Ads 468x60px

18 April 2012

ထို့ကြောင့် နောင်တဟု ခေါ်သည်။




ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ ဖြစ်နေမှန်းမသိအောင် ကျွန်တော့်စိတ်တွေ ရှုပ်ထွေးနေသည်။ ဘာဆိုဘာမှလဲ မလုပ်ချင်။ ဘယ်ကိုမှလဲ မသွားချင်။ ခါတိုင်းလုပ်နေကျ အလုပ်တွေကိုပင် အာရုံမစိုက်နိုင်။ ကျွန်တော့် စိတ်ထဲမှာ မတင်မကျ ဖြစ်နေသည်။ လွန်ခဲ့သော နှစ်ပတ်ကျော် သုံးပတ်ခန့်က ကျွန်တော်လုပ်ခဲ့မိသော ကိစ္စတစ်ခုကို ကျွန်တော် ဘာကြောင့် မမှတ်မိရတာလဲ။ မမှတ်မိတာမှ ဘာတစ်ခုကိုမှ မသိ။ ကျွန်တော့် သူ့ကို ဖုန်းခေါ်ခဲ့တာကို ကျွန်တော် ဘာကြောင့် မမှတ်မိရတာလဲ။ သူ့ကို ဘာတွေ ပြောခဲ့တာလဲဆိုတာကို ဘာလို့ မမှတ်မိရတာလဲ။ 

ဖုန်းထဲမှာ ရှိနေသော SMS များကို လျှောက်မဖွမိချိန်ထိ သူ့ကို ဖုန်းခေါ်မိခဲ့မှန်း ကျွန်တော် ဘာကြောင့် မမှတ်မိရတာလဲ။ ကျွန်တော့် ဦးနှောက်ထဲမှာ ရှိသော မှတ်ဥာဏ်အခန်းငယ်များက အဲ့ဒီလောက်တောင် ပျက်စီးယိုယွင်း နေခဲ့ပြီလား။ ကျွန်တော် စဉ်းစားမရစွာဘဲ အိပ်ရာပေါ် ပစ်လှဲလိုက်မိသည်။ မျက်နှာကျက်ဖြူဖြူကို ကျွန်တော် အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေမိသည်။   

 ထောင့်တစ်နေရာတွင်တော့ ပင့်ကူအိမ်တစ်အိမ်ကို ကျွန်တော်တွေ့သည်။ ပင့်ကူအိမ်ထဲမှာ တဖျပ်ဖျပ် လှုပ်ခါနေသည့် ပိုးကောင် တစ်ကောင်ကို ပင့်ကူမျှင်များနှင့် ရစ်ပတ်နေသော ပင့်ကူ……။ အိုး .. ကျွန်တော်သည်လည်း သံယောဇဉ် ကြိုးမျှင်တွင် အရစ်ပတ်ခံနေရသော သားကောင်လေးဖြစ်နေပြီလား။

ကျွန်တော် အမြင်အာရုံလွှာတွေကို ခဏပိတ်လိုက်သည်။ ဟင့်အင်း.. ဒီအဖြစ်ကိုတော့ အရောက်မခံနိုင်။ ဒီထောင်ချောက် ဒီလှောင်အိမ်ကနေ လွတ်မြောက်ဖို့ ကျွန်တော် ရွေးချယ်ခဲ့ပြီးပြီပဲ။ ဘာလို့လမ်းဟောင်းကို ပြန်သွားမှာလဲ။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ကျွန်တော်ကွဲကွဲပြားပြားသိလို့ ရွေးချယ်ခဲ့ပြီးပြီလေ။ 

ဒါပေမယ့် အဲ့ဒီညက ကျွန်တော် သူ့ဖုန်းနံပါတ်ကို ဘယ်လိုလုပ် နှိပ်မိသွားတာလဲ။ 

ဘာတွေများ ပြောခဲ့မိသည်လဲ။ ပြန်စဉ်းစားမရလောက်အောင် ကျွန်တော့် ဦးနှောက်ရဲ့ ဘယ်အခန်းထဲမှာ ထိုအကြောင်းအရာတွေက ပိတ်မိနေခဲ့တာလဲ။ စိတ်မောစွာနှင့် သက်ပြင်းချမိသည်။ 

