Ads 468x60px

29 February 2012

ငါးထောင်တန်ဖုန်း အပေါ် ဘလော့ဂါတို့ အမြင် (တက်ဂ်ပို့စ်)

 

မနက် မနက် ရုံးတက်ပြီဟေ့ဆိုရင် ဘလော့ဂ်မှာ ဘာတွေထူးလဲဆိုတာ တက်ကြည့်ရတာက နေ့စဉ်လုပ်ဖြစ်တဲ့ အလုပ်တစ်ခုပေါ့။ ကံဆိုးလှစွာပါပဲ ကျွန်တော်တို့ရုံးက file upload လုပ်တာကို ပိတ်ထားတဲ့အခါကျတော့ ကျွန်တော့်မှာ စာရေးချင်ရင်တောင် ချက်ချင်းမရေးနိုင်ဘူးဖြစ်နေပါတယ်။ အဲ့ဒီတော့ကာ မနက်က ကိုသက်တန့်ရဲ့ ဘလော့ဂ်မှာ ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် ဆိုတဲ့ တဂ့်ပို့စ်လေးကို ဖတ်ရုံပဲ ဖတ်နိုင်ပါတယ်။ အဲ့ဒီတဂ့်ပို့စ်မှာကို ပြန်ဖြေဖို့ကျတော့ ချက်ခြင်းမဖြစ်နိုင်ဘူးဖြစ်နေတယ်။ အဲ့ဒီတော့ ကွန်မန့်လေးပဲ ရေးပေးခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အဲ့ဒီတဂ့်ပို့စ်ကို တဂ့်သူ မရှိလဲ စိုင်းစိုင်းက ကိုယ့်ဘာသာပဲ တဂ့်ပြီး ဖြေပါ့မယ်။

မေးခွန်းနံပါတ် ၁ က ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား  တဲ့။
နှစ်သိန်းဝန်းကျင်ဆိုမှတော့ ဘယ်လိုလုပ် တန်ဖိုးနည်းဖုန်းဖြစ်ပါတော့မလဲ။ နိုင်ငံခြားမှာ အလကား ရတာတွေကို အသာထားလိုက်ဦး။ ဒီကလူတွေရဲ့ ဝင်ငွေကိုပဲ စကြည့်ရအောင်။ ဝန်ထမ်းတွေရဲ့ လစာကိုတောင် တစ်သိန်း မတိုးပေးနိုင်သေးဘူး။ ပျမ်းမျှ ဝန်ထမ်းတစ်ယောက်ရဲ့လစာကို တွက်ကြည့်ရင် ခြောက်သောင်းတော့ ရှိမယ်ထင်တယ်။ ကိုယ့်ဝင်ငွေထက် သုံးဆလောက်များနေတဲ့ ဖုန်းဆိုတာကို တန်ဖိုးနည်းလို့ ဘယ်လိုလုပ် သတ်မှတ်နိုင်မှာလဲ။ အဲ့ဒါကို ဝယ်ဖို့ဆိုရင် ဘယ်နှလလောက် အငတ်ခံပြီး နေနေရမလဲ။ ဒါတောင် ဝန်ထမ်း အနေနဲ့ပဲတွက်ထားတာ။ တကယ်လို့ လူအားလုံးအနေနဲ့ တွက်ကြည့်လိုက်ရင် ဒီ့ထက် အဆ များသွားမှာပါ။ တောင်သူလယ်သမားတွေ၊ လက်လုပ်လက်စားတွေ၊ လမ်းဘေးက ဈေးသည်တွေ ဒီလိုလူတွေအတွက်ဆို ဒါက မဟာဈေးကြီးပါ။

26 February 2012

Breaking up is EASY ????



