်ပါးကို ကောင်းကောင်းမွန်မွန် ချက်ပြုတ်ကျွေးချင်တာ၊
စပယ်ပန်း၊မြတ်လေးပန်း၊နှင်းဆီပန်းကစပြီး ပန်းလေးတွေကို နှစ်သက်တတ်တဲ့ နူးညံ့တဲ့ စိတ်ထားလေးတွေ အမေ့ဆီကနေ သမီးအမွေရခဲ့တာပါ။ကျေးဇူးအတင်ရဆုံးကတော့ ငယ်စဉ်ကတည်းက ၀ိပဿနာတရားအားထုတ်တတ်အောင် လေ့ကျင့်ပေးခဲ့တာပါပဲ။

သမီးသားလေး မွေးလာတော့ ခလေးအိပ်နေလည်းပဲ ပွေ့ထားရင်းနဲ့ တစိမ့်စိမ့် ငုံ့ကြည်နေမိတယ်အမေ။ 
ခလေးအဖေက အောက်မှာ ချသိပ်လိုက်ပါတော့ လက်လည်းညောင်း၊ဇက်လည်းညောင်းလိမ့်မယ်တဲ့။ 
သမီး စိတ်ထဲမှာ တွေးနေမိတာက
 အော်...ငါတို့အမေ ငါတို့ငယ်တုန်းက ဘယ်လောက်များချစ်ရှာလိမ့်မလဲ၊ဒီလိုခြေဖ၀ါးသေးသေးလေးတွေက စပြီး ငါတို့ မောင်နှမငါးယောက်စလုံးကို ပြုစုစောင့်ရှောက်ခဲ့ရတာ ဘယ်လောက်ပင်ပန်းရှာမလဲလို့ပါ။ကိုယ်တိုင်သားသမီးရလာမှ မိဘကျေးဇူး နဲ့ မိဘမေတ္တာကို ပိုပြီးနားလည် လာခဲ့ရပါတယ် အမေ။

အမေက ကျွန်မသမီးက အင်ဂျင်နီယာလေ မကြာခဏပြောတတ်တော့ အမေကလည်း ဒါကြီးပဲ ပြောမနေပါနဲ့တော့။အမေ့ဟာ
ကြွားသလိုမျိုးကြီးဖြစ်နေပြီလို့ သမီးပြောခဲ့ဖူးတယ်နော်။သားသားလေး သူငယ်တန်းစာမေးပွဲ ပထမပတ်မှာ အဆင့်ထွက်လာတော့(1)တဲ့ သမီးမှာ ပျော်လိုက်ရတာ။အခုမှ ဗျည်းအက္ခရာ(၀လုံး၊ကကြီး၊ခခွေး)လေးရေးရတာကို ငါ့သားလေးတော်လိုက်တာဆိုတဲ့ ခံစားမှု။
 
သမီးအမေတို့ အဘတို့ ခံစားမှုကို နားလည်ပါပြီ။မိဘတိုင်း မိဘတိုင်းဟာ ဒီလိုပါပဲလား။
သားသားမီးဖွားပြီး မကြာခင် အမေ အသည်းခြောက်ရောဂါ စဖြစ်တာပဲနော်။ဆရာဝန်တွေက အခြေအနေ မကောင်းကြောင်း ခေါ်ပြောတော့ ဘယ်လောက်အထိခံစားခဲ့ရတာလဲ..........ကုလို့မလွယ်တဲ့ရောဂါတဲ့လေ။
ဒါပေမယ့် သားသမီးတွေ အပြုစုကောင်းလို့ဆိုပြီး အထူးကုဆရာဝန်ကြီးတွေ ချီးမွမ်းခဲ့ရတဲ့အထိ သမီးတို့နဲ့ အတူတူ (6)နှစ်ကျော်နေသွားပေးခဲ့တာ ကျေးဇူးပါအမေ။