ထိုညက မှတ်မိသမျှအကြောင်းတွေကို ပြန်ပြောရမည်ဆိုလျှင် ကျွန်တော်တို့ ကျောင်းတုန်းက သူငယ်ချင်းတတွေ Mr.Bar B Q မှာ ညစာ စားရင်း ကျွန်တော် ဘီယာသောက်ခဲ့သည်။ ဘယ်နှခွက်သောက်မိသလဲ မမှတ်မိပေမယ့် တော်တော်များမည်ဆိုတာတော့ ကျွန်တော်သိသည်။ အိမ်ကို ဘယ်အချိန်ပြန်ရောက်ခဲ့သလဲဆိုတာတောင် မမှတ်မိ။ ည တစ်ရေးနိုးလို့ ရေထသောက်ချိန်မှာတော့ ခေါင်းတွေက တော်တော်ကိုက်နေပြီ။ ဒါဆို ဘယ်လောက်များသလဲ ခန့်မှန်းလို့ ရမည်ဟုထင်သည်။ နောက်တစ်နေ့မနက် အိပ်ရာထချိန်မှာတော့ ခေါင်းတစ်ခုလုံးကို ကျောက်ခဲပေါင်း အလုံးတစ်ရာနှင့် ဝိုင်းထုထားသလို နာကျင်ကိုက်ခဲနေသည်။ 

ခေါင်းအကိုက်သက်သာအောင်လို့ ဘလက်ကော်ဖီခါးခါးတစ်ခွက်ဖျော်သည်။ သံပုရာသီးတစ်စိတ် ညှစ်ထည့် သကြားများများထည့်ပြီး သောက်သည့်တိုင် ခေါင်းကိုက်က သက်သာမသွား။ ခေါင်းကိုက်သည်က နောက်တစ်နေ့အထိ မသက်သာ။ ( အရက်သောက်ပြီးလျှင် အချိုလေးနှင့် ပြန်ထိန်းရသည်ဟု သူ ပြောဖူးသည်ကိုတော့ ထိုနေ့မနက်က သတိရမိသည်။ သို့သော် သူ့ကို ညက ဖုန်းဆက်ခဲ့မှန်း လုံးဝ သတိမရသည်က ကျွန်တော့် ရွှေဥာဏ်တော် စူးရောက်ခြင်း ဖြစ်ပါသည်။ )

လူမှန်းသူမှန်းမသိအောင် မူးခြင်း၏ အကျိုးဆက်အနေဖြင့် ကျွန်တော် ထိုနေ့ညက ဘာတွေပြောခဲ့သည်ဆိုတာကို ကျွန်တော် သတိမရတော့။ ဘယ်လောက်တောင် ကောင်းလိုက်ပါသလဲ။ အသုံးမကျသည့် ကိုယ့်ကိုယ်ကို အပြစ်တင်ရုံမှ လွဲ၍ ကျွန်တော် ဘာမှ မတတ်နိုင်။ သူ့ကို ကျွန်တော်တို့၏ အရေးမပါသော ပတ်သက်မှုအကြောင်းတွေကို ထပ်ခါတလဲလဲ မပြောမိဖို့ ဆုတောင်းရုံမှ တစ်ပါး ကျွန်တော်ဘာမှ မတတ်နိုင်။ ပြောခဲ့မိသည်ဆိုလျှင်ရော ဘာလုပ်နိုင်မှာလဲ။ ကြမ်းကျွံလျှင် နှုတ်ရပေမယ့် စကားကျွံခဲ့ပြီဆိုလျှင် ပြင်ဖို့ရာ မတတ်နိုင်တော့ပြီ မဟုတ်လား။

သူ့ကို ဖုန်းဆက်မိခဲ့သည်ဆိုသည့်အကြောင်းကို လွန်ခဲ့သော ရက်ပိုင်းက SMS box ကို မမွှေခဲ့မီအချိန်ပိုင်းအထိ ကျွန်တော် မသိခဲ့ရိုးအမှန်။ အိမ်ကိစ္စတွေ၊ အလုပ်ကိစ္စတွေနှင့် ကျောင်းကိစ္စတွေကို လုံးပန်းနေခဲ့သည်မို့ ထိုအကြောင်းက တဖြည်းဖြည်း မှေးမှိန်သွားခဲ့ခြင်းဖြစ်ပါလိမ့်မည်။ အခုချိန်မှာတော့ ဘာတွေပြောခဲ့သည်ဆိုတာကို မမှတ်မိသည့်အတွက် ကျွန်တော့်စိတ်တွေ စိုးထိတ်နေမိသည်။ 