အဆက်ဖြတ်ရတာက လွယ်မလိုနဲ့ ခက်တယ်ကွာ ဟု အစမရှိ အဆုံးမရှိ ပြောလာသော ကျွန်တော့် သူငယ်ချင်းကို ကျွန်တော် မျက်လုံးပြူးသွားမိသည်။ ဘယ်လိုဖြစ်တာလဲ ဆိုင်းမဆင့် ဗုံမဆင့် . ။ ကျွန်တော် အူကြောင်ကြောင်နှင့် သူ့ကို ကြည့်နေတာ သိတော့ သကောင့်သားက မချိပြုံး ပြုံးလေသည်။ 

သူ့မှာ ရည်းစားရှိတာ သိသော်လည်း ကျွန်တော်တို့နှင့် တစ်ခါမှ မိတ်ဆက်မပေးဖူးပါ။ သူတို့ ဖြစ်နေတာ ကြာပြီဆိုသော်လည်း သူ့ရည်းစားကို တွေ့လည်း မတွေ့ဖူး။  နှစ်တွေတောင် ကြာလာပြီပဲ  ချစ်သူတွေကိုတော့ မကွဲစေချင်ပါ။  ထို့ကြောင့် ပြောမိသည်။

မင်းက ဘာလို့ ဖြတ်မှာလဲ. ညှိလို့ရအောင် ညှိကြပါဦးကွာ။ မညှိကြတော့ဘူးလား။
ထိုသို့ဆိုတော့ သူငယ်ချင်းက ဟေ့အေး။ ညှိစရာမလိုတော့ဘူးကွာ. ငါ စိတ်ပိုင်းဖြတ်ပြီးပြီ။ ငါတို့က ဘယ်လိုမှ ရှေ့ဆက်သွားလို့ မဖြစ်တော့ဘူး။ သူနဲ့ငါက ကြာလေ မဖြစ်နိုင်ဘူးဆိုတာ သိလာလေပဲ သူငယ်ချင်း။ 

23 February 2012

နှလုံးသားတွေ လှူကြတဲ့ညလေးတစ်ည

လက်မှတ်နှစ်စောင် မေတ္တာလက်ဆောင်ရထားတယ်တဲ့ သူငယ်ချင်းက။ စိုင်းစိုင်းကို လက်ဆောင်အဖြစ်  လာပေးပါတယ်။ တစ်သောင်းခွဲတန် နှစ်စောင်ဆိုတော့ သုံးသောင်း.. အောင်မငီး ကိုယ့်ဘာသာဆို မကြည့်နိုင်ဘူး ဟီးဟီး ။ နေရာက အမျိုးသားကဇာတ်ရုံ.. ပွဲချိန်က ည ၇ နာရီတဲ့.. သောကြာနေ့ညပဲ သွားရမယ် ဟဲဟဲ..

ထုံးစံအတိုင်း နောက်ကျမှ သွားပါတယ် ရှိုးပွဲတွေ စ တာက ကြေငြာတဲ့အချိန်ထက် နောက်ကျတတ်တယ် မဟုတ်လား ၇ နာရီခွဲမှာ အမျိုးသားကဇာတ်ရုံကို ရောက်ပါတယ်။ ဒါက အမျိုးသားကဇာတ်ရုံကို တက်တက်ချင်း မြင်ရတဲ့ပုံ။

 စပွန်ဆာကတော့ Forever Blossom နဲ့ MRTV 4 ကပေါ့။ ကိုဆောင်းဦးလှိုင်က သူတို့တွေကို ကျေးဇူးအထူး တင်ပါတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။

 ဒါက အမျိုးသားကဇာတ်ရုံမှာ ချိတ်ထားတဲ့ ပန်းချီကား။ လက်အားနေလို့ လျှောက်ရိုက်ထားတာ ပွဲလဲ မစသေးဘူးဆိုတော့ အားနေတာလေ။

၇ နာရီခွဲမှာ ပွဲ စပါတယ်။ စစချင်းမှာ မင်းရဲ့သူရဲကောင်းခွေထဲက ကျွန်တော်မသိတဲ့ သီချင်းတစ်ပုဒ်နဲ့ စဖွင့်ပါတယ်။ ဘာပဲပြောပြော အားပေးပါတယ်။ မသိဘူးဆိုပေမယ့်လဲ အားပေးပါတယ်။