အင်ဂျင်နီယာအလုပ်နဲ့ ရတဲ့ပိုက်ဆံ အမေတို့ဆီ ပြေးပြီး လာကန်တော့ခဲ့ရတာ အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။အမေမရှိတော့တဲ့နောက် ဒီလိုခံစားမှုမျိုး သိပ်မရှိတော့ပါဘူး။အမေဆုံးခါနီး သမီး အမေ့လက်ကို ကိုင်ထားပေးစမ်းပါ တဲ့။သမီးက ကြည့်စမ်း အမေ့လက်ကလေး တွေဟာလေ နူးညံ့နေတာပဲ သူဌေးလက်ဆိုတာ ဒါမျိုးနေမှာ၊သမီး လက်တွေကတော့ အိမ်မှုကိစ္စ လုပ်ရလွန်းလို့ ကြမ်းနေပါပြီ လို့ ချစ်စနိုးစတော့ ညည်းကလေ စကားများလိုက်တာအေ။ကိုင်သာ ကိုင်ထားစမ်းပါတဲ့။
အမေ့ လက်ကလေးတွေဟာ တကယ့်ကို နွေးထွေးနူးညံ့နေလိုက်တာ ၀ါဂွမ်းလေးလိုပါပဲ။ခံစားမိတာကတော့ တို့မေမေ အားလျှော့နေပါပြီ။ငါးရက်လောက်နေရင် သမီးတို့ကို ခွဲသွားမယ်မှန်းမှ မသိတာ။ဒီလိုမှန်းသာသိခဲ့ရင် သမီး မလွတ်တမ်း ဆုပ်ကိုင်ထားမိ မှာပါ။အမေ ဘယ်လောက်တောင် ကြောက်နေရှာမလဲ....................။

(19.1.2009)ည ရှစ်နာရီလောက်မှာ အမေ့ခမျာ သေမင်းနဲ့ စစ်ထိုးနေရပါပြီ။ကိုယ်တိုင်ဝင်ပြီး ခံစားပေးလို့ရရင် ခံစားပေးချင်လိုက်တာ အမေရယ်။ဘ၀ဆက်တိုင်း နာတာရှည် ရောဂါမျိုးနဲ့ ကင်းဝေးပါစေတော့လို့လည်း ဆုတောင်းနေမိပါတယ်။သမီးရဲ့ သရဏဂုံကို ပါဠိနဲ့အနက် ရွတ်ဆိုသံများ အသိပေးတရားစကားများ
နားထောင်ရင်းနဲ့ ည ရှစ်နာရီတိတိမှာ အမေငြိမ်သက်သွားပါပြီ။

လူတစ်ယောက်သေဆုံးတာ တစ်ခါမှ မမြင်ဖူးခဲ့တာ.........
ကိုယ့်အမေတစ်ယောက်လုံး ကိုယ့်လက်ပေါ်မှာ ဆုံးသွားတာ သမီးတစ်သက် စိတ်ထိခိုက်ရဆုံးပါပဲ။
ဟုတ်တိပတ်တိနဲ့ တရားစကားတွေ တတွတ်တွတ်ပြောပေးလိုက်နိုင်တဲ့အတွက်လည်း ၀မ်းသာဝမ်းနည်းကြီး ဖြစ်ခဲ့ရပါတယ် အမေ။

အမေ့ ရုပ်ကလာပ်ကို နှင်းဆီပန်းရောင်စုံများနဲ့ ဝေေ၀ဆာဆာ
နောက်ဆုံးပူဇော်ခဲ့ပါတယ်။

ကောင်းမွန်စွာမီးသင်္ဂြုလ်ပြီးတဲ့ အမေ့ရဲ့ အရိုးပြာအိုးကို အမေတို့ဇာတိမြေ မိုးမိတ်ကို သယ်သွားပြီး နှာမောင်းချောင်းမှာ သွားမျှောခဲ့ကြပါတယ်။မိုးကုတ်-မိုးမိတ်မှ သံဃာအပါး(80)ခန့်ကို သင်္ကန်း၊န၀ကမ္မနဲ့ လှူဖွယ်ပစ္စည်းအစုံကို အမေ့အတွက် ရည်စူးလို့ လှူဒါန်း-အမျှအတန်းဝေခဲ့ကြပါတယ် အမေ။

အရိုးပြာအိုး မျှောတဲ့နေ့က အဘဟာ ဘယ်လောက်အထိ စိတ်ထိခိုက်နေလဲဆိုတာကြည့်ရင်းနဲ့ ငါတို့မှာ မိဘနှစ်ပါး မစုံတော့ဘူး၊
အဘကို ပိုဂရုစိုက်ရတော့မယ် ဆိုတဲ့ အသိတွေလည်း ၀င်မိပါတယ်။အဘဟာ ပန်းရောင် ဖဲပုဝါလေးနဲ့ ထုပ်ထားတဲ့ အမေ့ရဲ့ အရိုး
ပြာအိုးလေး နှာမောင်းချောင်းထဲ တလှိမ့်လှိမ့် မျှောသွားတာကို ငေးကြည့်နေပါတယ်။ 