သူ့ဆီကိုပဲ ဖုန်းပြန်ဆက်ပြီး မေးရင်ကောင်းမလား ကျွန်တော်တွေးမိသည်။ ဟိုနေ့ညက ကျွန်တော် ဘာပြောခဲ့လဲ လို့ သူ့ကို ပြန်မေးရမှာ သူ့အတွက် တော်တော့်ကို ကသိကအောက်နိုင်မည်မှန်း ကျွန်တော်သိပါသည်။ စိတ်လည်း ဆိုးမည် ဟု ကျွန်တော်ထင်သည်။ ( ထင်ရုံတင်မဟုတ်ပါ.. အသေအချာ ဆိုးပါလိမ့်မည် ) သို့သော် ကျွန်တော့်ထက် အသက်ကြီးပြီး လူကြီးဆန်သော သူသည် ထိုနေ့ညက ကျွန်တော် မူးပြီး ပြောမှန်းလဲ သိပါလိမ့်မည်။ သို့အတွက် စိတ်ဆိုးချင်မှလည်း ဆိုးပါလိမ့်မည်။ အား..………….. တွေးရင်း တွေးရင် ကျွန်တော် စိတ်တွေ ပိုရှုပ်လာသည်။ ဘာလုပ်ရမှာလဲ။

လမ်းခွဲဖို့ ပြောတုန်းက ပြောခဲ့ပြီးမှ ဖုန်းတွေ ခဏခဏ ပြန်ဆက်နေသော ကျွန်တော့ကို သူဘယ်လိုထင်မလဲ။
မဖြစ်နိုင်တော့ဟု ဆုံးဖြတ်ပြီး ပြောခဲ့သော စကားများအဆုံးတွင် သူ့ဘက်က ဘယ်လိုခံစားရမလဲ ကျွန်တော် သိပ်မစဉ်းစားခဲ့ပါ။ ကျွန်တော့်ထက် သူ့ကို ပိုချစ်နိုင်သော သူ့အလိုကို လိုက်နိုင်သော သူ၏ လက်ထဲမှာ သူနေပျော်မည်ဟု ကျွန်တော်ထင်သည့်အတွက် ကျွန်တော့် ခြေလှမ်းတွေကို နောက်ပြန်လှည့်ခဲ့ခြင်းဖြစ်သည့်အတွက် လမ်းခွဲခဲ့ရခြင်းသည် ကျွန်တော်တို့အတွက် အကောင်းဆုံး ရွေးချယ်မှုဟု ကျွန်တော်ယူဆပါသည်။ လေထဲတွင် ဆောက်ခဲ့သော တိုက်အိမ်များ ပြိုလဲသည်မှာ ဓမ္မတာဖြစ်ပါသည်။ အချစ်ထက် အရေးကြီးသော အရာများ များစွာရှိသည်ဟု ခံယူထားသူမှာ သူ ဖြစ်ပါသည်။ ကျွန်တော့်ထက် အသက်အနည်းငယ်ကြီးသလို ရင့်ကျက်သော သူ သည် သိပ်ခံစားရမည်ဟု ကျွန်တော် မထင်ပါ။ 

သူ့ သူငယ်ချင်းတစ်ယောက် ပြောဖူးတာကို သတိရမိပါသည်။ ( ကျွန်တော်က သူ့ထက် ငယ်သည်ဆိုတာကို သိတော့ ပြောတာ ဖြစ်ပါလိမ့်မည် ) အခုခေတ်ကလေးတွေက သံယောဇဉ် သိပ်မထားတတ်ကြဘူး။ ဟော တစ်ယောက် ဟောတစ်ယောက် ပြောင်းသွားတာများ မြန်လွန်းလို့ တဲ့။ အဲ့ဒီလို ကောင်လေးတစ်ယောက်လို့ ပဲ ထင်ချင် ထင်ပါစေတော့။ 

ကျွန်တော် သူ့ကို ဖုန်းထပ်မဆက်ချင်တော့။ မဆက်ရဲတော့တာဆိုလျှင် ပိုမှန်ပါလိမ့်မည်။ အခုလက်ရှိ အခြေအနမှာ ကျွန်တော် နေပျော်ပါသည်။ (နည်းနည်း ဟာတာတာဖြစ်နေတာကလဲ နောက်ဆို အသားကျသွားမှာပါဟု မျှော်လင့်ရပါသည်။ ) သူသည်လည်း နေပျော်ပါလိမ့်မည်။ ကျွန်တော် သူ့ကို သတိရလျှင် သူ့ Facebook Page ကို သွားကြည့်ရင်း အလွမ်းဖြေနိုင်ပါသည်။ သူ ကျွန်တော့်ကို သတိရလျှင်လည်း ကျွန်တော့် Page ကို ဝင်ကြည့်လို့ရသည်ပဲ။

သူ့ကို ဖုန်းပြန်ဆက်သင့် မဆက်သင့်ကတော့ ကျွန်တော် ဝေခွဲလို့ မရဖြစ်နေတုန်း………………။

တစ်ခုတော့ တွေးမိသည်။ နောက်ဆို အရက်ဘီယာ သောက်လို့ မဖြစ်တော့ဘူး…. ဆိုတာပင် ။

5 comments:

စံပယ်ချို said...