အပိုင်းနှစ်ပိုင်းခွဲပြီး တင်ဆက်သွားတယ်။ ပထမပိုင်းမှာ တစ်ယောက်တည်းဆိုတာ များတယ်။ ပထမပိုင်း ပြီးခါနီးတော့ ဧည့်သည်အဆိုအနေနဲ့ ခရီးသွားငါးယောက်နဲ့တွဲဆိုတယ်။ ခရီးသွား ငါးယောက်ဆိုတာ တစ်ခေတ်တစ်ခါတုန်းကတော့ တော်တော့်ကို အောင်မြင်ခဲ့တာပါ။ လက်ခုပ်သံတွေ တော်တော် မြိုင်သွားတယ်။

ပထမပိုင်းအပြီး ဒုတိယပိုင်းမှာလည်း ပရိသတ်တွေ အကြိုက်တွေ့ပြီးသား သီချင်းတွေနဲ့ ထပ်ပြီး ပွဲဆက်ခဲ့ပါတယ်။ ပထမဆုံး စင်ပေါ်ရောက်လာသူကြီးကတော့ ကလေးအဖေ အသစ်စက်စက်ကြီး ကိုစည်သူလွင်ပါ။

နောက်တော့ ဆေးကျောင်းသူလေး နီနီခင်ဇော်၊ အနဂ္ဂလဲ ပါသေးတယ်


အထူးဧည့်သည်အနေနဲ့ ကိုဆောင်းဦးရဲ့သမီးလေးကလဲ အဖေနဲ့ တူတူ သီချင်းတစ်ပုဒ်ဆိုပါသေးတယ်။ အဲ့ဒီရှိုးမှာ အမေသီချင်းနှစ်ပုဒ်ဆိုသွားတာ။ ပထမတစ်ပုဒ်က တစ်ကိုယ်တော် ဒုတိယ တစ်ပုဒ်ကတော့ သမီးနဲ့...

ကျောင်းသီချင်းကိုဆိုတော့ ပရိသတ်တွေအားလုံး လိုက်မတ်တပ်ရပ်ပြီး လက်ခုပ်တီး လိုက်ဆိုကြတယ်။ ဂုဏ်ယူပါတယ် ကိုဆောင်းဦးရေ...။


 နာရေးကူညီမှု အသင်းက ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့လဲ လာအားပေးကြတာတွေ့ရတယ်။ အနုပညာ နယ်ပယ်က တခြားလူတွေ တော်တော်များများ လာကြပါတယ်။ ဒါက ဦးကျော်သူက ကိုဆောင်းဦးကို ဂုဏ်ပြုစကား သွားပြောနေတာနဲ့ တူပါရဲ့.


အဆင်မပြေမှု တချို့ ရှိခဲ့တယ်လို့ သိရပေမယ့် ပွဲကို အဆင်ပြေအောင် ထိန်းသွားနိုင်တဲ့ ကိုဆောင်းဦး၊ အနုပညာအလုပ်တွေထက် လူမှုရေးအလုပ်တွေကိုပဲ ဇောက်ချလုပ်နေတယ်ဆိုတဲ့ ကိုဆောင်းဦး၊ ဘောလုံးကန်တာ ဝါသနာပါတဲ့ ကိုဆောင်းဦး၊ ကိုယ်ပိုင်သံစဉ်တွေကို ချစ်တဲ့ ကိုဆောင်းဦး၊ လူမှုရေးသမားစစ်စစ်ပါဆိုတဲ့ ကိုဆောင်းဦး၊ အဲ့ဒီညက တကယ့် နှလုံးသားတွေကို ပေးလှူခဲ့ကြတာပါ။

အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ်..

အငြိမ် မနေနိုင်တဲ့ စိုင်းစိုင်း

21 February 2012

သုခရိပ်မြုံသို့..