အဘ ဘာတွေ တွေးနေမလဲ......အမေဟာသူနဲ့အတူတူ အကောင်းအဆိုးလောကဓံအမျိုးမျိုးကို (45)နှစ်ကျော်အောင် ကျော်ဖြတ်ခဲ့ကြတာ။သူ့ဇနီးသည်ရဲ့ နောက်ဆုံးခရီးကို ချောင်းစပ်ဘေးမှာ ငုတ်တုတ်ထိုင်လို့ အတွေးနယ်ချဲ့နေပါတယ်။အမေ ဆုံးပြီး သုံးရက်လောက်နေတော့ မိုးကုတ်မှာ အချိန်အခါမဟုတ်
လေတွေတိုက်ပြီး မိုးတွေ တ၀ုန်းဝုန်းရွာပါတယ်။

အိပ်ယာထဲကနေ ငါ့အမေ ဘယ်ဘ၀ရောက်နေပါလိမ့် ၊မိုးလုံတဲ့နေရာ၊လေကွယ်တဲ့နေရာမှာမှ ရှိရဲ့လား ဆိုတဲ့ အတွေးတစ်စ ဆွဲထုတ်မိလိုက်တာ မိုးသာစင်စင်လင်းသွားတယ်။လုံးဝ အိပ်လို့ မရတော့ပါဘူး၊အလွမ်းပေါ် အပူဆင့်ခဲ့ရပါတယ် အမေ။

အခုနောက်ပိုင်းတော့ ငါတို့ အမေဟာ စိတ်ထားနူးညံ့တယ်။ကုသိုလ်တွေ အများကြီးလုပ်ခဲ့တယ်။လောကဓံ
မျိုးစုံနဲ့နှစ်(20)ကျော် ခံစားခဲ့ရတဲ့ ရောဂါဝေဒနာတွေကို စိတ်ဓါတ်ခိုင်မာစွာနဲ့ သီးခံနိုင်ခဲ့တယ်။တရားဘာဝနာများကို နှစ်ရှည်လများအားထုတ်ခဲ့တယ် ဆိုတဲ့ အသိတွေနဲ့ အမေကောင်းရာမွန်ရာမှာ ရောက်နေလိမ့်မယ်လို့ ယုံကြည်ရင်းနဲ့ သမီးတို့တတွေ ဖြေဆည်ပြီးနေနေကြပါတယ်။

လစဉ်လတိုင်းမှာ အမေဆုံးတဲ့နေ့ရောက်တိုင်း ဆွမ်းလောင်းမပျက်ခဲ့ပါဘူး။
နေ့စဉ်နေ့တိုင်းလည်း သမီးပြုလုပ်သမျှ ကုသိုလ်ကောင်းမှုတွေကို အမေ့ကို အထူးအားဖြင့် အမျှပေးဝေပါတယ်။
ရောက်ရာဘုံဘ၀ကနေ သာဓုခေါ်ပြီး နိဗ္ဗာန်အထိ ရောက်အောင် ကြိုးစားသွားနိုင်ပါစေလို့ သမီးတို့ သားသမီးတစ်တွေ

အမြဲ ဆုတောင်းနေကြပါတယ် အမေ.............................။

(19.1.2009)နေ့တွင် ကွယ်လွန်ခဲ့ပြီဖြစ်သော မိခင်ကြီး ဒေါ်ခင်မြညွန့်အား ရည်စူးပြီး နှလုံးသားနှင့် ရေးဖွဲ့ပါသည်။



မေတ္တာရပ်ခံချင်ပါတယ်.. ဒီအခုပို့စ်လေးဟာ စိုင်းစိုင်းရဲ့ အမတစ်ယောက်ရေးထားတာဖြစ်ပါတယ်. အဲ့ဒီအတွက် ကူးယူဖော်ပြချင်တယ် ဆိုရင် စိုင်းစိုင်းကို ကြိုတင်ပြီး အသိပေးစေလိုပါတယ်. အမရဲ့ ခွင့်ပြုချက်ရတဲ့အခါမှာတော့ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်

2 comments:

စံပယ်ချို said...

ဖတ်ပြီးတော့မျက်ရည်ကျမတတ်ပါပဲ
ခံစားချက်တွေနဲ့ရေးဖွဲ့ထားတာလေးက
ဂျက်မှာလဲ မေမေပဲရှိတာမို့ခံစားရတယ်
ကိုယ်ချင်းလဲစာမိတယ်
((လောကမှာချစ်စရာအကောင်းဆုံးနဲ့သနားစရာ
အကောင်းဆုံးဆိုတာမိဘတွေပါပဲ))

နွေလ said...

ဖတ်ရင်းနဲ့ ပီတိလည်းဖြစ်
ဝမ်းနည်းမိပါတယ်
အစ်မဂျက်ပြောသလို
လောကမှာချစ်စရာအကောင်းဆုံးနဲ့သနားစရာ
အကောင်းဆုံးဆိုတာမိဘတွေပါပဲ >.<