တစ်ယောက်ထဲမဟုတ်ပါဘူး
လူတော်တော်များများ အဲလိုဖြစ်တတ်တယ်
အမလဲ ဖြစ်ဖူးတယ်
(ဘာဖြစ်လို့ ဖြစ်နေမှန်းမသိအောင် ကျွန်တော့်စိတ်တွေ ရှုပ်ထွေးနေသည်။ ဘာဆိုဘာမှလဲ မလုပ်ချင်။ ဘယ်ကိုမှလဲ မသွားချင်။ ခါတိုင်းလုပ်နေကျ အလုပ်တွေကိုပင် အာရုံမစိုက်နိုင်)
မူးစေတဲ့ အရာကို မသုံးစွဲတာအကောင်းဆုံးပါပဲ

နွေလ said...

လူတိုင်း မှားဖူးကြပါတယ် အစ်ကို
လူမသိ သူမသိ အမှားတွေလည်း ရှိသလို
သိသိရက်နဲ့ မှားနေတဲ့သူတွေလည်း ရှိပါတယ်
အစ်ကိုက မသိဘဲ မှားတာဆိုတော့
ခွင့်လွှတ်လို့ရပါတယ် အဟဲ
အစ်ကို ဒီပို့စ်လေးကို ဖတ်ပြီး
သင်ခန်းစာယူသွားပါတယ်
စာတွေ များများရေးနိုင်ပါစေ

Thiha Lu Lin said...

ဖတ်ပြီးတော့ တစ်ခုခု ခံစားနေရတာတော့ အမှန်ပဲ။ လွမ်းသလိုလို ဆွေးသလိုလိုချည်း။ အရင်အချိန်တစ်ခုခုကိုလည်း ပြန်သတိရမိသလိုလို၊ ဒီလိုအဖြစ်အပျက်မျိုး ဘဝမှာ ရှိခဲ့ဖူးသေးတယ်လို့ ထင်တာပဲ။
နောက်ဆို အချစ်မှာ ပိုပြီး အေးချမ်း ချိုမြိန်ပါစေ စိုင်းစိုင်းရေ။

မိုးသက် said...

တစ်ချိန်တစ်ခါက ယမကာဆိုတာကို လက်တည့်စမ်းဖူးချိန်ပေါ့လေ..။ မကြာခဏနောင်တရခဲ့တာပဲ.။ မှားတတ်မှန်းသိပေမယ့် သိပ်မူးရင် လွတ်သွားတာပဲ.။

Z@! said...

အမဂျက်ရေ..
စိုင်းစိုင်းခု လိမ္မာသွားပါပြီ.. မသောက်တော့ပါဘူးခင်ဗျ

ညီလေးနွေလရေ..
မသိဘဲမှားတာမဟုတ်ဘူးညီလေးရ သိသိကြီးနဲ့မှားတာလေ ပြီးတော့မှ မမှတ်မိတာဆိုတော့ အပြစ်ရှိတာပေါ့ဗျာ. မသောက်တော့တာ အကောင်းဆုံးပါပဲ..

ကိုသီဟရေ
လွမ်းစရာ ဆွေးစရာဆိုတာကတော့ အမြဲတမ်းမကင်းပါဘပကိုယ်ကိုယ်တိုင်က မလွတ်မြောက်ချင်သရွေ့တော့ မကင်းနိုင်တာ အမှန်ပါပဲ။ တနေ့နေ့မှာတော့ ငြိမ်းသွားမှာပါ

ကိုမိုးသက်ရေ..
လက်တည့်စမ်းခဲ့တာတော့မဟုတ်ဘူးဗျ.. အရင်တုန်းကလည်း သောက်တာပါပဲ.. အဲ့ဒီထက်လဲ မူးဖူးတယ်.. ဒါပေမယ့် အဲ့ဒီလို မေ့ပျောက်တာမျိုးတော့ မရှိခဲ့ဘူး. အခုတော့ အသက်အရွယ်လဲ ရလာလို့ဖြစ်မှာပေါ့လေ.. ဟီး