ပြီးခဲ့တဲ့ တနင်္ဂနွေက စိုင်းစိုင်းသူငယ်ချင်းရဲ့ မွေးနေ့။ မွေးနေ့မှန်းလဲ မသိတော့ ဒီလိုပဲ အိမ်မှာ အေးဆေး နေနေတာ။ သူငယ်ချင်းတွေက ကန်တော်ကြီးထဲမှာ စုံနေပြီ။ ကိုယ်တစ်ယောက်ပဲ ကျန်နေတာ။ သူကဖုန်းဆက် ခေါ်တော့မှ အိမ်ကနေ ချက်ချင်း ကားငှားပြီး လိုက်ရပါတယ်။ ( သူငယ်ချင်းကို ချစ်တာ မွေးနေ့တောင် မမှတ်မိဘူး .. ဟီး သူတစ်ယောက်တည်းမှ မဟုတ်ပါဘူး  ဘယ်သူငယ်ချင်းမွေးနေ့ကိုမှ စိုင်းစိုင်းမမှတ်မိဘူး )

ကန်တော်ကြီးထဲမှာ နေ့လည်စာစား ကိတ်မုန့်ခွဲ။ စိုင်းစိုင်းတို့ ထိုင်တဲ့ စားပွဲဝိုင်းက ကန်ဘောင်ဘေးမှာ။ လေလေးက အေးနဲ့ဆိုတော့ စကားပြောလို့ကောင်း ထိုင်လို့ကောင်း ရှုခင်းလဲကောင်းတာပေါ့။တနင်္ဂနွေဆိုတော့ ကန်တော်ကြီးထဲမှာ လူစည်ပါတယ် အထူးသဖြင့် အတွဲတွေပေါ့။ အတွဲတစ်တွဲ အကြင်နာတွေ သိပ်ပိုကဲပြနေလို့ စိုင်းစိုင်းတို့ သူငယ်ချင်းတစ်သိုက် ဝိုင်းအားပေးကြတာ အဲ့ဒီအတွဲခမျာ ကြာကြာမကဲနိုင်ဘဲ ထပြေးရပါတယ်။ ဘယ့်နှယ် လူမြင်ကွင်းကြီးမှာဗျာ ယိုသူမရှက် မြင်သူရှက်ရပါတယ်။ 

ထားပါတော့လေ။ ပြောချင်တဲ့အကြောင်းကနေ လမ်းလွဲသွားတော့မယ်။ စိုင်းစိုင်းတို့ စားသောက်ပြီး ခဏနေတော့ နောက်သူငယ်ချင်းတစ်ယောက်က စိုင်းစိုင်း ဒီနေ့ အချိန်ရတယ်မဟုတ်လား တဲ့။ တနင်္ဂနွေနေ့ ပဲလေ. သိပ်အားတာပေါ့ ဆိုတော့။ ငါတို့ သုခရိပ်မြုံကို သွားမလို့ လိုက်ခဲ့ ဆိုတော့ အိုကေ လို့ သဘောတူ လိုက်တယ်။ 

14 February 2012

ကျွန်တော်နှင့် မသက်ဆိုင်သော နေ့

ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက် ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်။ မတွေ့ဖြစ်တာ ကြာပြီဆိုတော့ စကားတွေက တော်တော်နဲ့ မပြတ်နိုင်ဘူး။ ပြောစရာ အကြောင်းတွေကလဲ စုံတာကိုး။ ကျောင်းတုန်းက သူငယ်ချင်းတွေအကြောင်း၊ အလုပ်အကြောင်း၊ အိမ်က လူတွေ အကြောင်း။ နောက်ဆုံးတော့ ထုံးစံအတိုင်း သမီးရည်းစား အကြောင်းရောက်တော့တာပါပဲ။
ဟဲ့ နင် ရည်းစားမရသေးဘူးလား ဆိုတော့ ကျွန်တော် ရယ်ကျဲကျဲ လုပ်နေရတော့တာပေါ့။ အဲ့ဒီတော့ သူက ထပ်ကွန့်ပြန်ရော။ ချစ်သူများနေ့ ရောက်တော့မှာနော်။ သူများတကာတွေ လက်ဆောင်တွေ ကိုယ်စီ ဖလှယ်နေကြတဲ့အချိန်မှာ နင်က လက်ဆောင်လဲမရ တွဲသွားရမယ့် သူကလဲ မရှိဆိုတော့ မဟုတ်သေးပါဘူးတဲ့။ ကျွန်တော်က နင်ကရော ဘာထူးလို့လဲ ဆိုတော့ သူကလဲ ရယ်ကျဲကျဲ လုပ်နေပြန်ရော။ သေချာပါတယ် သူလဲ ရည်းစားမရှိသေးဘူးဖြစ်မယ်။

သူဖုန်းချသွားတော့ ကျွန်တော့်စိတ်ထဲမှာ ကျန်နေခဲ့တာက ချစ်သူများနေ့ ဆိုတာလေးပဲ။

13 February 2012

Barcamp Yangon 2012

ဒီနေ့မနက် အိပ်ရာက စောစောထပြီး မနေ့က ကျန်တဲ့ ထမင်းကြမ်းကို ကြက်ဥနဲ့ရောကြော်ပြီး နို့တစ်ခွက်နဲ့ မနက်စာစား။ ပြီးတော့ လိုင်းကားစီးပြီးလှိုင်တက္ကသိုလ်နယ်မြေထဲကို ၈ နာရီအရောက်လာခဲ့တယ်။ MICT ထဲမှာ BarCamp Yangon 2012 ပွဲ ရှိတယ်လေ။ သူငယ်ချင်းတစ်ယောက်ကို စောင့်နေရတာနဲ့ အဖွင့်ပွဲကို
မမီလိုက်ဘူး။ အဲဒီအတွက် အမေစုရဲ့ Speech ကို လွတ်သွားတယ်လေ။ ကံမကောင်းချက်။

မန္တလေး BarCamp ပုံတွေကို အင်တာနက်မှာတွေ့ရတာကတော့ အားရစရာပဲ။ ဒီရန်ကုန်ပွဲမှာ Wifi Free လွှင့်ပေးထားမှာဆိုတော့ ဒီမှာတွေ့ရတာတွေကိုချက်ချင်းအင်တာနက်ပေါ်တင်လို့ရအောင် လက်ပ်တော့ပ် လေးလဲယူခဲ့တယ်။ ရိုက်ချင်တာ ရိုက်ရအောင် သူငယ်ချင်းဆီက ကင်မရာ ငှားလာတယ်။ ဖုန်းမှာပါတဲ့ ကင်မရာသုံးစားလို့ မရဘူးဆိုတာ ပြီးခဲ့တဲ့ ရှမ်းပွဲမှာကတည်းက ပေါက်သွားပြီ။ (ဖုန်းက စိုင်းစိုင်း ကိုယ်ပိုင်မဟုတ် အဟီး.. ငါးထောင်ဒါမှမဟုတ် အဲ့ထက်နည်းတဲ့ ဈေးနဲ့ ရမှပဲ စိုင်းစိုင်းကိုယ်ပိုင်ဖုန်း ဝယ်ကိုင်မှာ )

10 February 2012

ဖုန်းအိပ်မက်

ဒီနေ့ အိမ်မှာ သူငယ်ချင်းတွေ စုံတယ်။ အတူတူ ငှားနေတဲ့သူငယ်ချင်းတွေပြောတာ။ ခါတိုင်းရက်တွေက ကျွန်တော်တို့ သုံးယောက် မဆုံဖြစ်ကြဘူး။ များသောအားဖြင့် ကျွန်တော်တစ်ယောက်တည်း အိမ်မှာရှိနေတာများတယ်။ တစ်ယောက်က သူ့အလုပ်နဲ့နီးတဲ့ သူ့သူငယ်ချင်းဆီမှာ၊ နောက်တစ်ယောက်က သူ့ညီဝမ်းကွဲဆီမှာရှိနေတာများတယ်။ အဲ့ဒီတော့က အိမ်ငှားနေတာ သူငယ်ချင်းသုံးယောက်ဆိုပေမယ့် ကျွန်တော်တစ်ယောက်တည်းရှိတဲ့ နေ့တွေက ခပ်များများရယ်။ ထားပါတော့ ကျွန်တော်ပြောချင်တဲ့အကြောင်းက တခြား။

သူငယ်ချင်းသုံးယောက် ဆုံနေလို့ စကားတွေ ပြောဖြစ်မယ်လို့ထင်ရင်တော့ မှားပြီ။ တစ်ယောက်က အိမ်ရှေ့ ဝရန်တာမှာ သူ့ကောင်မလေးနဲ့ ဖုန်းပြောနေတယ်။ နောက်တစ်ယောက်က အိမ်နောက်ဖေးမှာ အလုပ်က ဖုန်းလာလို့ ပြောနေတယ်။ ကျွန်တော်ကကျတော့ အိမ်အလယ်ခန်းမှာ ဒီစာကို ရေးနေတယ်။ လူလေး သုံးယောက်ရှိတာ နှစ်ယောက်က ဖုန်းပြောနေကြတယ်လေ။ အင်း .. ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာက ဒီမှာ စပါတယ်။

8 February 2012

ရှမ်းပြည်နယ်နေ့ ပွဲ (ရန်ကုန်)

Blog လေးကို လုပ်ထားတာတော့ ကြာနေပြီ။ ရေးမယ် ရေးမယ်နဲ့ ဘာရေးရမှန်းမသိသေးတာရယ် blog ကို ဘယ်လိုပြင်ဆင်ရမှန်း မသိသေးတာရယ်ကြောင့် မရေးဖြစ်ဘူး။ ကဲ ဒီနေ့ညတော့ ရေးမယ်ကွာဆိုပြီး ဆုံးဖြတ်လိုက်တယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ တနည်းအားဖြင့် ရှမ်းပြည်နယ်နေ့ပေါ့ဗျာ။ ပြီးတော့ ထူးထူးခြားခြား တပို့တွဲ လပြည့်နေ့လဲ ဖြစ်နေတယ်။ ရေးစရာကတော့ ရပြီပေါ့။ ကင်မရာတော့မပါဘူး။ ဒါပေမယ့် ကိစ္စမရှိပါဘူးလေ။ ဖုန်းနဲ့ ဓါတ်ပုံရိုက်လို့ ရနေတာပဲ။ လက်ပ်တော့ပ် လေးလဲယူခဲ့ဦးမှ. အဲ့ဒါမှ ဓါတ်ပုံတွေကို အင်တာနက်ပေါ် တခါတည်း တင်လို့ရမှာလေ။ ပွဲကျင်းပမယ့် နေရာကတော့ ထုံးစံအတိုင်း မရမ်းကုန်းမြို့နယ်၊ ကိုးမိုင်မှာရှိတဲ့ နှီးဘုရားကျောင်းကြီးမှာပေါ့။

ညနေရုံးဆင်းတော့ ယူမယ့်ပစ္စည်းတွေ ကျောပိုးအိတ်ထဲ စုထည့်၊ ထမင်းချိုင့်လေးဆွဲပြီး သူငယ်ချင်းနှစ်ယောက်နဲ့အတူ ဆူးလေကားဂိတ်ဘက်ကို ထွက်လာခဲ့တယ်။ မြို့တော်ခန်းမနား  ရာက်တော့ ဗိုက်အဆာပြေ မုန့်ဟင်းခါးလေး တစ်ပွဲစီ ဝင်တီးလိုက်ခဲ့ကြသေးတယ်။ ကောင်းမှ ကောင်းပဲဗျ။ ပြီးတော့ မဟာဗန္ဓုလ ပန်းခြံနားကို ဆက်လျှောက်ပြီး ၂၃၁ လိုင်းကားစီးလို့ ကိုးမိုင်နှီးဘုရားကျောင်းကို ချီတက်ခဲ့ကြတယ်ခင်ဗျ။